Questions on 24-10-2019

ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး

ဒေါ်အောင်ဆန်းစုကြည်ရေးသားပြီး ဒေါက်တာအောင်ခင် (လန်ဒန်) တည်းဖြတ်တဲ့ စာအုပ်ငယ်လေးကို ဒီမိုကရေစီရရှိရေး ပြည်ပလှုပ်ရှားမှုကနေ ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။ စာအုပ်ပါသတ်ပုံတွေကို တင်ပြပါတယ်။

အဓိကရည်ရွယ်ချက်တခုက
နိုင်ငံတနိုင်ငံကို
အမှန်တကယ်

ဒေါက်တာတင့်ဆွေ
၂၃-၁၀-၂၀၁၉

စသဖြင့်လို့ ရေးရတယ်

ကွန်မင့်တခုရတယ်။ အရေအတွက်တိုင်းမှာ တစ်၊ နှစ်၊ သုံး၊ လေး စသည်ဖင့် ရေတွက်ရသည် မဟုတ်ပါလား တဲ့။

တစ်ကို အရေအတွက်လို့မှတ်တာ မတိကျပါ။ ဂဏန်းဆိုရင် တစ်လို့က ပိုပြီးမှန်တယ်။ တ နဲ့ တစ် အခါတရာကျော်မှာ နမူနာပုံတရာကျော် တင်ပြထားပြီး။ စသဖြင့်၊ စသည်သဖြင့်လို့ ရေးရတယ်။

ဖြင့်
မျက်စိဖြင့်
လက်ဖြင့်
ခြေထောက်ဖြင့်
ဟူသဖြင့်
ပြုမူသဖြင့်
ပြောသဖြင့်
အားဖြင့်
အထူးသဖြင့်
တွေ့လျှင်ဖြင့်
ငါ့မှာဖြင့်
သူ့မှာဖြင့်
တရားသဖြင့်
သူ့ကိုဖြင့်
ဖြင့်ပြော
ဖြင့်ဖြူး

ဖင့်
ဖင့် = လေးလံ ဖင့်နွှဲသည်
ဖင့်မကြာ
ဖင့်စားသည်
ဖင့်မနေပါနှင့်
ဖင့်သောသူ
ခရီးဖင့်သည်
နှေးဖင့်သည်
အလုပ်ဖင့်သည်
အပြောအဆိုဖင့်သည်
အသွားအလာဖင့်သည်

ဖြစ်ကိုလည်း ရရစ်မပါပဲရေးနေကြတာ မှားတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၁၀-၂၀၁၈
၂၄-၁၀-၂၀၁၉

ကြယ်

မိုးပေါ်မှာ ကြယ်တလုံး တိမ်ဖုံးပါလို့ လမသာ
သာတော့ခါ သာပါလိမ့်
နတ်ဒေဝါ သူဖန်ဆင်းတယ် ဖိုးရွှေလမင်း။

ကြယ် နှင့် လ

မိုးပေါ်မှာ ကြယ်တွေဝင်းလို့
လမင်းက ထိန်လို့သာ
လမင်းနဲ့ ကြယ်တာရာငယ်
ဘယ်ဟဟာက ကြီးပါလိမ့်
ဘယ်ဟာက နီးပါလိမ့်လေး။

ဒေါက်တာတင့်ဆွေ
၂၄-၁၀-၂၀၁၈
၂၄-၁၀-၂၀၁၉
Phyu Phyu Win ကျေးဇူး။

Mirror Letters မှန်စာ

ကွန်မင့်တခုရတယ်။ ကျေးဇူး။

ရွှေလရယ်သာ၊ ဖျင်းကိုခါလို့ ဖျာကိုခင်း၊ ယာကိုရှစ်လို့ ရစ်ကိုရှာ၊ သဝင်ရုံးလို့ သရုံးဝင်၊ ရောင်ရွှေရစ်ကယ် ရစ်ရွှေရောင်၊ မာမလောင်တော့ မောင်မလာ၊ ပျို့ရွှေနှဖာစူးတော့ မောင့်ရွှေနှဖူးစာ။ အမှားတွေကတော့ပါမှာပါ။ အဲတာ ၁တန်း ၂တန်း ဘယ်အတန်းကကဗျာလည်းမသိဘူး။ ငယ်တုန်းက ဆိုကောင်းလို့မှတ်မိနေတာပါ။

အတာမျိုးကို မှန်စာ သို့မဟုတ် ကြေးမုံစာခေါ်တယ်။ တချို့က နားမလည်ကြပါ။ ဒေလီမှာ ဆရာ့ဆေးခန်းမှာလာကူကြတဲ့ တိုင်းသားလူမျိုးစုထဲက ဆရာမလေးတွေကို မွေးလူနာစောင့်နေရင်း ဘီးကြိုက်ဆိုတာ ဘာလဲမေးတာ ဘီးကြိုက် ကြိုက်ဘီးလို့ ဖြေတယ်။

အင်းဗျူးလင့်စ် ခေါ် လူနာတင်ယာဉ်တွေရဲ့ ကားရှေ့မှန်ပေါ်မှာ စာလုံးပေါင်းကို မှန်စာနဲ့ရေးထားလေ့ရှိတယ်။ ရှေ့ကသွားနေတဲ့ကးရဲ့ နောက်ကြည့်မှန်ကနေ အတည့်မြင်ရတယ်။

မော်ဒန်ကာတွန်းထဲမှာ ကာတွန်းအောင်ရှိန်ရေးတာတခု ခုထိအမှတ်ရတယ်။

ရော်ပေ လောက်ရှမ်း အထန်း အဆူးတဲ့။ လူရိုင်းတယောက် ရေပေါ်မှာ လမ်းသလားနေတယ်။ အမှန်က ရေထဲငုပ်နေကြတဲ့ တခြားလူရိုင်းတွေရဲ့ ခေါင်းပေါ်ကနေလျှောက်နေတာ။

ဒေါက်တာတင့်ဆွေ
၂၄-၁၀-၂၀၁၈
၂၄-၁၀-၂၀၁၉

တလောကလုံးသည်

ဗန်းမော်တင်အောင်ရေးသားခဲ့တဲ့ ပြည်တွင်းစစ်

တလောကလုံးသည် အိပ်မောကျနေပြီဖြစ်သော်လဲ ကျွန်တော်သည် အိပ်၍မရပါ။ အိပ်၍မမဖြစ်ရခြင်းလောက် ဆိုးဝါးခံခက်သော ဒုက္ခထက်ကြီးလေးသောဒုက္ခအား အိပ်၍မရဖြစ်ဘူးသောသူတိုင်းတော့ စာနာစွာ စဉ်းစားနိုင်မိကြပါလိမ့်မည်။ နာရီပြန် ၂ ချက်တီးသံကို မကြာကလေးမှီက ကျွန်တော်သည် ထိတ်လန့်တုန်လှုပ်စွာ ကြားသိခဲ့ရပါ၏။ ယခုအချိန်တွင် တလောကလုံးသည် နှစ်နှစ်ချိုက်ချိုက် အိပ်မောကျနေပြီဖြစ်သော်လဲ ကျွန်တော်သည် အိပ်၍မရပါ။

ကျွန်တော့်မှတ်ချက် -
(တစ်) လောကလုံးသည် နှစ်နှစ်ချိုက်ချိုက် အိပ်မောကျနေပြီဖြစ်သော်လဲ ကျွန်တော်သည် အိပ်၍မရပါ။

ဒေါက်တာတင့်ဆွေ
၂၄-၁၀-၂၀၁၇
၂၄-၁၀-၂၀၁၉
Photo from Aungmyint Oo ကျေးဇူး

Dye ဆိုးဆေးလား ဆိုးစေတဲ့ဆေးလား

ဆရာ မင်္ဂလာပါ။ သိချင်တဲ့ခေါင်းစဉ် အကြောင်းရာကတော့ ခုခေတ် လူငယ်တွေ ဆံပင်ဆေးဆိုးကြတဲ့ အကြောင်းပါဆရာ။ ကျွန်မအသက် ၂၉ ပါ အထက်တန်းအောင်ပြီး ၁၆နှစ်ကတည်းက ဆံပင်ဆေးဆိုးလာတာ ခုထိဆိုးတုန်းပါပဲ။ ဖြူလို့ဆိုးခြင်း မဟုတ်ပါ၊ လှချင်၍ အရောင်ဆိုးခြင်းဖြစ်ပါသည်။ အဓိကမေးလိုသည်မှာ အရောင်ဆိုးတာ ဘယ်ကိုယ်တွင်းအဂါင်္ကို ထိခိုက်ပါသလဲရှင်။ ကျွန်မ ဘယ်အရာကို medical check လုပ်သင့်ပါသလဲရှင်။ ယနေ့ခေတ်သည် ကင်ဆာလူနာ အများပြားတွေ့ရ၍ ယခုမဖြစ်ခင် အချိန်တွင် တစုံတခုကြောင့် ပေါ့ဆပြီး အချိန်လွန်မှ ရောဂါဖြစ်ပွားမှာကို ကြောက်ရွံ့သောကြောင့် ဖြေပေးစေလိုပါသည်ရှင်။ လူငယ် အများစုကိုယ်စား နောက်ပြီး ကျွန်မအနေနဲ့လဲ တကယ်ကို စိုးရိမ်မိ၍ မေးခြင်းဖြစ်ပါသည် ဆရာရှင့်။ ဆရာ ကျန်းမာချမ်းသာခြင်းတွေနဲ့ ပြည့်စုံပါစေ။

Beauty Product Dangers အလှအပသုံးပစ္စည်းတွေရဲ့ အမှန်တရား https://doctortintswe.blogspot.com/2017/02/beauty-product-dangers.html
Beauty Product Risks အလှအပသုံးရောင်းကုန်များ https://doctortintswe.blogspot.com/2016/10/beauty-product-risks.html
Dye ဆိုးဆေးလား ဆိုးစေတဲ့ဆေးလား https://doctortintswe.blogspot.com/2018/01/hair-dye.html
Hair & Health ဆံပင်က သင့်ကျန်းမာရေးကို ပြောနေတယ် http://doctortintswe.blogspot.com/2014/11/hair-health.html
Hair Care During Pregnancy ဆံပင်နှင့် ကိုယ်ဝန် https://doctortintswe.blogspot.com/…/hair-care-during-pregn…
Hair dye reactions ဆံပင်ဆိုးဆေး သတိပေး https://doctortintswe.blogspot.com/…/hair-dye-reactions.html
Hair Dye ဆံပင်ဆိုးဆေး သတိပေး https://doctortintswe.blogspot.com/2016/11/hair-dye.html
Hair salon ဆံပင်အလှပြင်သူတွေအတွက် http://doctortintswe.blogspot.com/2015/06/hair-salon.html

ဒေါက်တာတင့်ဆွေ
၂၄-၁၀-၂၀၁၈
၂၄-၁၀-၂၀၁၉

သမီးအကြီးက

သမီးအကြီးက အသက် ၆၅ပါ ဗိုက်ရဲ့အောက် ပေါင်ရင်းထိပ်ဘက်ခြမ်းက နာနာနေတာ ကြာပါပြီ

သမီးအကြီးက အသက် ၆၅ပါဆိုတာ မရှင်းပါ။

ဟုတ်ကဲ့ဆရာ သမီးရဲ့ ကြီးဒေါ်ပါ သူ့ ရဲ့အသက်က ၆၅နှစ်လို့ ပြောတာပါ ဆရာ

ဒါကနမူနာတခုသာ။ ကိုယ့်မိသားစုတခုတည်းသာခေါ်ဝေါ်တာမျိုးကို ကျွန်တော်က မသိနိုင်ပါ။ အမေ-အဖေ-အမ-အကို-ဦးလေး-ဒေါ်လေးတော့ သိပါတယ်။

အဲလိုပဲ ကိုယ့်နာမည်ကို အဖျားဆွတ်ပြောလေ့ရှိသူတွေက အဲလိုရေးမေးကြတာကိုလည်း နားမလည်ပါ။ စဉ်းစားနေရတာ အချိန်ပိုကုန်စေတယ်။ အားနာလို့ နမူနာမပေးတော့ပါ။

ကိုယ့်ကိုယ်ကို သားလို့ရေးရင် ရေးတဲ့သူလား၊ သူ့သားလား စဉ်းစားရတယ်။ သမီးလို့ ရေးတဲ့သူဆိုရင် ရေးတဲ့သူလား၊ သူ့သမီးလား၊ သမီးရဲ့သမီးဆိုရင် သူ့မြေးမလား။ သားရဲ့ ကောင်မလေးဆိုရင် သူ့ချွေးမလား။ သမီးကောင်လေးဆိုရင် သူ့သားမက်။ နမူနာစာတွေ အများကြီးရှိတယ်။

ဆရာဝန်ကိုလည်း အမျိုးစပ်မခေါ်အပ်ပါ။ တည်တည်တန့်တန့် အပိုအလိုမပါ ရေးသင့်ကြပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၁၀-၂၀၁၇
၂၄-၁၀-၂၀၁၉

Ulcer အနာ

အသက်က ၂၂ ပါဆရာ ကျားပါ ခေါင်းမှာ အနာလေးတွေ ပေါက်နေလို့ပါ အစကနည်းနည်းကနေများလာလို့ပါ အောင့်ပါတယ် အနာက ရင်းနေပါတယ် တလနီးပါးလောက် ရှိပါပြီခင်ဗျ

1. Abscess ခူနာ ခေါ်သော ပြည်တည်နာ http://dts-medicaleducation.blogspot.com/…/04/blog-post.html
2. Boils မွေးကျွတ်နာ http://doctortintswe.blogspot.com/2014/12/boils.html
3. Cellulitis (သို့) Erysipelas အရေပြားရောင်နာ http://doctortintswe.blogspot.com/…/cellulitis-erysipelas.h…
4. Erysipelas အနာ https://doctortintswe.blogspot.com/2015/10/erysipelas.html
5. Infections ရောဂါပိုးဝင်ခြင်းများ http://doctortintswe.blogspot.com/2016/02/infections.html
6. Injury First Aid ထိခိုက်ဒဏ်ရာပြုစုနည်း http://doctortintswe.blogspot.com/…/04/injury-first-aid.html
7. Skin infections (Ulcer) အနာ https://doctortintswe.blogspot.com/2016/11/skin-infections-ulcer.html
8. Sterilization ပိုးသန့်ခြင်း http://doctortintswe.blogspot.com/2014/11/sterilization.html
9. Ulcer အနာ https://doctortintswe.blogspot.com/2018/11/ulcer.html

ဒေါက်တာတင့်ဆွေ
၂၄-၁၀-၂၀၁၉

ချောင်းစိုး မဟုတ် ချောင်းဆိုးလို့ ရေးရတယ်

ဆရာရှင့် အသက် ၃၃ နှစ် ကိုယ်ဝန် ၃၇ ပတ် မြောက် မှာ နှာစီး ချောင်းစိုး ဖြစ်နေလို့ OG နဲ့ ပြန်ပြဖို့က ငါးရက်လောက် လိုပါသေးတယ် ဒီကြားထဲ အချွဲထ ပြီး ချောင်းစိုးသလိပ်ပျောက်အောင် ဘာလိုနေထိုင်သင့်လည်း ဆိုတာ အကြံပေးစေချင်ပါတယ် ညဘက်တွေ ချောင်းပိုစိုးလွန်းလို့ကောင်းကောင်းအိပ်မရပါ ဘိုက်ထဲက ကလေးတွက် ထိခိုက်နိုင်လားလည်း သိချင်ပါတယ် ဆရာ ဖြေပေးပါအုံးရှင်

Pregnancy and Antihistamines ကိုယ်ဝန်နှင့် အအေးမိပျောက်ဆေး https://doctortintswe.blogspot.com/2014/11/pregnancy-and-antihistamines.html
Common Cold အအေးမိရင် https://doctortintswe.blogspot.com/2015/02/common-cold.html
Dos and Don’ts for Common Colds အအေးမိရင် ရောင်ရန်-ဆောင်ရန်များ https://doctortintswe.blogspot.com/2014/12/dos-and-donts-for-common-colds.html
Medicine during pregnancy ကိုယ်ဝန်ဆောင်နဲ့ဆေးများ http://doctortintswe.blogspot.com/2015/05/medicine-during-pregnancy.html

ချောင်းစိုး မဟုတ်၊ ချောင်းဆိုးလို့ ရေးရတယ်။ စိုးဆိုတာ
စိုးစံသည်
စိုးစဉ်းမျှမသိ
စိုးပိုင်သည်
စိုးမိုးသည်
စိုးရိမ်ကြောင့်ကြနေကြရသည်
စိုးစဉ်းမျှမသိ
စိုးရွံ့
စိုးရိမ်စိတ်
စိုးအုပ်
ကြီးစိုးသည်
အစိုးရ
အုပ်စိုးသူ
ညီမလေးရယ် စိုးရိမ်မိတယ်
ရောဂါဆိုးမှာ စိုးရိမ်သည်

ဒေါက်တာတင့်ဆွေ
၂၄-၁၀-၂၀၁၉

Facts to get pregnant ကိုယ်ဝန်ရအောင် ကြံဆောင်နည်း

(ကန်တော့)

မင်္ဂလာပါဆရာ သမီးအသက်က ၃၀ ပါ အမျိုးသားအသက်က ၃၃ နှစ်ပါ အိမ်ထောင်ကျတာ ၁၁ လရှိနေပါပြီဆရာ
သားသမီးရတာမျိုးရိုးနဲ့သက်ဆိုင်ပါသလားဆရာ မိဘကတနှစ်ကျော်မှကိုယ်ဝန်ရတာနဲ့ သားသမီးကရော တနှစ်ကျော်မှ ကိုယ်ဝန်ရတယ်ဆိုတာ ဖြစ်နိုင်ပါသလားဆရာ သမီးက ဆေးစစ်ချင်ပေမယ့် သမီးအမေက တနှစ်မကျော်သေးလို့ ပေးမစစ်ခိုင်းလို့ပါဆရာ ကျေးဇူးပြုပြီး ကူညီအကြံပေးပါဦးဆရာ

ရာသီလမှန် + မျိုးဥလစဉ်ထွက် + သားအိမ်နဲ့ မျိုးဥအိမ်တွေမှာ ရောဂါမရှိသူ ကိုယ်ဝန်ရနိုင်။

ဒါဆို တနှစ်မကျော်သေးလို့မရသေးတာဆိုတာ မဟုတ်ဘူးပေါ့နော် ကျေးဇူးအရမ်းတင်ပါတယ်ဆရာ

Facts to get pregnant ကိုယ်ဝန်ရအောင် ကြံဆောင်နည်း https://doctortintswe.blogspot.com/2015/10/facts-to-get-pregnant.html

ဒေါက်တာတင့်ဆွေ
၂၄-၁၀-၂၀၁၉

Lead poisoning ခဲဆိပ်သင့်ခြင်း

သမီးလေးရဲ့ ခဲဆိပ်အဖြေက စိုးရိမ်ရလား ဒေါက်တာ

ဆေးခန်းပြ မပြသာ မေးတာတိုင်းကို မဖြေပါ။ ဆေးပြားပုံသာ ပြမေးတာတိုင်းကို မဖြေပါ။ ဆေးစာသာ ဘာသာပြန်ခိုင်းတာကို မဖြေပါ။ စိုးရိမ်ရသလားသာ မေးတာတိုင်းကို မဖြေပါ။ အသက် ကျား မ အချက်အလက်နဲ့မေးရင် ကုသနည်း ကာကွယ်နည်းကို သိရင် ဖြေပါတယ်။

အသက် ၂နှစ်၉လ (မ) ဘေးအိမ်က ဘတ္ထရီ လုပ်ငန်း ပေါင်ချိန်မတက်တာ ကျန်းမာရေး ချုချာတာကြောင့် ခဲဆိပ်သံသယဝင်ပြီး စစ်လိုက်တာပါ ဒေါက်တာ

မေးခွန်းပါကလေးအဖြေ 4.771 ရှိ။ကလေး ၁၀ အောက် ပုံမှန်။ 45 mcg/dL နဲ့အထက်ဆို ဆေးကုသမှုခံယူရမယ်။

Lead poisoning ခဲဆိပ်သင့်ခြင်း https://doctortintswe.blogspot.com/2017/03/lead-poisoning.html

ဒေါက်တာတင့်ဆွေ
၂၄-၁၀-၂၀၁၉

Chronic Cough ချောင်းဆိုးနေတာ တလလောက်ရှိပါပြီ

ဆရာရှင့် ကျွန်မအသက် ၃၂ ကလေးနှစ်ယောက်မိခင်ပါ။ တုပ်ကွေးဖျားပြီး ချောင်းဆိုးချွဲကြပ်ကျန်နေပါတယ်။ ဆရာဝန်များလည်းပြသပါတယ်။ ယခုတလကျော်ကြာနေပါပြီရှင့်။ အစားတော့မပျက်ပါဘူးရှင့်။ ညဆိုလည်း အရမ်းမဆိုးပဲအိပ်ရပါတယ်ရှင့်။ အရှင်းမပျောက်ပါသဖြင့် မည်သို့လုပ်ဆောင်ရမလဲရှင့်။

Bronchitis ဘရောင်ခိုက်တစ် https://doctortintswe.blogspot.com/2018/09/bronchitis.html
Chronic Cough ချောင်းဆိုးနေတာ တလလောက်ရှိပါပြီ https://doctortintswe.blogspot.com/2019/05/chronic-cough.html
Cough Syrups ချောင်းဆိုးပျောက်ဆေးများ http://doctortintswe.blogspot.com/2014/11/cough-syrups.html
Coughing into the elbow ချောင်းဆိုးခဲ့ပါသည် https://doctortintswe.blogspot.com/2019/06/coughing-into-elbow.html
Healthy culture ချောင်းဆိုး-လက်ဆေး ယဉ်ကျေးမှု https://doctortintswe.blogspot.com/2015/06/healthy-culture_18.html
Influenza (Flu) တုပ်ကွေး http://doctortintswe.blogspot.com/2014/10/influenza-flu.html
Medicine for Pneumonias and Respiratory Tract Diseases နူမိုးနီးယားအမျိုးမျိုးနှင့် အသက်ရှူလမ်းရောဂါဆေးများ http://doctortintswe.blogspot.com/2014/11/medicine-for-pneumonias-and-respiratory.html
Pneumonia နူမိုးနီးယား https://doctortintswe.blogspot.com/2014/11/respiratory-tract-infections-3.html

ဒေါက်တာတင့်ဆွေ
၂၄-၁၀-၂၀၁၉

ရီးစားနက် ရည်းစားမည်း

၁။ ကျနော် ရီးစားနက် အတူတူ့

ရီးစားနက်ဆိုတာ နက်သော မည်းသော မိန်းကလေးလား မသိ။ ရည်းစားလို့ ရေးရတယ်။

ရီး
ပရီးပထာ
မရီး (အကို၏ဇနီး)
ရီးတီးရားတား
လမ်းခရီး
ဝရီး (ဦးလေး)
အရီး (အဒေါ်)
ဦးရီး (ဦးလေး)
မျှော်ရီးမျှော်ရောင်

ရည်း
စရည်းပင်
စရည်းအိုးခွက်
နိဿရည်း
ယရည်း = ဆင်ထိန်း
ရည်း = ဆုရသည်
ရည်းစား
ရည်းလေလေ့ ရည်းလေလေ့ (လှေလှော်သားများဆိုသည့်စကား)
ရည်ငံချစ်ကြိုက်
အရည်းကြီးရဟန်း
အိုးစရည်း
ရှောင်ခွါသရည်း
လျော့ရည်း

၂။ နဲ့ ကို နက် လို့လဲရေးနေကြတယ်ဆရာ

၃။ နဲ့ ကို နက် ဆိုပြီး ရေးကြတာကိုလည်း ထောက်ပြပေးပါအုံးဆရာ။ မလုပ်ပါနဲ့ကို မလုပ်ပါနက်၊ ဟိုလူနဲ့တွဲ သည်လူနဲ့တွဲ ကို ဟိုလူနက် သည်လူနက် လို့ ရေးကြတာ အများအပြား ဖြစ်နေကြပြီဆရာ။

နက်
အနက်ရောင်။
နက်ကျော။
နက်ကြုတ်။
နက်ချိပ်။
အသားနက်သည်။
နက်ဖြန်ခါ။
နက်ရှိုင်း။
နက်ဝှမ်း။
နက်နဲခက်ခဲလှသည်။
အဓိပ္ပါယ်အတိမ်အနက်။
နက္ခတ်တာရာ။

နဲ့
နုန့်နဲ့သည်။
သွားနဲ့သည်။
သည်အဝတ်အစားနဲ့ လှသည်။
လှုပ်တိုင်းနဲ့သည်။
ထော့နဲ့ထော့နဲ့ သွားနေသည်။
ချည့်နဲ့နဲ့သာ ကျန်တော့သည်။
နှဲ့၍ နဲ့။
နင့်နင့်သီးသီး။
သူနဲ့သာဆိုရင်

နင်
နင်နဲ့ငါနဲ့။
နင်ပဲငဆ မပြောရ။
အစာနင်သည်။

နင့်
စားပို့နင့်တတ်သည်။
နင့်နေအောင် မစားရ။
နင့်နင့်သီးသီး မပြောအပ်။

ဟိုလူနက် သည်လူနက်တွဲလို့ရေးရင်တော့ အသားမည်းသူနဲ့တွဲလိုက် အသားနက်သူနဲ့တွဲလိုက်ဖြစ်မှာပေါ့။ Smile!

ဒေါက်တာတင့်ဆွေ
၂၄-၁၀-၂၀၁၉

မြန်မာစာ အတန်းမတက်ကြသေး

၁။ ဆိုးရင်စိတ်ကြီးလွန်းရင် ဘာဖြစ်တက်လဲ ဆရာ တဲ့။ ကွန်မင့် မေးခွန်း။

မေးနည်းကို အကြိမ်တထောင်လောက် တင်ထားတယ်။ စိတ်ကြီးသူ ကလေး လူကြီး အသက် ကျား မ မသိ။

တက်ဆိုတာ အတန်းတက်တာ၊ သစ်ပင်တက်တာ၊ အတက်ရောဂါ။

၂။ ဘလော့ကိုဝင်မကြည့်တက်လို့ပါဆရာ☺ (မကြည့်တတ်)

၃။ သွေးကတော့ တညနေဘဲဆင်ပြီး မဆင်းတော့ပါဘူးဆရာ။ ဘာဖြစ်တက်လဲဆိုတာ သိချင်ပါတယ်ဆရာ။

၎။ ဆရာသေခြာစွာဖတ်ပါတယ် မသုံးတက်လို့ပါခင်ဗျာ (မသုံးတက်ဆိုတာ မှားတယ်။ မသုံးတတ်)

၅။ ဆရာ အတက်ပညာလို့ သုံးသလား၊ အတတ်ပညာလို့ သုံးသလားဆရာ။ (အတတ်ပညာက အမှန်။)

၆။ ဆရာ အတက်နိုင်ဆုံးကိုရေးမယ်ဆို အတက်လား၊ အတတ်လား။ မသိတာ မတက်တာဆိုရင်ရော တက်လား၊ ကက်လား၊ ခဏခဏမှားလို့။ (အတတ်နိုင်ဆုံး၊ မတတ်တာက အမှန်။)

၇။ ပညာတက်လား၊ ပညာတတ်လား၊ ပြောပြပါရှင့်။ (ပညာတတ်က အမှန်။)

၈။ ဆရာ မတ်တတ်ရပ် နဲ့ မတ်တပ်ရပ် ဘယ်ဟာကမှန်ပါသလဲ။ (မတ်တတ်ရပ်က အမှန်။)

၉။ The Money Drop Myanmar ရဲ့ အစီအစဉ်တခုမှာ TV ကနေကြည့်တာ အဖြေလေးခုပေးပြီး တခုရွေးရတာဆရာ။ ကျနော်က မတ်တတ်ရပ်လို့ ဖြေတာကို အဲဒီအစီအစဉ်က computer operator ပဲ မှားဖြေသလား မသိပါ။ သူတို့က မတ်တပ်ရပ်ကို အမှန်ဖြေပြတော့ တော်တော်အံ့သြသွားတယ်ဆရာ။ ကျနော်လဲ မမှားနိုင်ဘူးဆိုတာ ကိုယ့်ကိုယ်ကို သိတယ်ဆရာ။ ခုလိုဆရာပြောပြတော့ ပိုသေချာသွားတာပေါ့။ (မတ်တတ်ရပ်က အမှန်။)

၁၀။ ဆုံးမစာတခုမှာ စေတနာအမှားကြောင့် ဝေဒနာဖြစ်သွားတက်သည်လို့ ရေးတာဖတ်ရတယ်။ (ဝေဒနာဖြစ်သွားတတ်သည် လို့ ရေးရတယ်။)

၁၁။ သမီး မကြည့်တက်လို့ပါဆရာ ညွန်ပြပါနော်။ ဘလော့ကို ဝင်မကြည့်တက်လို့ပါဆရာ။ ဝင်ကြည့်တက်သွားပါပြီ။ (မကြည့်တတ်၊ ကူးစက်စေတတ်သော၊ ဝင်ကြည့်တတ်လို့ ရေးရတယ်။)

တတ်
တတ်ကျွမ်းအောင် လေ့လာသင်ယူပါ
တတ်စွမ်းသလောက်တော့ လုပ်ပါ
တတ်တိုင်း မကြွားသင့်
တတ်တိုင်းပညာပြနေသည်
တတ်ပွန်
တတ်သိလိမ္မာ
တတ်ယောင်ကားမလုပ်ပါနှင့်
တတ်မြောက်ပြီ
တတ်နိုင်သလောက်လှူပါ
တတ်နိုင်သော
ပညာတတ်
ပုတတ်ကောင်
ဖွတ်ပတတ်
ကြည့်တတ် မကြည့်တတ်
မတတ်နိုင်
မတ်တတ်ရပ်
မပြီးတတ်သေး
ဖြစ်ကတတ်ဆန်း
ဖြစ်တတ် ပျက်တတ်
လုပ်တတ် ကိုက်တတ်
လုပ်တတ် မလုပ်တတ်
သမားဟူးရားအတတ်
အတတ်ပညာ ရှာမှီးပါ
အတတ်ပညာ ရှာမှီးပါ။
အနောတတ်ရေအိုင်
အဲတာလိုအမှားမျိုးက ဖြစ်တတ်တယ်
ကောင်းအောင် လုပ်တတ်သလား
ဆေးပညာအတတ်
ပြောတတ်ဆိုတတ်
သေလုမတတ်

တက်
တက္ကတွန်း
တက္ကသိုလ်
တက်ကစီနဲ့သွားမယ်
တက်ကျမ်း လေ့လာသူ
တက်ခပ်သည်
တက်ညီလက်ညီ
တက်တက်စင်လွဲနေတယ်
တက်တူးထိုးသည်
တက်မ
တက်သည် ဆင်းသည်
တက်သုတ်ရိုက်မလုပ်ပါနှင့်
တက်ခေတ်နတ်ဆိုး ဖတ်ဖူးလား
တက်ခေါက်သည်
တနှစ်တတန်း တက်တဲ့ကျောင်းသား
မတုန်တက်သေး
လူ့သက်တမ်း
အစိုးရသစ် တက်လာပြီ
အတက် (ဝက်ရူးပြန်) ရောဂါ
ကျော်တက်သည်
ဒေါသဖြင့် တက်ခေါက်သည်
နောက်ထုတ်စာအုပ်တွေမှာ သတ်ပုံတွေ တက်တက်စင် လွဲမှားနေတယ်
လှေတက် တစုံယူခဲ့ပါ

တတ် နဲ့ တက် မှားရေးမေးသူတွေ အများကြီး။ မြန်မာစာ အတန်းမတက်ကြသေး။ ခုခေတ် တက္ကသိုလ်တွေကလည်း တစ်ကသိုလ်တွေဖြစ်နေကြတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၁၀-၂၀၁၉

Neonatal conjunctivitis မွေးကာစကလေး မျက်စိကျိန်းရောဂါ နှင့် ဘုး မရှိ

ဆရာ သားလေးက မွေးကတည်းက မျက်ဝတ်တွေထွက်နေပါတယ် ၂လတုန်းက သွားပြတော့ ဂျင်တာမိုင်စင် ပေးလိုက်ပါတယ် ကလေးအထူးကုက သက်သာသွားပြီး ၃လနေတော့ ပြန်ဖြစ်ပါတယ် မျက်ရည်ဝဲပြီး မျက်ဝတ်ဖြစ်တာပါ မျက်စေ့ အထူးကုကို ၃လကျော်တော့ ထပ်ပြပါတယ် ဒီဆေးထပ်ပေးပါတယ် ခုသား၎လကျော်ပါပြီ ထပ်ဖြစ်နေပါတယ် မျက်လုံးနီတာ ဒဏ်ဖြစ်တာမရှိဘဲ မျက်ဝတ်ကထွက်နေတာ မျက်လုံးကပုံမှန်ပါ မျက်ရည်နည်းနည်းနဲ့အောက်မျက်ခမ်းက မျက်ဝတ်ထွက်နေလို့ပါ

မျက်စိဆရာဝန်ညွှန်တာသင့် ပို့ပေးတဲ့စာက ဘယ်ဆရာဝန်ကရေးတာလဲ မသိ။

စာက သမီးရှာဖတ်ပြီး ကလေးငယ်တွေက မျက်ရည်ကြောမပွင့်သေးတာလည်းဖြစ်နိုင်တယ်လို့ ဆရာမကပြောဖူးလို့ အဲစာထဲကတိုင်းဖြစ်နေမလားမသိဘုးဆရာ မျက်စဉ်းခတ်ရင်ကလေးအိပ်နေတဲ့ချိန်တော့ ခတ်ပါတယ် ကလေးအောက်မျက်ခမ်းလေးဆွဲပြီး ကလေးနိုးချိန်ကြကလေးက ရမ်းပြီးခါနေတဲ့တွက်ဆေးမဝင်ဘုးထင်လို့ပါ

Neonatal conjunctivitis မွေးကာစကလေး မျက်စိကျိန်းရောဂါ https://doctortintswe.blogspot.com/2017/06/neonatal-conjunctivitis.html

လင့်ပို့လိုက်တယ်။ စာရေးတာ ပြောဦးမယ်။ မျက်စေ့ မဟုတ်။ မျက်စိလို့ရေးရတယ်။ မသိဘူး၊ မဝင်ဘူးလို့ ရေးရတယ်။ ဘုး မရှိ။

သတ်ပုံကျမ်းမှာ ဘု ကို ဒီနေရာတွေမှာသာ သုံးပါတယ်။ဘုကျသည်၊ ဘုဇပတ်ပင်၊ ဘုမသိဘမသိ၊ ဘုရင်မ၊ ဘုရင်မင်းမြတ်၊ မှန်ပါ့ဘုရား၊ မိဘုရား၊ မြတ်စွာဘုရား၊ မောင်းဘု။

ဒေါက်တာတင့်ဆွေ
၂၄-၁၀-၂၀၁၉

ကြိုးစား ကျိုးပဲ့

ဘာသာရေးစာတွေဆိုတဲ့နေရာမှာ ဒီဇိုင်းဆွဲတင်တဲ့စာတခုမှာ ကျိုးစားလို့ရေးထားတယ်။ များတယ်။ ကြိုးစားလို့ ရေးရတယ်။ အရုပ်ကျိုးပြတ်လို့ရေးတဲ့ပို့စ်တခု တွေ့တယ်။ အရုပ်ကြိုးပြတ် ဒါမှမဟုတ် အရုပ်ကျိုးပဲ့လို့ ရေးသင့်ပါတယ်။

ကျိုး
ရိုကျိုး၊
ကိုယ်ကျိုးနည်း၊
ကျိုးတိုးကျဲတဲ၊
ကျိုးပဲ့၊
ကျိုးယုတ်ရှက်ကွဲ ကိုယ်ကျိုးနည်း၊
ကျိုးပေါက်၊
ကျိုးနွံ၊
ချိုး၍ကျိုး၊
ချိုကျိုးနားရွက်ပဲ့၊
ငယ်ကျိုးငယ်နာ၊
တဝက်ကျိုး၊
မသိကျိုးကျွန်ပြု၊
မာန်စွယ်ကျိုး၊
မီးကျိုးမောင်းပျက်၊
မျက်မုန်းကျိုး၊
မြစ်ကျိုးအင်း၊
လုပ်ရကျိုးနပ်၊
အကျိုးကျေးဇူး၊
အကျိုးယုတ်၊
အပိုးကျိုး၊
အိုနာကျိုးကန်း၊
ဈေးပေါင်ကျိုး၊
ထောင့်မကျိုး၊
ဘေးထွက်ဆိုးကျိုး၊
နှုတ်ကျိုး၊

ကြိုး
စည်းကြိုး၊
ဆွဲကြိုးတန်ဆာ၊
ကြိုးကွင်းစွပ်၊
ကြိုးကုတ်၊
ကြိုးကိုင်၊
ကြိုးခုန်၊
ကြိုးစား၊
ကြိုးဆွဲချ၊
ကြိုးကြီးချိတ်လုံချည်၊
ကြိုးနဲ့ချည်၊
ကြိုးပမ်း၊
ကြိုးကြားကြိုးကြား၊
ကြိုးကြာငှက်၊
ကြိုးဝိုင်းသစ်တော၊
ကြိုးသီချင်း၊
ဖိနပ်သည်းကြိုး၊
မိုးကြိုးပစ်၊
မုန့်ကြိုးလိမ်၊
မျဉ်းကြိုး (တန်းအောင် တိုင်းရန် သုံးသည့်ကြိုး)၊
မြင်းဇက်ကြိုး (ဆွဲခေါ်ရန်သုံးသည့်ကြိုး)၊
လက်ပြန်ကြိုးတုပ်၊
လွန်ကြိုး၊
ဝရဇိန်မိုးကြိုး၊
သံကြိုးစာ၊
သက်စွန့်ကြိုးပမ်း၊
အရုပ်ကြိုးပြတ်၊
အားကြိုးမာန်တက်၊
အုန်းဆံကြိုး၊
မျှော့ကြိုး၊

ကြိုးကြာသံ - ခင်မောင်တိုး https://www.youtube.com/watch?v=Dw18rWYqbmQ

ဒေါက်တာတင့်ဆွေ

စင်း နဲ့ ဆင်း

စောစောက တတ် နဲ့ တက် မှားရေးတာကို တင်ပြထားတယ်။ အခုက အမှားတမျိုး။ ပို့စ်တခုမှာ မားကက်တင်း စင်းချင်လို့ပါလို့ ရေးထားတယ်။ မှားတယ်။ ဆင်းချင်လို့ပါလို့ ရေးရတယ်။

စင်း
စင်းစင်းအိပ်သည်
စင်းစင်းနေသည်
စင်းလုံးချော
စင်းလျဉ်း = ဧကန်အမှန်
စင်းချော = ဇင်းချော
တစင်းနှစ်စင်း
ဓါးတစင်း
ပုဆိုးအစင်း
ပဲစင်းခုန်
မြားတစင်း
သဘောဖြူအူစင်း
ဦးပဉ္ဇင်း
ကောက်ကစင်း = လမ်းစဉ်တလျောက်ညီညွတ်သည်
ဖြောင့်စင်းသောသူ
ဖြောင့်စင်းသည်

ဆင်း
ကွင်းဆင်းလေ့လာသည်
ဆင်းတုတော်
ဆင်းရဲဒုက္ခ
ဆင်းရဲခြင်းလွတ်ကင်းအောင်
ဆင်းတောင့်ဆင်းရဲ
အောက်ဆင်းသည်

တက်တတ် ဆင်းတတ်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၄-၁၀-၂၀၁၇
၂၄-၁၀-၂၀၁၉

စည် နှင့် စီ

ဆရာခင်ဗျာ သိချင်တာလေးတခုရှိလို့ မေးခွင့်ပြုပါ။ အလောင်းစည်သူမင်းလို့ ပေါင်းတာလား၊ အလောင်းစီသူလို့ ပေါင်းတာလားခင်ဗျာ။ ကျွန်တော်သိထားတာက အလောင်းစည်သူမင်းလို့ပဲ သိထားလို့ပါ။ အသိ အကိုတယောက်က အလောင်းစီသူဟုပြောလို့ပါ။ ဆရာက မြန်မာစာအရေးအသားကို အကိုးအကားလေးတွေနဲ့ အသေးစိပ်ဖြေတတ်လို့ မေးလိုက်ရပါသည်ခင်ဗျာ။ လေးစားစွာဖြင့်။

အလောင်းစည်သူမင်းက မှန်ပါတယ်။ အသေးစိတ်က မှန်တယ်။

စည်
စည်ကားသည်
စည်တို
စည်ပင်ဝပြော
စည်ပင်သာယာ
စည်ပုတ္တရာမြို့
စည်ပုတ်
စည်ပိုင်း
စည်ရပ်ဆိုင်းဆိုင်း
စည်သွတ်အစာ
စည်တော်သံ
စည်ဖောင်း
စည်ဗျော (မူလသုံး)
စည်ဗြော (ယခုသုံး)
ပင်စည်
ကြံစည်
ကြက်ပျံမကျ စည်လတ္တံ့
မင်းလှစည်သူ
လူစည်ကား
သာစည်မြို့
အိုးစည်
အလောင်းစည်သူမင်း
ကြေးစည်
ရေစည်

စီ
ကိုယ်စီကိုယ်ငှ
စာစီစာကုံး
စီကုံးသည်
စီကာပတ်ကုံး
စီစဉ်နေသည်
စီစီကျွက်ကျွက်
စီညံစီညံ
စီတင်းစုံဖဲ
စီတန်းသည်
စီမံသည်
စီခြယ်
စီရင်ကျည် = ပျက်စီးယိုယွင်းသည်
စီရင်ချက်
စီရင်ထုံး
တခုစီ
ပူစီ
လူစီ (မိန်းကလေးအမည်)
အစီအရီ
ခွေးတစီစီ
နေ့တွက်စီ

ဒေါက်တာတင့်ဆွေ
၂၄-၁ဝ-၂ဝ၁၇
၂၄-၁၀-၂၀၁၉

ငါးစည်ဖောင်း နဲ့ ပူစည်ဖောင်း

ငါးစီဖောင်း ပူစီဖောင်း အမှန်ကို သိချင်မိပါတယ်

အရင်ထုတ် သတ်ပုံစာအုပ်တွေမှာ ပူစီဖောင်း မပါ။ ဘူစီဖောင်း မပါ။ ဗူစီဖောင်း မပါ။

ယုဒသန်အဘိဓာန်မှာ စည်ဖောင်း ပါတယ်။ လေပူသွင်း၍ မိုဃ်းကောင်ကင်သို့တက်စေသောလို့ ပါတယ်။

မြန်မာ့စွယ်စုံကျမ်းမှာ ငါးစည်ဖောင်းကော်လို့ ပါတယ်။

ငါးစည်ဖောင်း နဲ့ ပူစည်ဖောင်း လို့ရေးတာက မှန်ပါမယ်။

ဒေါက်တာတင့်ဆွေ
၂၄-၁၀-၂၀၁၉

Coughing and Children ကလေးတွေချောင်းဆိုးရင်

မင်္ဂလာပါ ဆရာရှင့်။ ကျွန်မသမီး အသက် ၁၂ နှစ် ချောင်းဆိုးတာတော့ကြာနေပြီ ခုက ချောင်းတွေဆိုးနေတာမျိုး မဟုတ်ဘဲ နေ့ဘက်ဆိုလဲအကောင်းတိုင်းပဲ ညဘက် သန်းခေါင်ဆို ချောင်းဆိုးပြီး သီးသလို ဖြစ်ဖြစ်လာပြီး အသက်ရှူ မရတဲ့ထိ ဖြစ်ဖြစ်သွားပါတယ် စဖြစ်တဲ့ညက ၃ ကြိမ်လောက်ဖြစ်လောက်ပါတယ် နောက်ညတွေလဲ ဆက်တိုက်ဖြစ်နေပြီး အကြိမ်ရေတော့ နည်းသွားပါတယ်။ ဆေးခန်းပြတော့လဲ ချောင်းဆိုး ပျောက်ဆေးပဲပေးနေပါတယ် အဲလိုဖြစ်တာက မသက်သာလို့ ဘာဖြစ်တယ်ဆိုတာနဲ့ ၁၂ နှစ်အရွယ်ကလေးတွေက ကလေးအထူးကုဆရာဝန်နဲ့ပဲပြသင့်လား လူကြီးကလေး မခွဲထားတဲ့ဆရာဝန် တွေနဲ့ပဲပြသလို့ အဆင်ပြေပါသလား ပြောပြပေးစေချင်ပါတယ်ရှင့်။

ဆရာဝန်ပြတာကိုတော့ ဘယ်သူကမေးမေး မဖြေပါ။

Bronchitis ဘရောင်ခိုက်တစ် https://doctortintswe.blogspot.com/2018/09/bronchitis.html
Chronic Cough ချောင်းဆိုးနေတာ တလလောက်ရှိပါပြီ https://doctortintswe.blogspot.com/2019/05/chronic-cough.html
Cough Syrups ချောင်းဆိုးပျောက်ဆေးများ http://doctortintswe.blogspot.com/2014/11/cough-syrups.html
Coughing and Children ကလေးတွေချောင်းဆိုးရင် https://doctortintswe.blogspot.com/2016/12/coughing-and-children.html
Healthy culture ချောင်းဆိုး-လက်ဆေး ယဉ်ကျေးမှု https://doctortintswe.blogspot.com/2015/06/healthy-culture_18.html
Humidifiers for Babies ကလေးတွေအတွက် ရေငွေ့ပေးစက် http://doctortintswe.blogspot.com/2014/12/humidifiers-for-babies.html
Pneumonia နူမိုးနီးယား https://doctortintswe.blogspot.com/2014/11/respiratory-tract-infections-3.html
Pneumonia in Children ကလေးများတွင်ဖြစ်သည့် နူမိုးနီးယားရောဂါ https://doctortintswe.blogspot.com/2014/11/pneumonia-in-children.html

ဒေါက်တာတင့်ဆွေ
၂၄-၁၀-၂၀၁၉

တချို့

သတင်းမှန် မမှန်တော့ မသိပါ။ ပို့စ်တွေ့တာ။

တချို့ကို ကြောက်နေရ၏
တချို့ကား အမှားလုပ်ကြ၏။

တချို့ကား အမှန်ရေးကြ၏။
(တစ်ချို့) ကား အမှားရေးသားခြင်းဖြစ်၏။

ဒေါက်တာတင့်ဆွေ
၂၄-၁၀-၂၀၁၉

Untrue အဲတာမျိုးတွေကို မရေးပါ

ဆရာ ကြက်သွန်နီမှာ တွေ့ရတတ်တယ့် အမဲလေးတွေက အသဲကင်ဆာဖြစ်တတ်တယ်လို့  Facebook မှာတွေ့လို့  မေးကြည့်တာပါဆရာ အမှန်တကယ်ဆိုရင် နောင်ရှောင်လို့ရအောင်ပါ။

အဲတာမျိုးတွေကို မရေးပါ။ တမျိုးပြီးတမျိုး မဟုတ်ကဟုတ်ကတွေကို ဇာချဲ့ ဖွဲ့နွဲ့ ရေးပြီးတင်နေကြတယ်။ ကင်ဆာအကြောင်းစာတွေကို ဆေးသုတေသနတွေကို ကိုးကားပြီး ရေးထားတယ်။

အသစ်ထွက်တဲ့ ဆေးသုတေသနတွေထဲက မြန်မာပြည်သားတွေအတွက် အကျိုးဖြစ်စေမှာဆိုရင် ဘာသာပြန်ပြီး တင်ပြပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၁၀-၂၀၁၉

ပုတီးတကုံး

ဒူနောင်ဝေဝေ ကြေးစည်တီးတော့
စိပ်ပုတီးနဲ့ မောင်ထွေးငယ်။

မကြီးဆီကို လာထိုင်ပြီးတော့
စိပ်ပုတီးကြီး ပြလို့ရယ်။

မမကြီးရယ် ဘကြီးလုံးက
ပုတီးတကုံး ဝယ်ပေးတယ်။

ဘကြီးညစဉ် မအိပ်ခင်ပြောတဲ့
ဗုဒ္ဓေါ ဗုဒ္ဓေါ ရွတ်လို့ရယ်
စိပ်မယ် စိပ်မယ် တဲ့။

ငွေတာရီကဗျာကို ပို့ပေးသူ ကျေးဇူး။

ဒေါက်တာတင့်ဆွေ
၂၄-၁၀-၂၀၁၉

ကထိန်ပွဲ

ပုံကို စာနဲ့အတူ ပို့ပါတယ်။ တနှစ် တလ တကြိမ် ဟူသောအသုံးများကို တွေ့ ရပါသည်။ ရှေးကစာအုပ်ထဲမှာပါ ဆရာ။

တနှစ်တွင် တလ၊
တလတွင် တကြိမ်သာ၊
တလတာကာလ၊
တကျောင်းနှင့် တကျောင်း၊
တသင်းနှင့် တသင်း၊
တရပ်ကွက်နှင့် တရပ်ကွက်၊

ကျေးဇူး။ ကထိန်ပွဲကိုရှေးကတည်းက ခင်းကျင်းကြပါတယ်။ မြန်မာစာကိုလည်း ဟိုရှေးကတည်းကရေးသားကြပါတယ်။

ကထိန်ကိုတော့ အစဉ်အလာအတိုင်းသာ သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ကနေ တန်ဆောင်မုန်းလပြည့်နေ့ထိ တလတိတိ အချိန်ကာလအတွင်းသာ လှူခွင့်ရှိတယ်။ တနှစ်မှာ တလ၊ တလမှာ တရက်၊ တရက်မှာ တကျောင်းနဲ့ အလှူရှင်တဦးက တကြိမ်သာ လှူခွင့်ရှိတယ်။

မြန်မာစာကိုတော့ တကျောင်းတကာထာ တရွာတပုဒ်ဆန်း ရေးနေကြတယ်။ တမှန်သမျှတစ်လို့ရေးနေကြတယ်။

ရဟန်းတို့ရအပ်တဲ့ ကထိန်အာနိသင် (၅) မျိုးနဲ့ အလှူရှင်တို့ရအပ်တဲ့ ကထိန်အကျိုး (၅) မျိုးရှိတယ်။

မြန်မာစာ ကုသိုလ်ရပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၅-၁၀-၂၀၁၈
၂၅-၁၀-၂၀၁၉
Aye Min Tun ကျေးဇူး။

စာတလုံး ဘုရားတဆူ

လွန်ခဲ့တဲ့တပတ်လောက် သူ့ကလေးကို မြန်မာစာမှန်မှန်ကန်ကန်သင်ပေးချင်တဲ့ ဖခင်တဦးက ကိုးကားစရာစာအုပ် မေးပါတယ်။ ကျွန်တော်က စာအုပ်တွေနဲ့ လက်လှမ်းဝေးပါတယ်။ ပြည်တွင်းမှာနေသူတွေကတော့ ပေါ်လစီသတ်ပုံ စာအုပ်တွေ ပြေးမလွတ် ရှောင်မရ သွားလေရာ ခလုတ်တိုက်လောက်အာင် ပေါများတယ်။

မြန်မာ့စွယ်စုံကျမ်း အတွဲ ၁ဝ၊ စာမျက်နှာက ၃၅၈ ကနေ ၃၆၆ အထိမှာ မြန်မာသဒ္ဒါအကြောင်းပါတယ်။ စကန်လုပ်ဖို့ ကြိုးစားတာ အဆင်မပြေသေးပါ။ ဆောရီး။

အရေအတွက် အတိုင်းအတာကိုပြသော နာမဝိသေသနအောက်မှာ သည်လိုပါရှိပါတယ်။

ကုန်သည် တဦး၊ ပုတီး နှစ်ကုံး၊ နွား သုံးကောင်၊ မျဉ်း လေးကြောင်း၊ လက်စွပ် နှစ်ကွင်း၊ ခုံ တခု၊ ပန်း နှစ်ခိုင်၊ ဖျာ နှစ်ချပ်၊ အပ် သုံးချောင်း၊ ကြိုး တခွေ၊ စကား တခွန်း၊ မြင်း ငါးစီး၊ လှေ သုံးစင်း၊ ထင်း တစည်း၊ စာ တစောင်၊ ဘိနပ် တစုံ၊ ဘုရား တဆူ၊ သိမ် နှစ်ဆောင်၊ ကြွက်သွန် တတက်၊ စပျစ်သီး တတွဲ၊ ဆပ်ပြာ နှစ်တုံး၊ အုတ် နှစ်ထပ်၊ အင်္ကျီ နှစ်ထည်၊ ညောင် လေးပင်၊ ရဟန်း သုံးပါး၊ ပိုက်ဆံ တပြား။

ခုခေတ်မှာ သတ်ပုံအမှားတွေ သင်ပေးနေကြကြောင်း ထပ်လောင်း သက်သေထူလိုက်ပါတယ်။ ပြင်ကြစေချင်တယ်။

ဂေါတမမြတ်စွာဘုရားဟာ ဘုရားတဆူဖြစ်ပါတယ်။ တစ်ဆူ မဟုတ်ပါ။ စာတလုံး ဘုရားတဆူလို့ ဆိုစကားလည်းရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁၀-၂၀၁၈
၂၅-၁၀-၂၀၁၉

BC and AD ဘီစီ နှင့် အေဒီ

ကျမ သိပ်နားမလည်ပါဆရာ ဘီစီ ဆိုတာတွေဟာ ကျမ အတော်မသိတာပါ။

ဘီစီ၊ အေဒီကို အလယ်တန်းမှာ သင်ရပါမယ်။ ခရစ်မတိုင်မီနဲ့ ခရစ်နောက်လို့ ကျောင်းတိုင်းမှာ သင်ပါတယ်။

A.D. စာလုံးက လက်တင်ဘာသာစကား anno domini ကနေလာတယ်။ Lord ခေါ် Jesus Christ ဂျီးဆပ်စ်ဘုရား မွေးတဲ့ခုနှစ်။ Julian ဂျူလီယန်နဲ့ ကနေ့ကျွန်တော်တို့သုံးနေကြတဲ့ Gregorian ဂရီဂိုရီယန် ပြက္ခဒိန်မှာသုံးတဲ့ခုနှစ်ဖြစ်တယ်။

B.C. ဆိုတာ before Christ ကိုအတိုရေးတာ။

AD 1 ဆိုတာ ခရစ်မွေးပြီး ၁ နှစ်။ 1 BC ဆိုတာ ခရစ်မမွေးခင် ၁ နှစ်။

B.C./A.D. ရေးနည်းစနစ်အပြင် C.E. ခေါ် Common era နဲ့ B.C.E. ခေါ် Before common era လို့ရေးလာတာမျိုး ရှိတယ်။

မြတ်စွာဘုရားသက်တော်ထင်ရှားရှိခဲ့တာ ဘီစီ ၅၆၃/၄၈ဝ ကနေ ၄၈၃/၄ဝဝ လို့ သမိုင်းကဆိုပါတယ်။

ဘီစီ ၁ဝဝ မှာ ပျူနိုင်ငံတော်ပေါ်ထွန်းခဲ့တယ်။ အေဒီ ၉ဝဝ အထိ ရှည်ကြာတယ်။ ဘီစီ ၃ဝဝ မှာ မွန်နိုင်ငံတော် စည်ပင်ထွန်းကားခဲ့တယ်။ အေဒီ ၈၄၉ ခုနှစ်မှာ ပုဂံနိုင်ငံတည်ထောင်တယ်။ အနော်ရထာမင်းဟာ အေဒီ ၁ဝ၄၄ ကနေ ၁ဝ၇၇ အထိ နန်းစံတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရတာ အေဒီ ၁၉၄၈။

Anno is the Latin word for “year” (cognate with año in Spanish) It appears as part of the abbreviation A.D. (Anno Domini = the Year of the Lord), but because of the dechristianization of western society, this is not so commonly seen anymore.

ဒေါက်တာတင့်ဆွေ
၂၅-၁၀-၂၀၁၈
၂၅-၁၀-၂၀၁၉

သင်္ကဿနဂိုရ်မှာ (၂)

သင်္ကဿနဂိုရ်ဟာ ကနေ့အိန္ဒိယမြေပုံမှာ Sankisa လို့ခေါ်တယ်။ ယူပီပြည်နယ်ထဲမှာ၊ ဒေလီနဲ့ လပ်ခနောင်းမြို့ ကြားမှာရှိတယ်။ Sankassa နဲ့ Sankasia လို့လည်းခေါ်တယ်။ Sankissa နဲ့ Sankasya လို့လည်း ခေါ်တယ်။ အာသောကမင်းကြီးကရှာဖွေပြီး ကျောက်တိုင်စိုက်ထားခဲ့တယ်။ အခုတော့ ပျက်စီးနေပြီဖြစ်တဲ့ စေတီလည်း တည်ထားခဲ့တယ်။ စိတ်ကူးယဉ် ရာမယနဇာတ်ထဲမှာ သီတာမင်းသမီးဖခင် နေခဲ့တယ်လို့ ဆိုထားတယ်။

မြိုတော်ရဲ့အဝင်ဝနေရာဟာ မြတ်စွာဘုရား အဘိဓမ္မာတရားဟောကြားအပြီး တာဝတိံသာနတ်ပြည်ကနေ ပြန်ဆင်းအလာ ဆိုက်ရောက်တဲ့နေရာလို့ မှတ်တမ်းချို့ကဆိုပါတယ်။

ဗုဒ္ဓဘာသာဝင်တွေက သီတင်းကျွတ်လပြည်နေ့မှာ ဆီမီးတွေ မီးရောင်စုံတွေ ထွန်းညှိပူဇော်ကြပါတယ်။ ကျွန်တော်တို့ မိသားစုက သီတင်းကျွန်လပြည့်တိုင်း ရောက်ရှိနေရာဘယ်မှာဖြစ်ဖြစ် မီးထွန်းကြပါတယ်။

ခါတိုင်းတော့ ကျွန်တော့်သက်စေ့ထက် ဖယောင်းတိုင်တတိုင် အပိုထွန်းတယ်။ ကနေ့တော့ ဖယောင်းမီးခွက်အရေအတွက် နည်းလို့ ဆယ်ခွက်တည်းသာထွန်းညှိပူဇော်ပါတယ်။ စိတ်ကတော့ သင်္ကဿနဂိုရ်မှာ။

ဖြည့်စာ
ရှင်တော်ဗုဒ္ဓ တာဝတိံသာ နတ်ပြည်ကနေ သင်္ကဿနဂိုရ်ပြည်ကို ဆင်းလာတယ်ဆိုတဲ့ဇာတ်လမ်းဟာ မူရင်းပါဠိတော်မှ မပါရှိ။ ဘုရားပရိနိဗ္ဗာန်ပြုပြီး အနှစ် (၁၀၀၀) လောက်မှာပြုစုတဲ့ ရှင်မဟာဗုဒ္ဓဃောသရဲ့ အဋ္ဌသာလိနီ အဋ္ဌကထာမှာ စတင်တွေ့ရှိရတာ ဖြစ်တယ်လို့ ဖတ်ရပါတယ်။ လင့်ပို့ပေးတဲ့ ဆရာမောင်စွမ်းရည် ကျေးဇူး။

ကျွန်တော်လည်း သုတေသနသေးသေးလေးတခု ခပ်မြန်မြန်လေးလုပ်ပါတယ်။ သင်္ကဿနဂိုရ်ပြည်နေရာကို ရှာတွေ့ခဲ့တဲ့ အာသောကဘုရင်ကြီးဟာ ဘီစီ ၂၆၈ ကနေ ၂၃၂ အထိ အုပ်စိုးခဲ့ပါတယ်။ ဝီကီပီးဒီးယားထဲမှာပဲ ဂေါတမမြတ်စွာဘုရား ဘီစီ ၅၆၃/၄၈၀ ကနေ ၄၈၃/၄ဝဝ လို့ ဆိုထားတယ်။ ဘုရားပရိနိဗ္ဗာန်ပြုပြီး အနှစ် (၁၀၀၀) လောက်မှာဆိုတာက အာသောကထက် အများကြီးနောက်ကျနေတယ်။

မူရင်းပါဠိတော်နဲ့ သမိုင်းအထောက်အထားတွေ အရေးကြီးသလို ကြည်ညိုစိတ်ထား ခြင်းဟာလည်း အရေးကြီးပါတယ်။ ယဉ်ကျေးမှုအစဉ်အလာတရပ်အဖြစ်လည်း တန်ဖိုးရှိတယ်လို့ ယူဆမိပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁၀-၂၀၁၈
၂၅-၁၀-၂၀၁၉

Color of Democracy မပြီးသေးသော ပန်းချီကားတချပ်

သစ်ပင်တွေရဲ့သဘာဝ အရောင်အသွေးပြောင်းလဲခြင်းဟာ အပြစ်ကင်းတယ်။ နိုင်ငံရေးမှာ အဲလိုပြောင်းတာမျိုးကို သဘာဝမကျဘူးလို့ပြောကြတယ်။ သက်ရှိလူတွေနဲ့ သစ်ပင်တွေ မတူလို့ဖြစ်တယ်။ ဒါပေမဲ့ တချို့နေရာတွေမှာ မပြောင်းတော့ပဲ တရားသေဆုပ်ထားတာမျိုးကိုတော့ သဘောမတူပါ။

တကယ့်အရှိကို ထင်ဟပ်ပြီး၊ အများစုဘက်မှာရပ်မှသာ ဒီမိုကရေစီမည်တယ်။ ၁၉၉ဝ တုန်းကနဲ့ မတူတော့တာ သိတယ်။ ၂ဝ၁ဝ နဲ့ ၂ဝ၁၅ က ခြားနားတယ်။ ဒါပေမဲ့ ၁၉၉ဝ နဲ့ ၂ဝ၁၅ လာတူနေတယ်။ အဲတာကတမျိုး။ သဘာဝမကျတဲ့နိုင်ငံရေး ရှိခဲ့လို့ဖြစ်တယ်။

လွန်ခဲ့တဲ့ ၄ နှစ်တိတိက သည်လိုနေ့ နေ့ခင်းလောက်မှာ မိုးလေးဖွဲဖွဲရွာတယ်။ အပြင်မှာ အရောင်စိုပြီး စုံလှတဲ့ ပန်းချီကားကို ကြည့်ရတယ်။ အရင်က အစိမ်းတရောင်သာရှိခဲ့တဲ့ သစ်ပင်တွေဟာ အဝါ၊ လိမ်မော်ဝါ၊ ဝါညို။ မိုးကလည်းစိုစို၊ တကယ့်ကို ရေဆေးရှုခင်းကားလို။ နီညိုနဲ့ အနီဟာ၊ လိုက်ဖက်ညီပါတယ်။ မြန်မာပြည်မှာ ပင်နီနဲ့ အနီ လိုက်ဖက်ညီတယ်၊ လူတွေလည်း ညီတယ်၊ စည်တယ်၊ မြည်တယ်၊ တည်တယ်လို့ ရေးခဲ့ပါတယ်။

အဲတာ မပြီးသေးတဲ့ပန်းချီကားတချပ်သာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁၀-၂၀၁၅
၂၅-၁၀-၂၀၁၉


သင်္ချာ

တိုင်းပြည်၏ ပညာရေးအဆင့်အတန်းသည် မိဘအုပ်ထိန်းသူများ၏ ဝတ်စားဆင်ယင်မှုနှင့် ပြောင်းပြန်အချိုးကျ၏

ဒေါက်တာတင့်ဆွေ
၂၅-၁၀-၂၀၁၉

မေးနည်း ပို့လိုက်တယ်

ကျွန်မအသက် 38နှစ်ပါ။ ဒီလထဲမှာ ညာဘက်ရင်ဘေးနားက တအားအောင့်အောင့်နေပါတယ်။ ထိုင်လဲမရအိပ်ရင်လဲ ဘေးကတခုခုကထိုးနေသလို။ အသက်ရူရင်လည်းအောင့်ပါတယ်ဆရာ။ တော်တော်လေးလဲနေခက်ပါတယ်ရှင့်။ တော်တော်ကြာသွားပြန်တော့လဲ ဘာမှမဖြစ်သလိုကောင်းနေပြန်တယ်ရှင့်။ သမီးကိုကျေးဇူးပြုပြီးပြောပြပေးစေလိုပါတယ်။ ဘာရောဂါဖြစ်နိုင်သလဲရှင့်။

ညာဘက်ရင်ဘေးနားကဆိုတာ မရှင်းလင်။ ရာသီ အိမ်ထောင်ရေး သွေးတိုး ဆီးချို မသိ။

မေးနည်း ပို့လိုက်တယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁၀-၂၀၁၉


Heart Disease နှလုံးရောဂါလို့ထင်စရာ ခြောက်ချက်

အသက် ၂၁ ၊ မပါ ဆရာ နှလုံးအောင့်တာ ခဏခဏဖြစ်နေလို့ပါ။ တခါအောင့်ရင် အသက်ရှုရခက်လာပြီး မိနစ် အနည်းငယ်အထိကို ကြာနေပါတယ် ဆရာ အခု မန္တလေးမှာ အထူးကုနဲ့ပြကြည့်တော့ ဆရာဝန်က နှလုံးခုန်နှုန်းက ပုံမှန်ပဲ ဘာမှမဖြစ်ဘူးဆိုပြီး သောက်ဆေးပေးထားပါတယ် ဆရာဝန်ပေးတဲ့ ဆေးနာမည်က Zespan (Gold ) ပါ။ သမီးက နှလုံးအောင့်တတ်တာ တော်တော်ကြာပြီ ဆရာ အခုပိုဆိုးလာတယ်ထင်ရလို့ပါ။ အရင်က နှလုံးအောင့်ရင် အချိန်မိနစ် သိပ်မကြာပေမဲ့ အခုနှလုံးအောင့်တာက  မနေ့က ညနေကတည်းက အခုမနက်ထိ နေလို့အဆင်မပြေဘူးဆရာ ချောင်းလဲ မဆိုးရဲဘူး စကားလည်း ကျယ်ကျယ်မပြောရဲဘူး ဆရာ နှလုံးအောင့်ရင် ဘယ်လိုကြောင့် အောင့်တတ်တာလဲ အရမ်း အရေးကြီးတဲ့ Case တခုလားဆိုတာလေးတွေ သိချင်လို့ပါ သတ်ပုံအမှားပါခဲ့လျင် ဖြည့်စွက်ထောက်ပြပေးပါဆရာ။

နှလုံးရှိတဲ့နေရာ ရင်ပတ်မှာဖြစ်တာတခုတည်းကိုသာ မကြည့်ပါနဲ့။ ကိုယ်အလေးချိန်များသူတွေ၊ အသက် ၅ဝ ကျော်သူတွေ၊ ဆီးချိုရှိသူတွေ၊ သွေးတိုးနေသူတွေနဲ့ ကိုလက်စထောများနေသူတွေအတွက် အချက် (၆) ချက်ကို သတိပြုကြဘို့ ဖြစ်ပါတယ်။

၁။ Difficulty To Carry Out Daily Routines နေ့စဉ်လုပ်နေကျ အလုပ်ကို အရင်မလိုမလုပ်နိုင်ဖြစ်လာခြင်း
သွေးလွှတ်ကြောတွေကနေ သွေးပို့ပေးတာ အရင်လိုမလုပ်နိုင်ရင် တခုခုမှားနေသလား စစ်ဆေးရပါမယ်။

၂။ Dizziness Or Lightheadedness ခေါင်းမူးတတ်လာခြင်း
အားနည်းလို့မဟုတ်ဘဲ၊ နှလုံးကြောင့်လည်း ခေါင်းမူးနိုင်တယ်။ ရင်ပတ်အောင့်တာနဲ့ အသက်ရှူခက်တာပါ ရောနေရင် ဆရာဝန်ပြပါ။

၃။ Breaking Out In Cold Sweats ချွေးစေးပျံခြင်း
မဖျားပဲနဲ့ ချွေးထွက်ပါသလား။ ချွေးကအေးစေးနေပါသလား။ ညမှာထွက်သလား။ ရာသီဥတု၊ အစားအသောက်နဲ့ ပြေးလွှားရလို့ကြောင့်မဟုတ်ဘဲ ချွေးထွက်ပါသလား။

၎။ Chest Pain And More ရင်ပတ်အောင့်ခြင်း
ရင်ပတ်အလယ်နေရာနာပြီး ဘယ်ဖက်လက်မောင်းဆီအထိနာပါသလား။ တချို့မှာ ရင်ခေါင်း၊ လက်မောင်း၊ မေးရိုး၊ သွားနဲ့ နောက်ကျောပါနာတယ်။

၅။ Frequent Bouts Of Cold And Flu မကြာခဏ အအေးမိနေသလား
အအေးမိ၊ တုပ်ကွေး၊ နှာစေး၊ ချောင်းဆိုးဖြစ်ပါသလား။ ဗိုင်းရပ်ပိုးဝင်ခံရဖန်များနေသူမှာ နှလုံးက သွေးလှည့်တာ အားနည်းနေနိုင်တယ်။

၆။ Overwhelming Fatigue အားယုတ်နေသလား
အားမရှိဖြစ်ပြီး အသက်မရှူမဝဖြစ်နေသလား။ ဒီအချက်မှာ အမျိုးသမီးတွေက အမျိုးသားတွေထက်သိသာတယ်။

မြန်မာနိုင်ငံသားတွေ နှလုံးကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၅-၁၀-၂၀၁၉

မြန်မာစာ လောကဓံ

ဆရာ သတ်ပုံတွေမှားပုံကတော့ အိမ်က ကလေးငှါးလာတဲ့ လောကဓံရှစ်ပါးစာအုပ် ရှေ့ဆုံးစာမျက်နှာ အောက်ပါပုံအတိုင်းပဲ ဆရာ။

ကျေးဇူး။ လာဘ်သတ်ပုံ မှားနေတယ်။ အယသောလည်း မှားနေတယ်။

လောကဓံတရားရှစ်ပါး = ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ လာဘ်ရခြင်း၊ လာဘ်မရခြင်း၊ အခြွေအရံများခြင်း၊ အခြွေအရံနည်းခြင်း။

အဲဒီကတည်းက မြန်မာစာဟာ လာဘ်တိတ်သွားတယ်။ ကဲ့ရဲ့ခံရတယ်။ ဆင်းရဲသွားတယ်။ သူတို့တတွေမှာ အခြွေအရံ (တစ်) သမားကတော့ များလှတယ်။

တရားစာတွေ မှားရေးနေကြတယ်လို့ တင်တာကို တချို့က ဟုတ်ရဲ့လားတဲ့။ တရားစာ အမှားတွေ အများကြီး။ ထိပ်နဲ့ အောက်မှာ အထင်ကရဆရာတော်ကြီးတွေ ပုံနဲ့ ဘွဲ့နဲ့ စာရေးတာက သတ်ပုံမမှန်။ ဆုတောင်းစာတွေလည်း မှားကြတယ်။ နှစ်ဦး၊ သင်္ကြန်၊ ဝါဝင် ဝါကျွတ် ရာသီတိုင်း အမှားတွေလာတယ်။ မြန်မာစာဟာ လာဘ်တိတ်နေတယ်။ ကန်တော့။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၅-၁၀-၂၀၁၇
၂၅-၁၀-၂၀၁၉
Photo from Daw Mi Thinn ကျေးဇူး

Tonight I Can Write ဒီနေ့ညမှာ ငါ ကဗျာရေးနိုင်ခဲ့ပြီ

မောင်သစ်တည်အမည်နဲ့ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ ချီလီကဗျာဆရာ Pablo Neruda ပါဘလိုနေရူဒါရဲ့ ကဗျာ နောက်ဆုံးပိုင်း။

ငါ သူ့ကို မချစ်တော့တာကတော့ သေချာပါတယ်။ ဒါပေမဲ့ သူ့ကို ဘယ်လောက်ချစ်ခဲ့ရသလဲ

ငါ့အသံဟာ သူ့သောတအာရုံကို ထိတွေ့ဖို့ လေကို ရှာဖို့ ကြိုးစားခဲ့တယ်။ တခြားသူ တယောက် သူဟာ တခြားသူတယောက်ရဲ့ ချစ်သူဖြစ်နေတော့မယ်

တခါတုန်းက ငါ့အနမ်းတွေလိုပေါ့ သူ့အသံ သူ့ရဲ့ တောက်ပတဲ့ကိုယ်ခန္ဓာ သူ့ရဲ့ အဆုံးမရှိတဲ့ မျက်လုံးတွေ ငါ သူ့ကို မချစ်တော့တာတော့ သေချာပါတယ်။

ဒါပေမဲ့ သူ့ကို ချစ်ချင်လည်း ချစ်ဦးမှာပဲ အချစ်ဟာ သိပ်တိုတောင်းပြီး မေ့လျှော့ခြင်းဟာ သိပ်ရှည်လျားလှတယ်ဆိုတဲ့ ကဗျာမျိုး။

ဘာဖြစ်လို့လဲ ဆိုတော့ ဒီလိုညမျိုးတွေမှာ ငါဟာ သူ့ကို ရင်ခွင်မှာပွေ့ထားပြီး ငါ့ဝိညာဉ်ဟာ သူ့ကို ဆုံးရှုံးခဲ့ရုံနဲ့ မကျေနပ်သေးဘူးဆိုတဲ့ ကဗျာမျိုး။

ဒီဝေဒနာဟာ သူ့ကြောင့် ခံစားရတဲ့ နောက်ဆုံး ဝေဒနာ ဖြစ်ချင်ဖြစ်လာမှာပဲ ဒီနောက်ဆုံး ကဗျာလေးတွေကိုတော့ သူ့အတွက် ငါရေးလိုက်ပါတယ်။

(တစ်) ခြားသူ (တစ်) ယောက် မဟုတ်။ (တစ်) ခါတုန်းက မဟုတ်ပါ။ မြသန်းတင့် စာတွေဖတ်ပြီး ကြီးပြင်းလာသူတွေက ပါးစပ်ကတော့ ဓါးတောင်ကို ကျော်မယ်တဲ့။ စသတ်ကိုတောင် မကျော်နိုင်ကြ။

ဒေါက်တာတင့်ဆွေ
၂၅-၁၀-၂၀၁၇
၂၅-၁၀-၂၀၁၉

Dry skin အရေပြားခြောက်နေရင်

၁။ ဆရာရှင့် သမီးအသက်က ၂၁ပါ လည်ပင်းတနေရာပဲကွက်ပြီး အသားခြောက်နေလို့ပါ ဆံပင်ကိုအမြဲချထားပါတယ် ဆံပင်ကဂုတ်ကျော်ဆိုတော့ ရုတ်တရက်ထဖြစ်တာ စိုးရိမ်လို့ပါဆရာ ကျန်းမာရေးကောင်းပါတယ်ဆရာ အသားခြောက်တာ သုံးရက်လောက်တော့ရှိပါပြီးဆရာ

၂။ ဆောင်းတွင်းမှာ အသားအရေခြောက်လို့ မျက်နှာကို သံလွင်ဆီလိမ်းလို့ရပါသလားရှင့်။

၃။ ကျနော့် အရေပြားဟာ ခြေသလုံး၊ ပေါင်နဲ့  လက်တို့ မှာ အရေပြားခြောက်ပြီး အဖတ်လေးတွေနဲ့ ပက်ကြားအက်သလို အရေပြားဟာ ချောမွေ့ စိုပြေခြင်းမရှိပါဘူး၊ မည်သို့ လုပ်ဆောင်ရမည်ကို လမ်းညွန်ပေးပါခင်ဗျား။ (ပပ်ကြားလို့ ရေးကြတယ်။)

အရေပြားခြောက်တာ အကြောင်းတရားအမျိုးမျိုးကနေဖြစ်စေတယ်။ တခုတည်းမကကြောင့်ဖြစ်နိုင်တယ်။ အတွင်းနဲ့ အပြင်ဆိုပြီး ကွာသေးတယ်။ အပြင်အကြောင်းခံတွေက ပိုများတယ်။ ရာသီဥတုအေးတာနဲ့ ရေငွေ့ဓါတ် နည်းတာတွေက ဖြစ်စေတယ်။ အတွင်းအကြောင်းခံတွေထဲမှာ အသက်ရလာလို့၊ မျိုးရိုး၊ ရောဂါတွေ (ပန်းနာ၊ အရေပြားနာ၊ လည်ပင်းကြီး ဟော်မုန်းနည်း-များရောဂါ၊ ဆီးချို)။ ဆပ်ပြာ အပြင်းစားတွေနဲ့ တွဲဖြစ်တာတွေပါတယ်။ အရေပြား စိုအောင်လုပ်တဲ့ Moisturizers ကို အသုံးမတတ်လို့လည်း ဖြစ်နိုင်တယ်။ သွေးတိုးကျဆေး၊ ကိုလက်စထောကျဆေး၊ အလာဂျီဆေးနဲ့ ဝက်ခြံဆေးတွေကနေလည်း ဖြစ်နိုင်တယ်။ Eczema, Psoriasisယ Atopic dermatitis နှင်းကူစတဲ့ နာတာရှည် အရေပြားနာနဲ့ ခွဲခြားရမယ်။ အာဟာရနည်းတာလည်း ပါတယ်။

ဘာလုပ်ရမလဲ
• အကြောင်းခံဆေးဝါးတွေဆိုရင် ဆေးဖြတ်တာနဲ့ သက်သာလာမယ်။
• Emollient ဆေး နေ့စဉ်သုံးပါ။ Moisturizer စနစ်တကျသုံးပါ။ အပြော့စားတွေက Cetaphil lotion, Lubriderm lotion နဲ့ AmLactin 12% lotion ဆေးတွေ။ အပြင်းစားတွေက Vaseline နဲ့ Aquaphor တွေဖြစ်တယ်။
• အဲတာတွေနဲ့ မရသေးရင် (စတီရွိုက်) ပါတဲ့လိမ်းဆေးတွေသုံးနိုင်တယ်။ Hydrocortisone 1% cream (အပြော့စား), Pramosone 2.5% cream (အပြော့စား), Triamcinolone 0.1% cream (အလတ်စား), Clobetasol 0.05% cream (အပြင်းစား) တွေဖြစ်တယ်။ စတီရွိုက်စားဆေးက တာရှည်သုံးရင် အရေပြားကို ပါးစေတယ်။
• ယားတယ်ဆိုရင် Oral antihistamines (အင်တီဟစ်တမင်း) ဆေးတွေဖြစ်တဲ့ Diphenhydramine (Benadryl), hydroxyzine (Vistaril, Atarax), Loratidine (Claritin) နဲ့ Cetirizine (Zyrtec) တွေသောက်နိုင်တယ်။
• Vaseline တနေ့ ၂-၃ ကြိမ်လိမ်းပါ။
• Lukewarm showers ရေခပ်နွေးနွေးနဲ့ချိုးပါ။
• Mild soaps ဆပ်ပြာ အပြော့စားသုံးပါ။ ဥပမာ Dove soapless cleanser, Aveeno cleanser, Cetaphil cleanser တွေဖြစ်တယ်။
• အထူး Moisturizers တွေကို သုံးနိုင်တယ်။ (လက်တစ်အက်စစ်) ပါတဲ့ (Amlactin, Lac-Hydrin) နဲ့ ယူရီယာပါတဲ့ (Urix or Carmol) တွေဖြစ်တယ်။
• Mild moisturizers တွေမှာ ရေမွှေးမပါတာက ကောင်းတယ်။
• အစားအသောက်မှာ လုံလောက်မျှတအောင် စားသုံးရမယ်။
• Omega-3 နဲ့ ဗီတာမင် (အေ) ကောင်းတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁၀-၂၀၁၉

Breaking News မြန်လိုက်ကြတာ

သတင်း ချက်ချင်းထက်ပိုမြန်မြန် တင်နိုင်သူတွေ များတယ်။
ဆေးရုံသတင်းလည်း အရေးပေါ်ထက်စောတယ်။
ဘဏ္ဍာရေးသတင်းလည်း ဘဏ်မန်နေဂျာက နောက်မှသာသိရတယ်။
တိကျသေးတယ်။

နာဂစ်ကြောင့် ကွဲအက်ပျက်စီးသွားရရှာတဲ့ ကြက်ဥအလုံးရေကို လုပ်သားပြည်သူ့နေစဉ်မှာ အတိအကျဖေါ်ပြနိုင်စွမ်းရှိတဲ့ နဝတ ပြန်ကြားရေးနဲ့ အတူတူဘဲ။

ကွဲအက် ကျေပျက်သွားသော သတင်းများလို့ခေါ်တယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁၀-၂၀၁၉

ဆောလျင်စွာ

ဆရာခဗျ စောလျင်စွာ နဲ့ ဆောလျင်စွာ ဘယ်ဟာက အမှန်ပါလဲဗျ။ အခုမှ ဒီလို အရေးအသားကို မြင်ဖူးလို့ပါ။

ဆောလျင်စွာလို့ ရေးပါတယ်။ အစောတလျင်လို့ရေးတာက စ နဲ့ ဆ မပီသသူတွေကရေးတာ။ မမှန်ပါ။

အဆောတလျင်
ဆောဆောလျင်လျင်
ဆောမြို့
ဆောရီး
ဆီးဆောကစား

စောကြောစစ်ဆေး
စောစောစီးစီး
စောစောထွတ်ခွါ
စောဒကတက်
စောဒနာ
စိတ်စော
ဘဝင်စော
စောစောအိပ်လို့ စောစောထို့ စောစောလမ်းလျှောက်ကြပါစို့

ဒေါက်တာတင့်ဆွေ
၂၅-၁၀-၂၀၁၉

ပြန်ပြန်မေးနေရတာ မြန်မာ

ပိုးသတ်ဆေးကြောင့် မြန်မာမှာရောဂါတွေ အဖြစ်များလို့ ဖတ်ရတယ်။ ပိုးသတ်ဆေးဆိုတာ စိုက်ပျိုးရေးမှာသုံးတဲ့ ဆေးတွေကိုခေါ်တာ။ တချို့က လူတွေနေမကောင်းလို့သောက်တဲ့ ပဋိဇီဝဆေး ခေါ် ဗက်တီးယားအတွက်ဆေးကိုလည်း အဲလိုရေးလေ့ရှိကြတယ်။ အဲတာက မမှန်ပါ။

မြန်မာမှာဆိုတာ မေးစရာအမြဲရှိတယ်။ မြန်မာပြည်လား၊ မြန်မာလူမျိုးလား။ သတင်းဖတ်မှ တိုင်းပြည်လို့သဲကွဲတယ်။

ခုခေတ်မှာ မြန်မာဝေါဟာရကို ထည်လဲသုံးကြတယ်။ တခါတည်းဖတ်တာနဲ့ နားမလည်။ အမေရိကရောက်နေသူတွေက မြန်မာပြန်တုန်းကလို့ အတော်ပြောကြတယ်။ ကျွန်တော်က ဘာသာပြန်တာကို ပြောတယ်ထင်နေတာ။

တိုင်းပြည်လည်း မြန်မာ၊ လူမျိုးလည်း မြန်မာ၊ စကားနဲ့စာလည်း မြန်မာ။ ရောကောသောကောဖြစ်နေတာ မြန်မာ။

အရင်ကတော့ သဲသဲကွဲကွဲ ရေးကြ ပြောခဲ့ကြပါတယ်။ အစိုးရထုတ် အဘိဓာန်တွေမှာပါ မြန်မာကို နာမ်နဲ့ နာမဝိသေသန ရောထွေး ရေးထားတယ်။ မမှန်ပါ။

VOA ဝဘ်ဆိုက်သတင်းကို နမူနာအဖြစ်သုံးရလို့ ဆောရီး၊ ကန်တော့။ အဲလိုဟာတွေ နေ့တိုင်း အများကြီးဖတ်နေရတယ်။

မြန်မာပြောသော မြန်မာသည် မြန်မာသွား၍ မြန်မာစား၏။

ဒေါက်တာတင့်ဆွေ
၂၅-၁၀-၂၀၁၉


တိုးတက်နေသော မြန်မာစာ

အင်္ဂလိပ်စာလုံးတွေ မလိုအပ်ပဲ ထည့်ရေးကြတယ်။ P တဲ့။ Pး တဲ့။ B တဲ့။ အဲလိုလာရင် ရောဂါလား စဉ်းစားရတာက တဒုက္ခ။

- အမေက HIV
- အဖေက C
- ညီငယ်က TB
- ညီမက AIDS
- မြန်မာပြည်ကြီး အလွန်တိုးတက်။

ဆောရီး။ ကန်တော့။

P ပီ ကူးစက်ရောဂါ https://doctortintswe.blogspot.com/2017/02/p.html
P B D ရောဂါများ https://doctortintswe.blogspot.com/2018/10/p-b-d.html

ဒေါက်တာတင့်ဆွေ
၂၅-၁၀-၂၀၁၅
၂၅-၁၀-၂၀၁၉

ပျောက်သောလမ်းမှာ စမ်းတဝါး

မိုးမိုး (အင်းလျား) ရေးတဲ့ဝတ္တု။

ခုခေတ်မှာတော့ စမ်း (တစ်) ဝါး တဲ့။ နမူနာအမှားနဲ့ တွဲတင်သင့် မတင်သင့် အတော်စဉ်းစားပါတယ်။ ဆောရီး။ ရှိသေးတယ်။

မြန်မာစာ ပျောက်သောလမ်းမှာ စမ်းတဝါး။

ဒေါက်တာတင့်ဆွေ
၂၅-၁၀-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး