တော်ပါပြီဆက်မလှမ်းချင်ဘု နှင့် မိုက်မလင်းနိုင်ဘု
ငွေတာရီရဲ့ ထိပ်ဆုံးသို့ ကဗျာမှာ တောပါပြီ ဆက်မလှမ်းခင်ဘူ့ လို့ရေးတာရယ် တောပါပြီ ဆက်မလှမ်းခင်ဘူ လို့ ရေးတာရယ်တွေ့ ရပါတယ် ဆရာ။ ဘုလား ဘူ့ လားဆရာ။
မူရင်းကဗျာ မဟုတ်။ တတွေကို တစ်နဲ့ရေးထားတယ်။ ငွေတာရီ မင်းယုဝေတို့က သတ်ပုံအမှန်နဲ့သာ ရေးကြတယ်။ တော်ပါပြီ ဆက်မလှမ်းချင်ဘုလို့ ရေးတယ်ထင်ပါတယ်။
ထိပ်ဆုံးသို့ (ငွေတာရီ)
တတောင်ပေါ် တတောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ။
တတောင်ဆုံးပြန်တော့
တလုံးကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။
ခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်ပါ့မလား။
စခဲ့မိဟာပေါ့
တနေ့မှာဆုံးရာ ရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်းအသာဖြေဦး
မာလာငွေကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့် လူသား။ ။
ကျေးဇူးပါ ဆရာ။ ဘုနဲ့ ဘူ့ အသုံးလေးသိချင်လို့ ပါ
သတ်ပုံကျမ်းမှာ ဘု ကို ဒီနေရာတွေမှာသာ သုံးပါတယ်။
ဘုကျသည်
ဘုဇပတ်ပင်
ဘုမသိဘမသိ
ဘုရင်မ
ဘုရင်မင်းမြတ်
မှန်ပါ့ဘုရား
မိဘုရား
မြတ်စွာဘုရား
မောင်းဘု
ကဗျာ၊ သီချင်း၊ သံချပ်၊ ဆောင်ပုဒ် စတာတွေမှာ စံကိုက်သတ်ပုံမဟုတ်တာမျိုး သုံးကြတာတွေရှိတယ်။
မိုက်မလင်းနိုင်ဘု သံဝေဂလေးချိုးကြီး (လယ်တီဆရာတော်ဘုရားကြီး)
မိုက်မလင်းနိုင်ဘု၊ မြိုက်ခင်းညာဆီမှာ၊ ခါတော်မီ သီမဝေ့နိုင်ဘု၊ ဒီကွေ့တွင် နေကုန်မျောပြန်ရ၊ အတော ဘယ်မသတ်နိုင်တဲ့ ရဟတ်ဗွေ။
ငါးရပ်ကယ်စုံညီ၊ ဒုလ္လဘီငယ်၊ ကြုံမှီ(ပြီ)ခုခေတ်၊ မြခင်းဇမ္ဗူ၊ မှန်ကင်းငယ်ထူ၊ လူ့ထက်လူ ဖြစ်ပါလျက်၊ အနှစ်ကယ်မနွယ်၊ အကာတောမှာ၊ ဗျာမောကျယ်လို့၊ အကယ်ယောင်ယောင်၊ အမြင်မဖြောင့်၊ အညင်ထောင့်၊ မှောင့်ထက်မှောင်၊ သန်းခေါင်လမိုက်၊ မိုးတိမ်မြှေးတဲ့၊ မီးသွေးတိုက်မှာ၊ အလိုက်ကယ်ဘာသာ၊ အမြင်မငွေ့၊ အထင်ရွေ့နှင့်သာ၊ အလေ့ရှာလျှက်၊ အခါနာရီ၊ ရွေ့ ရွေ့ ငယ်ချီ၊ တီထိဆန်းဆုတ်၊ ရတုအစဉ်၊ လုလုငယ်နှင့်၊ အတွင်ချုပ်လို့၊ သုတ်သုတ်ငယ်ရက်ရေ၊ ဇရာလက်မှာ၊ အသက်သာကြွေတော့တယ်၊ အသေသတ်လက်မရွံကို၊ အသက်ခွန် ပဏ္ဏာသွင်းရန်ဖို့၊ ထမင်းအစာစုံနှင့်၊ ခန္ဓာရုံ မြုံပြတီးဆီက၊ အငြီးဖြေကာ စောင့်ရှောက်ကြ၊ စိုးနှောင့်သင်္ချေ။
သို့ပါမူလဲ၊ ပူနွယ်ဆွေးနွယ်၊ အရေးကျယ်တွေကို၊ အေးဖွယ်ထင်မှတ်၊ အစမမြင်၊ ဘဝလျဉ် အစဉ်ငတ်သမို့၊ မသတ်ကယ် အာသာ၊ အာရုံဓမ္မ၊ ပြာပုံမွမှာ၊ ရသာရှာလျှက်၊ ငါ တလူလူ၊ ပမာမူ ရွာသူတို့ဝက်၊ အစားများ ထူ၊ အသားလူ ဆူလေလေ ခက်ပါလျက်၊ ရမ္မက်ကယ်မာန်ဝင်၊ သူ့အသင်းမှာ သူမင်းပဲ ထင်လိုက်လို့၊ ရွှင်နိုင်မျှဝက်သဏ္ဌာန်လို၊ အချက်မှန် ပေါ်မလင်းစေဖို့၊ ဖော်သင်းရွေ မိတ်သင်ယှက်သည့်ပြင်၊ ခက်မက်ဖွယ်အစုံစုံပ၊ မာန်တဂုဏ် ဟန်ပုံနှင့် ဖုံးရှာကြ၊ ရှုံးပလေ့ ထုံးမြေပြာစု မိတ်တွေမို့။
ငါတလုံးနယ်၊ အနှုန်းငယ်ကျယ်သည်၊ သုံးသွယ်မြုံသိုက်၊ ဘုံတလှိုက်မှာ၊ တုန်ရိုက်ကယ်ဆူညံ၊ မြူမချန် ပူလျှံ တောက်ညီး၊ အမြဲစတေ၊ မစဲချွေ အသေမီးတဲ့၊ အပြီးငယ်ကုန်စင်၊ ဘုံတခွင်ကို အတွင်လောင်မြိုက်၊ အပြောင်တိုက်လို့၊ အမိုက်ကယ် မလောက်၊ သူကသာမောက်တော့၊ နောက်နောက်ကမ္ဘာ၊ အဖန်ဖန်လာလဲ၊ အစာသူ့တွင်၊ တခုသာ ဝင်ကြရ၊ သင်္ခတရုပ်နာမ်ငယ်၊ အဟုတ်ဉာဏ် မတင်စီးနိုင်ဘု၊ သည်မီးတည ဘယ်တကိန်းမှာမှ၊ ငြိမ်းပါ့မယ်လို့။ ။
ငွေတာရီကဗျာတွေကို အွန်လိုင်းမှာတင်ထားကြတာ ဘီဘီစီကတင်တာမှာသာ သတ်ပုံမှန်တယ်။ ကျန်တာတွေက တွေ့သလောက် တ ကို စသတ်ထည့်ရိုက်ထားကြတယ်။ မလုပ်ကောင်းပါ။ ကိုယ်တတ်ရင် ကိုယ့်ကဗျာမှာ ကိုယ့်သတ်ပုံနဲ့ ရေးကြပေါ့။
စာရိုက် ကွဲလွဲတာရှိရင် ကျွန်တော့်တာဝန်သာဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၆-၁၀-၂၀၁၉

Comments
Post a Comment