အတိတ်ဘီလူး
မနှစ်က လူရင်းဆရာဝန်တယောက်က တင်ထားတယ်။ ပျဉ်းမနားမှာ ထန်းသီးစားချင်လျှင် ခွေးဘီလူးကားနဲ့ စင်းလုံးပြည့် သယ်လာပြီး ရောင်းနေတာ။ တလုံး ၃၀၀ ကျပ်တဲ့။ ခွေးဘီလူးကို အလည်ပြန်မှသာ မြင်ဖူးတယ်။ သဘောကောင်းတယ်။ သွားချင်တဲ့နေရာတွေ လိုက်ပို့တယ်။ ညီတယောက်က ပုလဲနယ်ကရွာတွေ လိုက်ပို့ပေးတယ်။ တူတယောက်က ဘုတလင် နယ်ထဲ လိုက်ပို့ပေးတယ်။
ဆရာမင်းသုဝဏ်ကဗျာကိုပါ အမှတ်ရတယ်။
အတိတ် ဘီလူး
တကိုယ်တည်းသာ တညခါက
ငါလျှင်အိမ်ဝင်း မြေတလင်း၌
တွေးရင်း တောရင်း ထိုင်သတည်း။
တွေးကာ တောကာ ထိုအခါ၌
ကြီးစွာအမိုက် ညဥ့်မှောင်တိုက်ကို
ထိုးရိုက်ဖေါက်ခွဲ တင်းပုတ်စွဲလျက်
ပြူးပြဲမျက်လုံး ဒေါရောင်ဖုံးလျက်
စွယ်စုန်းငေါငေါ မွေးသောသောနှင့်
ယက္ခောပြိတ္တာ ငါ့ဆီလာလျက်
ချောက်လှာ သတ်မည်ပုတ်မည်တည်း။
ငါလည်းကြောက်လန့်
ကြက်သေတန့်လျက်
မျက်ဆန့်ပြူးကျယ် နေခါဝယ်၌
မယ်မယ်ငါ့မိ ထွက်လာဘိ၍
မချိခံစား အိုမေ့သား
မှောင်ကြားထွက်လာ ဤပြိတ္တာကား
သားမှာဖြစ်လျက် ရှေးဖြစ်ပျက်ဟု
အနက်ထွေထူး တိတ်ဘီလူးတည့်
မျက်ပြူးချောက်လှန့် သားမလန့်နှင့်
ထက်ချွန့်အသွား လစ်လျူဓါးကို
ငါ့သားစွဲကာ ခုခံပါဟု
ပေးလှာငါ့မိ ဓါးကိုတည်း။
ငါ့မိပေးသွား လစ်လျူဓါးကို
ယောက်ျားပြီပြီ ငါမြှောက်ချီ၍
မထီလေးစား ဘီလူးသားကို
ထွားထွားညက်ကျေ ခုတ်စဉ်းလေမှ
ပြေပြေညင်းညင်း လေချိုသွင်း၍
လင်းရှေ့မှာ ပေါ်သတည်း။
ဆရာမင်းသုဝဏ်ကဗျာမှာ တကိုယ်တည်းသာ တညခါ ဖတ်ရတာ တစ်မနေပါ။ အမျိုးတွေကလိုက်ပို့ပေးတဲ့ ခွေးဘီလူကားလည်း လမ်းမှာ မတစ်။
အခုတခါ လူရင်းဆရာဝန်နောက်တယောက်က ဘန်ကောက်လေဆိပ်က ဘီလူးရုပ်ရှေ့ ဓါတ်ပုံရိုက်တာတွေ့ပြန်တယ်။ သူကမန္တလေးသား။ ကျွန်တော်က မန္တလေးတောင်ပေါ်က စန္ဒမုခီ ဘီလူးမရုပ်ကို သတိရပြန်တယ်။ ရှင်အာနန္ဒာ ဒေသစာရီ ကြွချီတော်မူစဉ်က စန္ဒမုခီဘီလူးမဟာ ကြည်ညိုသဒ္ဓါပွါးပြီး သူ့ရဲ့ရင်သားအစုံကို ဖြတ်လှူခဲ့တယ်။ ရှင်အာနန္ဒာက မန္တလေး တောင်ပေါ်ကနေ လက်ညှိုးညွှန်ပြီးသကာလ ဒီအရပ်မှာ နောင်တချိန်မှာ သာသနာ့ဒါယိကာမင်းနဲ့ သာသနာတော် စည်ပင် ထွန်းကားလိမ့်မယ်လို့ ဗျာဒိတ်တော်ထားခဲ့တယ်။
ဆရာဝန်ဘဝမှာ ရင်သားကင်ဆာလူနာတွေကို ခွဲစိတ်ဖြတ်တောက်ပေးတိုင်းမှာ သတိရခဲ့ပါ။ ရင်သားကင်ဆာ ကျဆုံးပါစေ။
ဒေါက်တာတင့်ဆွေ
၆-၁၀-၂၀၁၉

Comments
Post a Comment