သုံးသပ်ချက်ရယ်တော့ မဟုတ်ပါ

Unicode နဲ့ မြန်မာပြည်သူ ဆရာ့အမြင် သုံးသပ်ပေးပါ ဆရာ

ကွန်ပြူတာပညာ ဖုန်းပညာ ဖေါင့်ပညာတွေ မတတ်ပါ။ အဲလိုလူကနေ အကောင်း အဆိုးပြောတာ မသင့်ပါ။

ဖေါင့်မတူလို့ မေးတာတွေကို မဖတ်တတ်။ ဖေါင့်ပြောင်းဖတ်ပြီး ဖြေတာကို မေးတဲ့သူတွေက မဖတ်တတ်တဲ့ဒုက္ခကတော့ နာရီတိုင်းမှာ ရောက်နေတယ်။

ကျွန်တော် မေးတာတွေဖြေနေတာ ဆယ်စုနှစ်တခုကျော်ပြီ။ အခုလိုအခက်အခဲက လွန်ခဲ့တဲ့ ရက်ပေါင်း ၂၀ လောက်က စတယ်။ အရင်က စင်းလုံးချောနေခဲ့တာ။

နည်းတွေ တယောက်ပြီးတယောက် တခုပြီးတခု ပေးလာကြတယ်။ အတူတူဟုတ် မဟုတ်၊ အလုပ်ဖြစ်မဖြစ် မသိ။ တခုကိုမှ စမ်းမကြည့်ပါ။

ဘလော့မှာ ပို့စ်ပေါင်း ၁၄၆၂၅ ခုတင်ထားတယ်။ ကွန်ပြူတာမှာ ဖိုင်တသောင်းခွဲ သိမ်းထားတယ်။ PDF ပြောင်းနည်းက ကျွန်တော့်အတွက် အဖြေမဟုတ်ပါ။ စာအဟောင်းတွေမှာ အမှားတွေ အလွဲတွေ ပါနေခဲ့တာတွေ့တိုင်း ပြင်ရပါတယ်။ ဆေးပညာစာဆိုတာ အပ်ဒိတ်လုပ်နေရတာမျိုး။ PDF ဖိုင်ကိုပြင်လို့ရဦးတော့ အတော်အချိန် ကုန်မယ်။ ကျွန်တော့်မှာ အချိန်မရှိ။

ကျွန်တော့်ကို ယူနီကုဒ်သုံးပါလို့ အကြံပေးနေတာ ၂ နှစ်လောက်ရှိပါပြီ။ အကြံပေးသူတွေက ယဉ်ယဉ်ကျေးကျေး ရေးကြတယ်။ အခုတလောဖတ်ရတဲ့ ဆေးကြော်ငြာသလို၊ လောဘီလုပ်သလို၊ မဲဆွယ်သလိုတွေ မဟုတ်ပါ။

ဘာပြောင်းပြောင်း လူတိုင်းအတွက် စဉ်းစားမရတတ်။ အများအဆင်ပြေတာ လုပ်ကြရတယ်။ ကျွန်တော်လိုလူက အနည်း။ ဘယ်တတ်နိုင်မှာလဲ။ သုံးသပ်ချက်ရယ်တော့ မဟုတ်ပါ။ ဒေါင့်လေးတခုမှာ ဖြစ်နေတာ။

ကျွန်တော်က လွယ်နေ မှန်နေတာကို ခက်အောင် လွဲအောင်လုပ်တာ မကြိုက်ပါ။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၅-၁၀-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး