A Midsummer Nights’ Dream နွေလယ်အိပ်မက် ပြဇာတ်

ယူရေးနပ်ဂြိုဟ်ရဲ့အကြီးဆုံးလအမည်က Titania တိုင်တေးနီးယား။ အဲတာက ရှိတ်စပီးယားပြဇာတ်တခုထဲက နတ်သမီးအမည်ကို ယူထားပါသတဲ့။ ကျွန်တော်ကတော့ အဲလိုဘာပြန်စာတွေမှာ အင်္ဂလိပ်အမည်တွေပါတာ နားလည်ရခက်လို့ စာရင်းရှည်ကြီး ချရေးထား ဖတ်ပါတယ်။

Theseus သီးဆီးယပ်စ် = Duke of Athens အေသင်မြို့စားကြီး၊
Hippolyta ဟစ်ပိုလီတာ = မိဖုရားကြီး၊
Egeus အီးဂျီးယပ်စ် = Hermia ဟာမီယာရဲ့ဖခင်၊
Hermia ဟာမီယာ = အီးဂျီးယပ်စ် သမီး၊ Lysander လေဆန်ဒါနဲ့ ကြိုက်နေသူ၊
Lysander လေဆန်ဒါ = ဟာမီယာနဲ့ ကြိုက်နေသူ၊
Demetrius ဒီမီထရီးယပ်စ် = Hermia ဟာမီယာကို ကြိုက်နေသူ၊
Helena ဟယ်လီနာ = Hermia ဟာမီယာ သူငယ်ချင်း၊ Demetrius ဒီမီထရီးယပ်စ်နဲ့ ကြိုက်နေသူ၊
Oberon အိုဘာရွန် နတ်မိမယ်တို့၏ ဘုရင်၊
Titania တိုင်တေးနီးယား = Oberon အိုဘာရွန်၏ မိဖုရား၊ နတ်မိမယ်တို့၏ ဘုရင်မ၊
Robin Goodfellow ရော်ဘင် = မကောင်းဆိုးဝါးကောင်၊
Nick Bottom ဘော်တွမ်= မကောင်းဆိုးဝါးကောင်၊

ဂရိနိုင်ငံ အေသင်မြို့စားကြီး သီးဆီးယပ်စ်က ဟပ်ပိုလီတာနဲ့ အကြီးအကျယ် လက်ထပ်ဖို့စီစဉ်နေတဲ့အချိန်

အဲဒီအချိန်မှာ အီးဂျီးယပ်စ်က သူ့သမီး ဟာမီယာကို ခေါ်လာတယ်။ ဟာမီယာရဲ့ရည်းစား လေဆန်ဒါနဲ့ ဒီမီထရီးယပ်စ် တို့လည်းပါတယ်။ အီးဂျီးယပ်စ်က လျှောက်ထားတယ်။ သူ့သမီးက လေဆင်ဒါးနဲ့သာ လက်ထပ်ချင်နေပြီး ဒီမီထရီးယပ်စ် ကို ယူဘို့ငြင်းနေလို့ အဲလိုငြင်းနေမယ်ဆိုရင် သူ့သမီးကို သေဒဏ်အပြစ်ပေးခွင့် ပေးပါလို့ မြို့စားကြီးကို ခွင့်တောင်းတယ်။

မြို့စားကလည်း သဘောတူပြီး၊ ဖခင်ပေးစားသူကို ယူရင်ယူ မယူရင် သီလရှင်ကျောင်းသွားနေ  ကြိုက်ရာရွေးစေတယ်။

ဟာမီယာ ရဲ့ ရည်းစား လေဆန်ဒါက ကန့်ကွက်သေးတယ်။ ဒါပေမဲ့ ဥပဒေကို ကျော်လို့ မရနိုင်။

အဲတာနဲ့ သူတို့ ရည်းစားနှစ်ယောက် ညကျရင် အေသင်မြို့အပြင်က တောအုပ်ကြီးထဲ ထွက်ပြေးကြဘို့တိုင်ပင်ကြတယ်။ အဲဒီနေရာက အေသင်ဥပဒေသက်ရောက်မှုက လွတ်ကင်းနဲ့နယ်မြေ။ သူတို့အကြံအစည်ကို သူတို့ကိုကူညီလေမလား အထင်နဲ့ ဒမီးထရီးယပ်စ်ကို ကြိုက်နေတဲ့ ဟယ်လီနာကို ပြောတာမှာ ဟယ်လီနာက ဒီမီထရီးယပ်စ်ကို ပြောပါလေရော။

အနုပညာသမားတွေက မြို့စားကြီးမင်္ဂလာပွဲမှာ ပြဇာတ်ကဘို့ စီစဉ်ကြတယ်။ ဇာတ်လိုက်တွေက နစ်ဘော်တွမ် နဲ့ ဖလု။ စောစောက တောအုပ်ထဲသွား ဇာတ်တိုက်ကြမယ်။

တိုင်တင်းနီးယားမိဖုရားဆီမှာ ခစားနေတဲ့ ရော်ဘင်ဟာ နတ်မိမယ်နဲ့ တွေ့တယ်။ ဘုရင်အိုဘရန်ဟာ သစ်တောထဲမှာ ရှိနေကြာင်းပြောပြတယ်။ တိုင်တင်းနီးယားကို ဘုရင်ကြီးနဲ့ မတွေ့နဲ့ ရန်ဖြစ်ရလိမ့်မယ်လို့ ပြောတယ်။ ဒါပေမဲ့ တိုင်တင်းနီးယားက ဘုရင်နဲ့တွေ့တယ်။ တကယ်ပဲ တိုင်တင်းနီးယားက ခိုးယူမွေးစားထားတဲ့ ကလေးကိစ္စနဲ့ စကားများကြတယ်။

အဲတာနဲ့ ဘုရင်က မိဖုရားကို လှည့်စားဘို့ကြံစည်တယ်။ နတ်မျက်စဉ်းသုံးမယ်။ ခပ်ထားသူဟာ မျက်စိဖွင့်တာနဲ့ အရင်ဆုံး တွေ့တဲ့သူကို ကြိုက်လိမ့်မယ်။

ဘုရင်အိုဘရွန်က ဒီမီထရီးယပ်စ်နဲ့ ဟယ်လီနာတို့ တောအုပ်ထဲမှာရှိနေတာကို ကြားထားတယ်။ ဒီမီထရီးယပ်စ်က ဟယ်လီနာကို ထားရစ်ရစ်ပြီး ထွက်သွားတယ်။

ဘုရင်က အခြေအနေကိုအပြောင်းအလဲလုပ်ဘို့ ကြံစည်တယ်။ သူ့တပည့် ရော်ဘင်ကို ဒီမီထရီးယပ်စ်မျက်စိထဲကို ဆေးခပ်ခိုင်းတယ်။ နောက် တက်တီနာကိုလည်း မျက်စဉ်းခပ်တယ်။ ရော်ဘင်က ဒီမီထရီးယပ်စ်ကို လိုက်ရှာတယ်။ သူတွေ့တာက လေဆင်ဒါး။ အဲတာနဲ့ မတော်တဆ ဟယ်လင်နာက လေဆင်ဒါးနဲ့တွေ့။ လေဆင်ဒါးက ဟယ်လီနာကို ကြိုက်ရော။ နောက်ကနေလိုက်ရော။ သူတို့နှစ်ယောက်လုံး ဘုရင်အိုဘရွန်စောင့်ကြည့်နေတဲ့ဆီ ရောက်သွားကြရော။

ဘုရင်လည်း မှားပြီဆိုတာ သိလိုက်တယ်။ အိုဘရွန်က ဒီမီးထရပ်စ်ကို တခါ ဆေးခပ်ပြန်တယ်။ စစချင်းတွေ့တဲ့ ဟယ်လီနာကို ကြိုက်သွားရော။ အဲတော့ ယယ်လီနာက ဒီယောက်ျားနှစ်ယောက်လုံးက သူ ဒီမီထရီးယပ်စ်ကို ကြိုက်မိလို့ ဒုက္ခပေးနေကြသလား တွေးတယ်။

ဇာတ်တိုက်မဲ့သူတွေ တောထဲရောက်လာကြပြီ။ ဇာတ်ဝင်ခန်း စာသားတွေ ထပ်ချည်းတလဲ လွဲဆိုကြသတဲ့။ ခြင်္သေ့လုပ်ရသူက သူဟာခြင်္သေ့မဟုတ်ပါလို့ကြေညာတယ်။ ဘော်တွမ်ကလည်း ပရိတ်သတ်ကို သူတကယ်မသေဘူးလို့ ပြောပြန်ရော။ သေချင်ယောင်ဆောင်တာပါတဲ့။

အဲလို ကပျက်ကချော်ဖြစ်နေတာကို မြင်တဲ့ ပတ်ခ်က ဘော်တွမ်ရဲ့ခေါင်းကို လားခေါင်းတပ်ပေးပါသတဲ့။  မြင်ကြသူတွေက လန့်ပြီးထွက်ပြေးကြတယ်။ ဘော်တွမ်က တိုင်တေးနီးယားကိုတွေ့ပြီး အိပ်ယာကနှိုးပေးတော့ တိုက်တေးနီးယားက သူ့ကို ကြိုက်ပြီး ခေါ်သွားတယ်။

လေဆင်ဒါး နဲ့ ဒမားထရီးယပ်စ်တို့ဟာ ဟယ်လီနာအတွက် နောက်တချီ ရန်ဖြစ်ကြတယ်။ ပတ်ခ်က ဝင်တာတယ်။ သစ်တောထဲကို မူးခြားပတ်ခြာလည်အောင် ခေါ်သွားလိုက်တာ နှစ်ယောက်သားမူးလဲကျသွားရော။ အမျိုးသမီး နှစ်ယောက်ကိုပါ အဲဒီအရောက်ခေါ်လာပြီး အိပ်စေတယ်။

အိုဘရွန်က တိုင်တန်းနီးယားကို ရှာပြီး ဆေးပျယ်အောင်လုပ်ပေးလိုက်တယ်။ ဘော်တွမ်ဟာ သူနိုးလာတော့ အိပ်မက် ကမ္ဘာထဲရောက်နေတယ်လို့ ထင်လိမ့်ဆိုပြီး ပရိတ်သတ်ကိုပြောပြတယ်။ လေဆင်ဒါကိုပါ ဆေးပျယ်စေလိုက်တယ်။

သီးဆီးယပ်စ် ပျောက်တဲ့သူတွေရှာဘို့ ရောက်လာတယ်။ အိပ်ပျော်သူတွေနိုးလာအောင် ကျွဲချိုတွေမှုတ်စေတယ်။

ချစ်သူစုံတွဲတွေက သူတို့ ဘာကြောင့်တောအုပ်ထဲရောက်နေပါတယ်ဆိုတာ ပြောပြကြတယ်။ အဲတော့ အီးဂျီးယပ်က ဟာမီယာအပေါ် ဥပဒေသက်ရောက်ခွင့်တောင်းတယ်။ ဒါပေမဲ့ ဒီမီထရီးယပ်စ်က သူ အခု ဟာမီးယားကို မချစ်တော့ပါဘူးလို့ ဆိုလာတယ်။ ဟယ်လင်နာကိုသာ ချစ်ပါသတဲ့။ သီးဆီးယပ်စ်လည်း သဘောတူလိုက်ပြီး လက်ထပ်ပေးတယ်။ အေသင်ကို ပြန်ကြတယ်။

ဘော်တွမ်နိုးလာပြီ။ သူအိပ်မက်ကြီးမက်ခဲ့တယ်လို့ ထင်နေတယ်။ အေသင်ကို ချက်ချင်းပြန်တယ်။ အပေါင်းအသင်းတွေနဲ့အတူ သီးဆီးယပ်စ်နဲ့ နန်းတော်သွားကြတယ်။ သီးဆီးယပ်စ်က ပိရမတ်စ်နှင့် သီးစ်ဘီစ် ပြဇာတ်ကို စီစဉ်စေတယ်။ ဘော်တွမ်နဲ့အဖွဲ့သားတွေက တင်ဆက်ကြတယ်။ နောက် အိပ်ပျော်သွားကြရော။

အိုဘရွန်နဲ့ တိုင်တေးနီးယားတို့က စုံတွဲတွေကို ကောင်းချီးပေးတယ်။

ပြဇာတ်မဆုံးခင် မကောင်းဆိုးဝါးကောင် ပတ်ခ်ကနေ ပရိတ်သတ်ကို တောင်းပန်စကားပြောတယ်။ သူတို့စော်ကားသလို ပြောဆိုမိခဲ့တာများရှိရင် ခွင့်လွှတ်ပေးပါ။ နိဂုံးစကားကတော့ တကယ်လို့ ပြဇာတ်ဟာ နှစ်သက်စရာမကောင်းပါဆိုရင် အိပ်မက်လို့သာ မှတ်ယူပေးပါခင်ဗျား။

စာချောစရာလေးတွေ ရှိပါဦးမယ်။ အိပ်ချင်ပြီ။

ဒေါက်တာတင့်ဆွေ
၉-၁၀-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး