My Dream Essay ညကအိပ်မက် စာစီစာကုံး

နံရံကို မိုးပေါက်တွေလာမှန်တဲ့အသံနဲ့ အိပ်နေရာက နိုးလာပါသည်။ မနိုးမီ အိပ်မက်မက်နေသည်။ ကျွန်တော်သည် ဆေးရုံလူနာတွေကို လှည့်ကြည့်နေပါသည်။ လူနာတချို့ ဆေးရုံက ဆင်းကြတော့မည်။

ကျွန်တော်ထိုင်တဲ့နေရာ ပြန်ရောက်အလာ လူနာမိသားတစုက လာနှုတ်ဆက်ကြသည်။ ကျွန်တော့်ရှေ့မှာ ထိုင်နေကြတာ လူနာ့ဖခင်က ရှေ့ဆုံးက။ ပင်ဖြူချည်ထည် ဝတ်ထားသည်။ လက်နှစ်ဖက်နဲ့ အထုပ်တထုပ် လက်ဆောင်ပေးပါသည်။ အညာပဲဖြူ တပြည်သားလောက်ရှိမည်။ လူနာဖြစ်တဲ့သမီးငယ်လေးက ဖအေ့နောက်နား ဝပ်တွားနေသည်။ ဆရာဝန့် မျက်နှာကို မော်မကြည့်ရဲရှာ။ အဖေကိုယ်နဲ့ ကွယ်ထားသည်။ အမေဖြစ်သူ ပိန်ပိန်ပါးပါး၊ အသားညိုညိုက နောက်ဆုံးမှာ။ စကားတလုံးမှ မပြောပါ။ မျက်လုံးနဲ့သာ နှုတ်ဆက်ပါသည်။

ကျွန်တော့်စားပွဲပေါ်မှာ အထက်က မီးသီးအလင်းရောင်လား၊ ဆေးရုံအမိုးပေါက်က နေရောင်လားမသိ၊ ထိုးကျနေပါသည်။

ကျွန်တော် ပြန်အိပ်ပျော်ဖို့ ကြိုးစားပါသည်။ နောက်တခါအိပ်ပျော်ချိန် နောက်အိပ်မက်သစ် မက်ချင်နေသည်။ လာနှုတ်ဆက်တဲ့ လူနာ့ဖခင်က ဂျင်းတဲလ်မင်းက ရှိတ်ကင်းလုပ်ပါသည်။ နေကောင်းသွားပြီဖြစ်တဲ့ သမီးဖြစ်သူက ဒူးနေရာပေါက်ပြဲနေတဲ့ ဂျင်းပင်ဝတ်ထားပြီး လက်ကိုဝေ့ဖ်လုပ်ပြမည်။ အမေ လက်ညှိုးသုံး ဖုန်းပွတ်နေမည်။ ကျွန်တော့ ဆေးရုံကြီးကား အပျံစား။

ကျွန်တော် ပြန်လည်အိပ်ပျော်သွားပါသည်။ မနက် မိုးဆက်ရွာနေသည်။

ဒေါက်တာတင့်ဆွေ
၆-၁၀-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ