Questions on 15-10-2019

ည နှင့် နေ့

လက်ဖက်ပွဲနှင့် ညပွဲဆက်ရမည်
ဆယ့်နှစ်နာရီထိုးတာနဲ့ နှစ်ပတ်လည်စာတွေလာမည်
သင့်နိုးရာကို ပြန်ပြင် ပြန်တင်မည်

မေးခွန်းတွေ အိပ်နေကြဦးမည်
သူတို့ နိုးတဲ့အချိန်မှာ လက်ဖက်စားသူ အိပ်ပါမည်
နေသည် မျက်နှာလိုက်၏။

ဒေါက်တာတင့်ဆွေ
၁၅-၁၀-၂၀၁၉

သမား

အသက်မွေးရန် တစုံတခုသော အတတ်ပညာနှင့်ဖြစ်စေ အလုပ်အကိုင်ဖြင့်ဖြစ်စေ လုပ်ကိုင်၍ အသက်မွေးသူဟူသော အနက်အဓိပ္ပါယ်သက်သည်။ ထို့ကြောင့် ဆေးအတတ်ကို တတ်သဖြင့် ဆေးကုစားသူကို ဆေးသမား၊ မျက်လှည့်ပြစားသူကို မျက်လှည့်သမား၊ လှည်းတိုက်စားသူကို လှည်းသမား စသည်ဖြင့် များစွာသော နာမ်ပုဒ်တို့နှင့် ဆက်ဆံနိုင်သည်။ (ဤနေရာတွင် ဆေးဝါးမ န္တရားစသည်ဖြင့် ရောဂါဘယတို့ကို ကင်းပျောက် ချမ်းသာရန် ကုသနိုင်သူ ဆေးသမားကိုယူ။)

ကန်တော်မင်းကျောင်းဆရာတော်ရေးသားခဲ့တဲ့ လောကသာရပျို့ထဲမှာရေးထားတာ တစ်စုံတစ်ခုသော မဟုတ်ပါ။ အနက်အဓိပ္ပါယ်မှာလည်း အနက်အဓိပ္ပာယ်လို့ မရေးပါ။ နိုင်ငံရေးသမားများ၊ စာသမားများကို တင်ပြလိုက်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၁၀-၂၀၁၈
၁၅-၁၀-၂၀၁၉

Diaper ကလေးအတွက် ဒိုင်ယာပါ

ဆရာ မင်္ဂလာပါ ရှင့် ကျွန်မရဲ့ သားလေးက သုံးလရှိပါပြီ မွေးစ ကတည်းက diaper သုံးပါတယ် သူများတွေက ခြေထောက်ခွင်တတ်တယ်ဆိုပြီး ပြောကြပါတယ်ရှင့် Diaper ကို မှန်ကန်အောင်၊ ကလေးခြေထောက် မထိခိုက်အောင် ဘယ်လို သုံးရပါမလဲရှင့် ကျေးဇူးတင်ပါတယ် ရှင့်

သူများနိုင်ငံတွေမှာ ကလေးတိုင်းကို ဒိုင်ယာပါသုံးပါတယ်။ Club foot ခြေခွင်တယ်ဆိုတာ မမွေးခင် ဗိုက်ထဲကတည်းက ပါလာတာ။

How to Change a Diaper | Pampers https://www.youtube.com/watch?v=PutHMl2UwaE

Diaper rash ဒိုင်ယာပါ လောင်ခြင်း https://doctortintswe.blogspot.com/2017/08/diaper-rash.html

Zinc oxide cream ဇင့်အောက်ဆိုက်ခရင်မ် https://doctortintswe.blogspot.com/2016/10/zinc-oxide-cream.html

ဒေါက်တာတင့်ဆွေ
၁၅-၁၀-၂၀၁၈
၁၅-၁၀-၂၀၁၉

Milo မိုင်လို

မင်္ဂလာပါ ဆရာ Nestle က ထုတ်တဲ့ Milo ကို အသက် ၇ နှစ်မှ ၁၂ ထိသောက်သုံးရန် အကောင်းဆုံးဖြစ်တယ်လို့ သိရပါတယ် ကျွန်တော့ သမီးက အသက် ၂ နှစ် ၂ လပါ သမီး Milo အရမ်း ကြိုက်ပါတယ် ကျန်းမာရေးအရ ဒီ အသက်အရွယ်မှာ တိုက်သင့်ပါသလား

Milo မိုင်လိုထဲမှာ ချိုတာပါလို့ ကလေးတွေကြိုက်ကြတယ်။ သတိထားစရာတချို့တော့ ရှိတယ်။ သကြားဓါတ်ရဲ့သဘောက ဘယ်ကနေရရ ကိုယ်အလေးချိန်တိုးမယ်။ အချိုကြိုက်လွန်းရင် တခြားအရသာတွေကို မကြိုက်တာဖြစ်တတ်တယ်။ သွားပေါက်ပြီးရင် သွားအပေါ်ယံလွှာကို ထိခိုင်နိုင်လို့ အချိုစားပြီးတိုင်း ပါးစပ် ဆေးသင့်တယ်။ မိုင်လိုထဲမှာ Vitamins A, B1, B2 & C တွေပါတယ်။ ဒါပေမဲ့ မိခင်နို့နဲ့ ဖေါ်မြူလာနို့မှုန့်လောက် မပြည့်စုံပါ။ မိုင်လိုကို နွားနို့ကနေလုပ်တယ်။ နွားနို့မတည့်သူတွေ မသင့်။ ကလေးဘယ်အရွယ်မှသာတိုက်လို့တော့ သုတေသနမရှိ။

ဒေါက်တာတင့်ဆွေ
၁၅-၁၀-၂၀၁၈
၁၅-၁၀-၂၀၁၉

ဆုတောင်းခြင်းအမှု

ကန်တော့သူတွေလာတိုင်း ဆုတောင်းတဲ့တာဝန်ကို ဒေါ်မြမြအေးကသာယူပါတယ်။ ကျွန်တော်က ဆုမပေးတာတော့ မဟုတ်ပါ။ စာရေးရာမှာလည်း သာဓုလို့ထည့်ရေးလေ့မရှိပါ။ ကောင်းလေစွလို့ မပြောတာတော့ မဟုတ်ပါ။

ဤရောဂါမှ အညှာမှည့်ကြွေ
ဖြစ်သောထွေလျှင် ကွေကွေကွင်းကွင်း
ရှင်းရှင်းသန့်သန့် ညွန့်ညွန့်သားသား
ဖါးဖါးစိမ်းစိမ်း ရှိန်းရှိန်းလတ်လတ်
လွတ်လတံ့နည်း အနာသည်း၍
တညည်းတွားတွား ဆိုများတုံတုံ
တစုံမက်မက် တသက်လုံးလုံး
မဆုံးစကောင်း ပန်နက်တောင်း၏။ (သုဝဏ္ဏသျှမ်ပျို့)

ကျွန်တော်တို့နှစ်ယောက် ပုံထဲကထက် ၃ နှစ်တိတိပိုပြီး အိုစာလာကြပြီ။

ဒေါက်တာတင့်ဆွေ
၁၅-၁၀-၂၀၁၈
၁၅-၁၀-၂၀၁၉

ယွန်းထည်

ကွန်မင့်တခု ရတယ်။ လက်ဖက်စား ကွမ်းအုပ်လေးနှင့်ဆို အလွန်ပဏာရမည် ထင်ပါသည်။ ကျနော်သည်လည်း ပြည်တွင်းတွင်မရှိ၍ ပို့မပေးနိင် တဲ့။

ကျေးဇူး။ ယွန်းအုပ်လို့ ခေါ်တယ်။ လက်ဖက်နဲ့ ကွမ်းအတွက် ယွန်းထည် နှစ်ခု အိမ်မှာရှိတယ်။ သားတယောက် မြန်မာပြည်ပြန်တုန်းက ပါလာတာ။ အမှတ်တရသာ ထားပါတယ်။

ယွန်း
ယွန်း = တိမ်းစောင်း၊ သွား
ယွန်းဆက် (ဗိသုကာသုံး)
ယွန်းထည်
ယွန်းပေါင်ပုရပိုက်
မြောက်ဘက်ယွန်းယွန်း
ယွန်း (ရှမ်း) အက္ခရာ

ပန်းယွန်း (ပန်းဆယ်မျိုး)

အပန်းငယ် ဖြေကာ၊ ဗလာလေတူ ယွန်း၊ သံသာငှက်ကယ်က ညွှန်း (အောင်မြေသာဇံ တောင်လား ပတ်ပျိုး)

ဒေါက်တာတင့်ဆွေ
၁၅-၁၀-၂၀၁၉

ကန်တော့ခံသူတွေ

သီတင်းကျွတ်လပြည့်နေ့ဝန်းကျင်မှာ မြန်မာ့ရိုးရာအစဉ်အလာအရ မိဘနဲ့ဆရာဆရာမတွေကို ကန်တော့ကြတယ်။ အသက်ဝါကြီးသူတွေကို ကန်တော့ကြတယ်။ အကန်တော့ခံသူတွေလည်း ငယ်စဉ်ရွယ်စဉ်က သူတို့မိဘဆရာတွေကို ကန်တော့ခဲ့ကြမယ်။ စဉ်ဆက်မပြတ်စေတဲ့ ယဉ်ကျေးမှုဖြစ်တယ်။ ကောင်းတယ်။

ယဉ်ကျေးမှုကို နိုင်ငံရေးလုပ်ကြတာမှားတယ်။ လက်အုပ်ချီခံထိုက်သူလူတန်းစား ဖြစ်လာတယ်။ ဘုရားထဲကျောင်းထဲ ဖိနပ်စီးခွင့်ရသူလူတန်းစား ဖြစ်လာတယ်။ ဘုန်ကြီး ပြန်မပြောမော့မကြည့်ရဲတဲ့ အစဉ်အလာကနေ တချို့က ဆဲရေး တိုင်းထွာလာကြတယ်။ အဲတာမှာ ဘုန်းကြီးကညံ့တာလည်းရှိတယ်။

• ဆရာ-ဆရာမတို့သည် အာစရိယဖြစ်ကြကုန်၏။
• ဘုန်းကြီးရဟန်းတို့သည် သံဃာဖြစ်ကြကုန်၏။
• ဒါယကာ ဒါယိကာမတို့သည် ပုထုဇဉ်ဖြစ်ကြကုန်၏။
• အကန်တော့ခံများလည်း ပုထုဇဉ်ဖြစ်ကြကုန်၏။
• ကန်တော့ခံထိုက်သူတွေ စင်ကြယ်လေလေ ကန်တော့သူတွေ ကုသိုလ်ကြီးလေလေ။

ကန်တော့ခံသူတွေ လိမ္မာကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၅-၁၀-၂၀၁၆
၁၅-၁၀-၂၀၁၉

Headache ခေါင်းကိုက်ခြင်း

မင်္ဂလာပါ ဆရာ အသက် ၁၈ နှစ် ယောကျာ်းလေး ခဏခဏ ခေါင်းကိုက်နေလို့ပါ တခါတခါ ခေါင်းကိုက်ရင် ၁နာရီနီးပါးလောက်ကြာပါတယ် ခေါင်းအနောက်ဖက် နောက်စေ့အောက်နားမာလဲ အကျိတ်တခု ရှိနေပါတယ် မနေ့ကထက်ပိုကြီးလာသလိုထင်ရပါတယ် ခေါင်းကိုက်တာတော့ ၁ပတ်ကျော်p ဆရာ ဆေးဝယ်သောက်ပေမယ့် ခုထိမပျောက်သေးလို့ပါ

Tension headache ကျွန်မဖြစ်နေတာ ခေါင်းအရမ်းကိုက်ခြင်းပါ https://doctortintswe.blogspot.com/2014/11/tension-headache.html

မှားနေတဲ့သတ်ပုံစာတွေလည်း ပို့လိုက်တယ်။ တခါတခါ နဲ့ အကျိတ်တခုလို့ရေးတာ မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။

P ပီ https://doctortintswe.blogspot.com/2017/02/p.html
မာ နှင့် မှာ https://doctortintswe.blogspot.com/2018/01/blog-post_19.html
မာ နှင့် မှာ သို့မဟုတ် မာသောအရိုး မာသောအိမ် မာသောရန်ကုန် https://doctortintswe.blogspot.com/2019/01/blog-post_82.html
အရှေ့အနောက် တောင်မြောက်ဘယ်မှာ မသိပါငြား https://doctortintswe.blogspot.com/2017/07/blog-post_93.html

ဒေါက်တာတင့်ဆွေ
၁၅-၁၀-၂၀၁၉

Asthma ပန်းနာ

ဆရာ ကျွန်တော်ဇနီးအသက်က 32ပါ ချောင်းဆိုးတာ ၁လလောက်ရှိပါပြီ ချောင်းခဏခဏဆိုးတာတော့မဟုတ်ပါဘူး နီးဆက်ရာဆရာဝန်နဲ့ပြဖြစ်ပါတယ် ညဘက်အိပ်ရင် ရင်ခေါင်းကနေတရွှီရွှီကြားရတယ် ဆရာဝန်ကလည်း စမ်းရင် ကြားရတယ်ပြောတယ် ပြီးတော့ဓတ်မှန်ရိုက်ခိုင်းတယ်ဆရာ ပြီးတော့ ဆေးတိုက်တာ ၉ ရက်လောက်ရှိပြီ အသံက မပျောက်ဘူး ချောင်းလည်းမပျောက်ဘူး ချောင်းဆိုးရင်လည်းချွဲသံပါတယ် ဒါပေမဲ့ချွဲမထွက်ဘူးဆရာ ရင်ဘက်လည်း မနာဘူးမအောင့်ဘူး အစားလည်းစားတယ်စားချင်စိတ်လည်းဖြစ်တယ် အစားအသောက်လည်းပျက်ဘူး ဆရာဝန်ပေးတဲ့ဆေးသောက်ရင် အားနည်းတယ် တခါတလေနားထဲကလေထွက်တယ် အစားစားလိုက်ရင် ပြန်ပြောက်သွားပါတယ် ဆရာဝန်ကတော့ TB တော့မဖြစ်နိုင်ဘူးတော့ပြောတယ် စစ်တော့စစ်ခိုင်းထားပါတယ်ဆရာ ဓါတ်မှန်တော့ရိုက်ပြီးပါပြီဆရာ ဘာရောဂါဖြစ်နိုင်လဲဆိုတာသိချင်လို့ပါဆရာ

ဆေးစစ်ချက်အဖြေစာမှာ တီဘီအဟောင်းလို့ပါတယ်။ မေးခွန်းအရ ပန်းနာ ခေါ် ဖြစ်တဲ့အချိန်မှာ အသက်ရှူလမ်း ကျဉ်းတာလို့ထင်ရ။ ပန်းနာစာ ပို့လိုက်မယ်။

1.    Asthma (1) ပန်းနာ (၁) https://doctortintswe.blogspot.com/2014/11/asthma-1.html
2.    Asthma (2) ပန်းနာ အဆက် https://doctortintswe.blogspot.com/2014/11/asthma-2.html

ပြောက် ကို ပျောက်၊ ပြတ် ကို ပျက် လို့ ပြင်လိုက်တယ်။

ဒေါက်တာတင့်ဆွေ
၁၅-၁၀-၂၀၁၉

Placenta Previa အချင်း ရှေ့ရောက်ဖြစ်ခြင်း

ဆရာရှင့် ကျမ အသက် ၃၄ နှစ်ပါ ကျမကိုယ်ဝန်က အခု ၁၉ ပတ်ရှိပါပြီ ဒီနေ့ ကိုယ်ဝန်ပြခဲ့တာပါ Ultrasound ရိုက်ရပါတယ် အချင်းက အောက်ရောက်နေတယ်တဲ့ ဆရာ အဲ့ဒါ စိုးရိမ်ရလား ဆရာရှင့်

Placenta Previa အချင်း ရှေ့ရောက်ဖြစ်ခြင်း https://doctortintswe.blogspot.com/2018/09/placenta-previa.html

ဒေါက်တာတင့်ဆွေ
၁၅-၁၀-၂၀၁၉

Skin Pressure Sore ဖိအားသက်အနာ

မင်္ဂလာပါဆရာရှင့်။ ကျွန်မကအသက် ၂၀၊ အိမ်ထောင်သည်၊ ကိုယ်ဝန် ၃၃ပတ်ထဲမှာပါ။ လှုပ်လှုပ်ရှားရှားလုပ်ရင် မောတတ်လို့အများအားဖြင့် လဲလျောင်းနေတတ်ပါတယ်။ ကိုယ်ဝန်သည် ဘယ်ဘက်စောင်းအိပ်ပေးတာ ကောင်းတယ် ဆိုလို့ ကျွန်မဘယ်ဘက်ကိုပဲ စောင်းအိပ်ပေးပါတယ်။ အခုကျွန်မဘယ်ဘက်တင်ပါးမှာ Bedsores ဖြစ်သလိုမျိုး မြင်ရခံစားရပါတယ်ဆရာ။ သက်သာပျောက်ကင်းနိုင်မယ့်နည်းလမ်းလေးတွေ ညွှန်ကြားပေးစေလိုပါတယ်ဆရာ။

Skin Pressure Sore ဖိအားသက်အနာ https://doctortintswe.blogspot.com/2017/09/skin-pressure-sore.html

Sleeping positions during pregnancy ကိုယ်ဝန်ဆောင်စဉ် ဘယ်လိုအိပ်သင့်သလဲ https://doctortintswe.blogspot.com/2016/09/sleeping-positions-during-pregnancy.html

ဒေါက်တာတင့်ဆွေ
၁၅-၁၀-၂၀၁၉

Ringworm ပွေး

ပွေးပေါက်နေလို့ လိမ်းဆေး သောက်ဆေး စုံနေပြီ ပျောက်ခါနီးဖြစ်လိုက် ပြန်ပေါ်လာလိုက်နဲ့ သောက်ဆေး ကောင်းကောင်းလေး လမ်းညွှန်ပေးပါအုံး

ကလေး လူကြီး အသက် ကျား မ မသိ။

Ringworm ပွေး https://doctortintswe.blogspot.com/2014/12/ringworm.html

ဒေါက်တာတင့်ဆွေ
၁၅-၁၀-၂၀၁၉

ဆေးစစ်ချက်စာ သိပါသလား

ဒေါက်တာရှင့် မင်္ဂလာပါ ရှင့် ကျွန်တော်၏အစ်မက အသက်က ၄၂နှစ်ပါ အိမ်ထောင်ရှိပါတယ်ရှင် သွေးလေးဘက်နာလို့ အဖြေထွက်ပါတယ်ရှင့် ဆေးနည်းကုနည်းများအလင်းပြပေးပါဆရာ ကုလို့ရတဲ့ရောဂါ ဟုတ်မဟုတ်လည်း စိတ်ပူစွာ သိလိုပါတယ်ဆရာ မေးမြန်းရခြင်းအတွက်လည်း အားကိုးပါတယ်ဆရာ အားလည်းနာပါတယ်ဆရာ

ဆေးစစ်ချက်စာ ပုံမဟုတ် သိပါသလား။ အထင်နဲ့ပြောကြတာတွေကို သေချာပြန်မေးတော့ မှားနေတာမျိုး ခဏခဏကြုံရတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၁၀-၂၀၁၉

ကလေး လူကြီး အသက် ကျား မ မသိ

မင်္ဂလာပါဆရာ ကျွန်တော် ဆင်တုတ်ကွေး ဖြစ်ပြီး ခြေလက်တွေကိုက်ကျန်ခဲ့လို့ ဘာဆေးတွေစွဲသောက်သင့်လည်း

ကလေး လူကြီး အသက် ကျား မ မသိ။

Chikungunya ချီကန်ဂွန်ညာ ခေါ် ဆင်ဖြူတော်တုပ်ကွေး https://doctortintswe.blogspot.com/2019/09/chikungunya.html

ဒေါက်တာတင့်ဆွေ
၁၅-၁၀-၂၀၁၉

ကလေး လူကြီး အသက် ကျား မ မသိ

ဆရာ ဒီဆေးက တနေ့ဘယ်နှစ်ကြိမ်သောက်ရမလဲးဆရာ ကျေးဇူးပြုပီးညွန်ပြပေးပါဆရာ ဆင်တုပ်ကွေဖြစ်နေလို့ပါ ခြေစစ်လက်စစ်တွေ အရမ်းကိုက်ခဲနာနေလို့ပါဆရာ

ကလေး လူကြီး အသက် ကျား မ မသိ။

လဲး မှား မလို။ ပီး မှာ ရရစ်လို။

Chikungunya ချီကန်ဂွန်ညာ ခေါ် ဆင်ဖြူတော်တုပ်ကွေး https://doctortintswe.blogspot.com/2019/09/chikungunya.html

ဒေါက်တာတင့်ဆွေ
၁၅-၁၀-၂၀၁၉

Pregnancy and Air Travel ကိုယ်ဝန်နဲ့ လေယာဉ်ခရီး

အသက် ၃၁နှစ် ကိုယ်ဝန် ၃လနှင့် ၂ပတ်ပါရှင့့် မှမြန်မာပြည်သို့ ပြန်ချင်လို့ပါ ကိုယ်ဝန် ၃လ ၂ပတ်ဆို လေယာဉ်စီးလို့ရ၊ မရ သိချင်လို့ပါရှင်။

ရ။

Pregnancy and Air Travel ကိုယ်ဝန်နဲ့ လေယာဉ်ခရီး https://doctortintswe.blogspot.com/2015/02/pregnancy-and-air-travel.html

ဒေါက်တာတင့်ဆွေ
၁၅-၁၀-၂၀၁၉

Dizziness အမူးရောဂါ

ဆရာ ကျွန်မအသက်  ၃၀၊ အိမ်ထောင်ရှိပါတယ်။ သားတယောက်ဖွားပြီး ၃နှစ်ခံတားဆေးလက်မောင်းထဲထည့်ချိန်မှစ၍ခေါင်းခဏခဏမူးပါတယ်။ ဒါကြောင့် ၃နှစ်ခံဆေးထုပ်ပြီး Ok ဆေးကတ်စားနေပါတယ်။ ခေါင်းမူးမသက်သာပါဘူးဆရာ။သွေးပေါင်မကျဘဲမူးနေတာ။ အိပ်ချိန်ဆိုမျက်စိတွေပြာပြီးမူးပါတယ်ဆရာ။ အိပ်ပျော်ပြီးတရေးနိုးထတဲ့အချိန်တွေမှာ ရုတ်တရက်မထနိုင်အောင်မူးပါတယ်။ တရေးနိုးထချိန်မှာခေါင်းမူးနေတာ ၂ပတ်လောက်ရှိသွားပြီဆရာ။ အမြဲတမ်းအချဉ်စားချင်နေပါတယ်ဆရာ။ ဘာဆေးစားသင့်တယ်လမ်းညွန်ပေးစေလိုပါတယ်ဆရာ။

Dizziness အမူးရောဂါ https://doctortintswe.blogspot.com/2015/06/dizziness.html
Acute Periphreral Vertigo အမူးရောဂါ http://doctortintswe.blogspot.com/2015/08/acute-periphreral-vertigo.html
BPPV အရက်မသောက်ဘဲ မူးတဲ့ရောဂါ http://doctortintswe.blogspot.com/2015/05/bppv.html
Dizziness အမူးရောဂါ https://doctortintswe.blogspot.com/2015/06/dizziness.html
PPPD ခေါင်းမူးရောဂါတမျိုး http://doctortintswe.blogspot.com/2017/05/pppd.html
Vertigo အမူးရောဂါ http://doctortintswe.blogspot.com/2015/02/vertigo.html
PPPD ခေါင်းမူးရောဂါတမျိုး https://doctortintswe.blogspot.com/2017/05/pppd.html

ရရစ် ၅ ခု ထည့်လိုက်တယ်။

ဒေါက်တာတင့်ဆွေ
၁၅-၁၀-၂၀၁၉

ဓါတ်

တရားစာ ကွန်မင့်တခုလာတယ်။ မိမိတို့အလိုရှိအပ် တောင့်တ အပ်သော အပူဓတ်အလောင်ဓတ် တဲ့။ ဓါတ်လို့ရေးရတယ်။ ခုခေတ်မှာ ဓာလို့ရေးတာသာ မှန်တယ်ထင်နေကြတာ မဟုတ်ပါ။ လက်ရေးတွေ အဆင်မပြေတာကများတယ်။ ဓါ လို့ ရေးတာက တ နဲ့ မှားစရာမရှိဘူး။

ဓါတ်ခွဲခန်း
ဓါတ်ခိုက်
ဓါတ်ခဲ
ဓါတ်ချုပ်
ဓါတ်စက်
ဓါတ်တံခါး
ဓါတ်ပုံ
ဓါတ်ပစ္စည်း
ဓါတ်မီး
ဓါတ်ရှင်
ဓါတ်သွား
ဓါတ်သဘော
ဓါတ်ဆောင်
ဓါတ်တော်မွေတော်
ဓါတ်လေးပါး
ဓါတ်လှေကား
ဓါတ်လျှော
နာမ်ဓါတ်
ရုပ်ဓါတ်
သုဇိဓါတ်
အာကာသဓါတ်
လောကဓါတ်

ဒေါက်တာတင့်ဆွေ
၁၅-၁၀-၂၀၁၉

Vertigo အမူးရောဂါ

အမေ့အတွက် မေးချင်လို့ပါ ဆရာ အသက် ၆၇ နှစ်ပါ အိမ်ထောင် မရှိတော့ပါဘူး ရောဂါက ၆လပိုင်းထဲတုန်းက မျက်နှာကြီး တခုလုံးဖောင်းအစ်နေပြီး တကိုယ်လုံးအသားတွေ နေရာအနှံ့ယားနေလို့ ဆိုပြီး ဆေးခန်းသွားပြလိုက်တော့ ဆီးချိုသွေးချို နဲ့ သွေးတိုး ရှိတယ် ဆိုတာကို သိရပါတယ် ဆရာ အမေက အခု နောက်ပိုင်း သွေးကျဆေးနဲ့ ဆီးချိုကျဆေး တွေကို နေ့တိုင်း သောက်ရတော့ မူးနေတာ တပတ်လောက်ရှိပါပြီ ဆရာ အရင်ကတည်းက ကျောက်ကပ်လည်း သိပ်မကောင်းတာ ရှိထားပါတယ် ဆရာ ပြီးဆေးသောက်ဖို့ ညွှန်ကြားပေးပါ ဆရာ အခုရက်ပိုင်းထဲ ခေါင်းမူးလာတာ ပိုပိုပြင်းထန်တယ်အိမ်ကြီးလည်း ဇောက်ထိုးကြီးဖြစ်နေတ်ာလို့ သက်သာရင် ပြန်ပြောပြတယ်ရာ အစာစားရင် ရေသောက်ရင် လည်မျိုကြီးထဲမှာ တခုခုပိတ်နေသလိုမျိုးကြီးလည်း ဖြစ်ဖြစ်နေတတ်လို့ပါ ဆရာ ဘယ်လိုမျိုး ဆက်လုပ်သင့်ပါသလဲဆိုတာကို လမ်းညွှန်ပြပေးပါ ဆရာ

Dizziness အမူးရောဂါ https://doctortintswe.blogspot.com/2015/06/dizziness.html
Acute Periphreral Vertigo အမူးရောဂါ http://doctortintswe.blogspot.com/2015/08/acute-periphreral-vertigo.html
BPPV အရက်မသောက်ဘဲ မူးတဲ့ရောဂါ http://doctortintswe.blogspot.com/2015/05/bppv.html
Dizziness အမူးရောဂါ https://doctortintswe.blogspot.com/2015/06/dizziness.html
PPPD ခေါင်းမူးရောဂါတမျိုး http://doctortintswe.blogspot.com/2017/05/pppd.html
Vertigo အမူးရောဂါ http://doctortintswe.blogspot.com/2015/02/vertigo.html

ဒေါက်တာတင့်ဆွေ
၁၅-၁၀-၂၀၁၉

Exluton ကိုယ်ဝန်တားဆေး

(ကန်တော့)

ဆရာ မင်္ဂလာပါရှင့် အသက်က ၂၀ ကလေးက တနှစ်နဲ့ငါးလပါ သုံးလခံဆေးထိုးထားတာ ရာသီတွေလာနေလို့ ဆရာဝန်ပြတာ ဆရာဝန်ကသွေးထိန်းဆေးပေးပါတယ် သွေးထိန်းဆေးသောက်ရင်းနဲ့ မသက်သာလို့ ထပ်ပြတော့ exluton တားဆေးကဒ်သောက်ခိုင်းပါတယ် ဆေးသောက်တာနှစ်လုံးမြောက်မှာ ရာသီဆင်းတာမရပ်သေးလို့ တခြားဆရာဝန်နဲ့ ပြောင်းပြတာ သူပေးတဲ့ဆေးနဲ့အဆင်ပြေပြီး သွေးမဆင်းတော့ပါဘူး။ အဲ့ဒါ exluton ဆက်သောက်ဖို့လိုသေးလားရှင့် သုံးလခံဆေးက နောက်လ ၁၃ရက်နေ့မှရက်ချိန်းပြည့်မှာပါ ရက်ချိန်းပြည့်မှ exluton ဆက်သောက်မလို့ပါ အခုမသောက်လို့ ရပါသလားရှင့်

၃ လပြည့်ပြီး ပြောင်းလိုက ပြောင်းနိုင်။

Depo Provera သုံးလခံ ကိုယ်ဝန်တားထိုးဆေး https://doctortintswe.blogspot.com/2016/04/depo-provera.html
Exluton နို့တိုက်မိခင် ကိုယ်ဝန်တားဆေး https://doctortintswe.blogspot.com/2014/11/birth-control-minipill.html

ဒေါက်တာတင့်ဆွေ

အသက် အချက်အလက်တွေ မသိ

၁။ ဆရာရှင့်နဖူးမှာအဆီဖုတွေထွက်နေလို့ပါရှင့်ဘာဆေးများသုံးရမလဲရှင်

နဖူးမှာအဆီဖုတွေထွက်နေသူ အသက် အချက်အလက်တွေ မသိ။

၂။ ဆရာ ငါးကြီးဆီ Omega 3 နဲ့ zytrim နဲ့ တနေ့တည်းသောက်လို့ရပါသလားရှင့် အဓိက သမီးဝိတ်ကျချင်တာပါရှင်

ဝိတ်ကျချင်သူ အသက် အချက်အလက်တွေ မသိ။

ဒေါက်တာတင့်ဆွေ

တရေးနိုးသော် အကြံမပေါ်

ဆရာခင်ဗျ...ကျွန်တော်တစ်ခုလောက်.မေတ္တာ ရပ်ခံပါရစေ...linkထဲက စာတွေကို Unicode နဲ့ တင်ပေးစေချင်ပါတယ်ဆရာ...


အခုမှ တရေးနိုးလာသလိုပဲ။ ဖေါင့်အကြောင်းတင်ပြထားတာတွေက များလှပြီ။ ဘယ်လို ဘာ့ကြောင့် ရေးထားပြီးသား။ ဘလော့ဂ်မှာ စာပုဒ်ရေ ၁၄၆၇၆ ရှိတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၁၀-၂၀၁၉

Corn ကျွန်မရဲ့အမေ၏ အသက် မသိ

မင်္ဂလာပါဆရာ ကျွန်မ ရဲ့အမေရဲ့ ခြေဖဝါးမှာ အသားမာလို အခဲလေးဖြစ်နေပါတယ်ဆရာ ဆရာဝန်ပြရင်လည်း ဆရာတွေ ဘာမှမဖြစ်ဘူးဘဲပြောတယ်ဆရာ အရမ်းကိုက်ပါတယ်ဆရာ

ကျွန်မရဲ့အမေ၏ အသက် မသိ။ တည်နေရာ အရွယ်အစား မသိ။ ငါးမျက်စိခေါ်တာဟုတ် မဟုတ် မသိ။ ဆီးချိုရှိ မရှိ မသိ။

Corn ငါးမျက်စိ https://doctortintswe.blogspot.com/2017/06/corn.html

ဒေါက်တာတင့်ဆွေ
၁၅-၁၀-၂၀၁၉

ပုံသေနည်း

ခါ ဂါ ငါ ဓါ ပါ ဝါ ခြောက်လုံး မောက်ချပါလို့ မှတ်သားမိပါတယ် ဆရာရှင့်

အဲလိုကွန်မင့်တွေ ခဏခဏလာတယ်။ ဖြေရတာလည်း အခါခါ။

မြန်မာစာမှာ ပုံသေနည်းတွေ ဖေါ်မြူလာတွေ ၁၀၀% အသုံးတည့်တာမဟုတ်ကြောင်း မကြာခဏ တင်ပြထားတယ်။

ဓါတုဗေဒသင်ရတော့ လက်ရေးလည်းမလှတော့ ဓာတုဗေဒလို့ရေးတဲ့သူတွေ အလှောင်ခံရတယ်။

မြန်မာစာသတ်ပုံမှာ တရားသေမှတ်ရတာမျိုးရှိသလို မူကွဲတွေ ဟိုအရင်ကတည်းက ရှိတယ်။ တမှန်သမျှ တစ်လုပ်ကြလို့ ပြောင်းခိုင်းတာက အမိန့်ပေးတာ။ ဝိဇ္ဇာပညာနဲ့ သိပ္ပံပညာ မတူတာတွေရှိတယ်။ မြန်မာစာကို ယူနီဖေါင်းဝတ်ပေးတာ ကြည့်လို့ မတင့်တယ်ပါ။

ပဲ နဲ့ ဘဲ ဖေါ်မြူလာလည်း အတူတူပဲ။ မူကွဲကို မသိစေအောင်လုပ်တာ အသိပညာကို မျက်စိတဖက်ပိတ်ခိုင်းထားသလို။

ဒေါက်တာတင့်ဆွေ
၁၅-၁၀-၂၀၁၉

အရပ်ဆေးနည်း လမ်းဘေးဆေးနည်း တရုပ်ကုလားဆေးနည်း

ကွန်မင့်တခုရတယ်။ ကြက်သွန်နီအစေးဖြင့့်

အရပ်ဆေးနည်း လမ်းဘေးဆေးနည်း တရုပ်ကုလားဆေးနည်းလာတင်တာတိုင်းကို ဖျက်ပါတယ်။ လူကြီးမင်းနေရာမှာသာ ရေးပါရန်။

ဒေါက်တာတင့်ဆွေ
၁၅-၁၀-၂၀၁၉

တသက်တာ

စာရေးဆရာ ဦးအောင်သင်း
အမျိုးသားစာပေ တသက်တာဆုရှင်

ဆရာအောင်သင်းထက် တော်သူတွေကတော့ (တစ်) သက်တာဆု ရကြတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၁၀-၂၀၁၉

မိန်းမတဦး နှင့် တောထွက်ရဟန်းကြီးတပါး

တ အသုံးတချို့ပါ ဆရာ

ကျေးဇူး။

တဖက်ကမ်း
မိန်းမတဦး
တောထွက်ရဟန်းကြီးတပါး

၂၀-၅-၁၉၆၃ နေ့ထုတ် ဗိုလ်တထောင်သတင်းစာ

ဒေါက်တာတင့်ဆွေ
၁၅-၁၀-၂၀၁၉

Scorpion sting ကင်းသုံးကင်း တကင်းပြီးသလား

ဆရာရှင့် ကျွန်မသားလေး လွန်ခဲ့တဲ့ ၃ရက်က ကင်းအဖြူအသေး လက်တဆစ်အရွယ် အကိုက်ခံရပါတယ် အသက်က ၅နစ်ခွဲပါ ကိုက်တဲ့နေရာက မနာတော့ပေမယ့် ကိုယ်က နဖူးနဲနဲပူ ကျောနဲနဲပူ ဖြစ်နေပါတယ် ဂျီလဲကျပါတယ် အစားလဲ ပုံမှန်စားပါတယ် ပုံမှန်အိပ်ပါတယ် ကိုက်တဲ့နေ့က ကိုကိခံရတဲ့နေရာကို ကြက်သွန်ဖြူနီထောင်းပြီး အုံပေးစည်းပေးပါတယ် သက်သာပြီထင်လို့ဆေးခန်းမသွားပြပါဘူးဆရာ အခုထိ ကိုယ်က နွေးနေလို့ ဖျားတာလဲမဟုတ်ဖြစ်နေပါတယ် ဆေးခန်းသွားပြဖို့လိုပါသလားရှင့် ဘာဆေးများတိုက်ရင်ရပါသလဲရှင့်

Scorpion sting ကင်းသုံးကင်း တကင်းပြီးသလား https://doctortintswe.blogspot.com/2019/08/scorpion-sting.html

ဒေါက်တာတင့်ဆွေ
၁၅-၁၀-၂၀၁၉

Questions for Friday, so far:
I would like to hear about how the overall climate in Burma has changed over the course of his lifetime and what his outlook is for the future of the country.
I always enjoy hearing our colleagues speak about their fondest memories of being in Burma and would also love to hear about new, fond memories he has created since being here.
Burmese languages fascinate me. I want to know how they know who speaks what.

ပညာရေးနိုင်ငံရေး

ခေါင်းစဉ်မှာ ဝေါဟာရနှစ်ခုတွဲထားတဲ့ စကားစု တခုတည်းသာဖြစ်ပါတယ်။ အကြောင်းအရာက ပညာရေး။ ကျွန်တော်တို့တိုင်းပြည်မှာ ပညာရေး ဘာ့ကြောင့် ကျဆင်းနိမ့်ကျခဲ့ရသလဲ။ နိုင်ငံရေးကြောင့်ဖြစ်ပါတယ်။

လွတ်လပ်ရေးမရင်ကာလ စာသင်ကြားရေးကို ကျွန်ပညာရေးလို့ ခေါ်လိုက ခေါ်နိုင်ပေမဲ့ ပညာရေး ထိပ်တန်းကျခဲ့တယ်။ လွတ်လပ်ရေးရပြီး စစ်အာဏာမသိမ်းခင်အထိလည်း အရှေ့တောင်အာရှကျွန်းစွယ်နိုင်ငံတွေထဲမှာ ထိပ်က။ အာဏာသိမ်းကတည်းက စကျတာ အခုထိ။ ထိုးကျတာ။ ဇောက်ထိုး။ မိုးမမျှော်နိုင်သေးပါ။

ဘာသာရပ်ပေါင်းစုံမှာ နိမ့်နိမ့်လာတာ။ တိုင်းပြည်တခု ဆုတ်ယုတ်ကျဆင်းပြီဆိုရင် အုပ်စုံ။ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး အားလုံး။

ပညာရေးကျဆင်းတာထဲမှာလည်း ဘာသာရပ်ပေါင်းစုံ။ အခြေခံက မြန်မာစာနဲ့ အင်္ဂလိပ်စာ။ အခုထိ ဇောက်ထိုး။ မိုးမမျှော်နိုင်သေးပါ။

နှစ်တွေကြာလာတော့ သင်ကြားပေးရသူတွေထဲမှာ ညံ့တဲ့ခေတ်စနစ်ကနေ မွေးထုတ်ထားသူတွေချည်းလိုလိုဖြစ်နေတယ်။ ကန်တော့။ ဆောရီး။

Signs Of Heart Disease နှလုံးရောဂါလို့ထင်စရာ ခြောက်ချက်

မင်္ဂလာပါ ဆရာရှင့် ကျွန်မအသက် ၂၀ပါ ကျွန်မရဲ့နှလုံးက စူးကနဲအောင့်တဲ့ဝေဒနာကိုခံစားနေရတာပါ အသက်ပြင်းပြင်း ရှူရူင်ပိုအောင့်ပါတယ် ငြိမ်ငြိမ်လေးဘာမှမလုပ်ပဲနေရင်ခဏပဲ ပြီးတော့သက်သာသွားပါတယ် ကျွန်မ ၁၈နှစ်လောက်ကတည်းက အဲ့လိုမျိုးခံစားနေရတာပါ အဲ့တုန်းကဆို တလတခါလောက်ပဲ ဆိုတော့ အမှူမဲ့အမှတ်မဲ့ပါပဲ ခုနောက်ပိုင်းမှ ရက်စိပ်ပြီး အောင့်လာလို့ပါ ဘာဖြစ်တာလဲသိချင်ပါတယ် ဘယ်လိုကုသမှူမျိုးခံယူရမလဲရှင့်။

ရာသီ မသိ။ အိမ်ထောင်ရေး မသိ။ သွေးတိုး ခေါ် သွေးဖိအား မသိ။ နှလုံခုန်နှုန်း တမိနစ် ဘယ်လောက် မသိ။

နှလုံးရှိတဲ့နေရာ ရင်ပတ်မှာဖြစ်တာတခုတည်းကိုသာ မကြည့်ပါနဲ့။ ကိုယ်အလေးချိန်များသူတွေ၊ အသက် ၅ဝ ကျော်သူတွေ၊ ဆီးချိုရှိသူတွေ၊ သွေးတိုးနေသူတွေနဲ့ ကိုလက်စထောများနေသူတွေအတွက် အချက် (၆) ချက်ကို သတိပြုကြဘို့ဖြစ်ပါတယ်။

၁။ နေ့စဉ်လုပ်နေကျ အလုပ်ကို အရင်မလိုမလုပ်နိုင်ဖြစ်လာခြင်း
သွေးလွှတ်ကြောတွေကနေ သွေးပို့ပေးတာ အရင်လိုမလုပ်နိုင်ရင် တခုခုမှားနေသလား စစ်ဆေးရပါမယ်။

၂။ ခေါင်းမူတတ်လာခြင်း
အားနည်းလို့မဟုတ်ဘဲ၊ နှလုံးကြောင့်လည်း ခေါင်းမူးနိုင်တယ်။ ရင်ပတ်အောင့်တာနဲ့ အသက်ရှူခက်တာပါ ရောနေရင် ဆရာဝန်ပြပါ။

၃။ ချွေးစီးထွက်ခြင်း
မဖျားပဲနဲ့ ချွေးထွက်ပါသလား။ ချွေးကအေးစီးနေပါသလား။ ညမှာထွက်သလား။ ရာသီဥတု၊ အစားအသောက်နဲ့ ပြေးလွှားရလို့ကြောင့်မဟုတ်ဘဲ ချွေးထွက်ပါသလား။

၎။ ရင်ပတ်အောင့်ခြင်း
ရင်ပတ်အလယ်နေရာနာပြီး ဘယ်ဖက်လက်မောင်းဆီအထိနာပါသလား။ တချို့မှာ ရင်ခေါင်း၊ လက်မောင်း၊ မေးရိုး၊ သွားနဲ့ နောက်ကျာပါနာတယ်။

၅။ မကြာခဏ အအေးမိနေသလား
အအေးမိ၊ တုပ်ကွေး၊ နှာစေး၊ ချောင်းဆိုးဖြစ်ပါသလား။ ဗိုင်းရပ်ပိုဝင်ခံရဖန်များနေသူမှာ နှလုံးက သွေးလှည့်တာ အားနည်းနေနိုင်တယ်။

၆။ အားယုတ်နေသလား
အားမရှိဖြစ်ပြီး အသက်မရှူမဝဖြစ်နေသလား။ ဒီအချက်မှာ အမျိုးသမီးတွေက အမျိုးသားတွေထက်သိသာတယ်။

မြန်မာနိုင်ငံသားတွေ နှလုံးကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ

ထုပ်ဆီးတိုး

ထုပ်စည်းထိုးရေးနေတာ မှားနေရင် ပြုပြင်ပေးပါ

ထုပ်
ကျပ်ထုပ်ထိုး
ထမင်းထုပ်
ထုပ်စွပ်လျောက်စွပ်
ထုပ်ဆီးကစားသည်
ထုပ်ဆီးတမ်းကစား
ထုပ်တိုးသည်
ထုပ်ပိုးသည်
ထုပ်ပြန်လျောက်ပြန်
ထုပ်ပေါ် ကြွက်လျှောက်
ထုပ်လျှောက်ဒိုင်းမြား
ဖက်ဖြင့်ထုပ်
မုံ့ဖက်ထုပ်
လုံခြုံစွာထုပ်ပါ
အထုပ်အပိုး
ဦးထုပ်

အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ဝတ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ။

ဒေါက်တာတင့်ဆွေ

တကျပ်

တခါတုန်းက တိုင်းပြည်ကြီတခုက ဘုရင်ကြီးတပါးမှာ အင်မတန်ချောမောလှပတဲ့ တဆယ့်ခြောက်နှစ်အရွယ် သမီးတော်လေးတပါး ရှိသတဲ့ကွယ်။

ဒေါက်တာတင့်ဆွေ
ပုံပို့ပေးသူ ကျေးဇူး။

ကဝိလက္ခဏာသတ်ပုံကျမ်း

ဒေါက်တာမောင်မောင်ကြီးရေးသားတဲ့ မြန်မာနိုင်ငံ ပညာရေးအဆင့်အတန်း နိမ့်ကျသွားရခြင်း အကြောင်းရင်းနှင့် တရားခံများထဲက ကောက်နှုတ်တင်ပြပါရစေ။

(စ) သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းက သမိုင်းဘာသာရပ်ဟာ နိုင်ငံတိုင်းအတွက် အရေးကြီးတဲ့ ဘာသာရပ်ဖြစ်လို့ မအအောင်၊ မတုံးအောင် သမိုင်းသင်ရတယ်လို့ အဆိုအမိန့် ရှိခဲ့ဖူး ပါတယ်။ ဒါပေမဲ့ (ဗိုလ်နေဝင်းခန့်တဲ့) ဒေါက်တာညီညီရဲ့ စနစ်သစ် ပညာရေးအရ အမှတ်နည်းတဲ့ လူတွေကို သမိုင်းအဓိက သင်ရန်ပို့ လိုက်တော့ အလွန်ဝါသနာပါပြီး စားကြိုးစားသူ တယောက်တလေကလွဲလို့ သမိုင်းသုတေသီ လူချွန်လူကောင်းများ ထွက်လာရန် မလွယ်ပါ။ မြန်မာစာ အဓိကဘာသာရပ်မှာလည်း ထိုနည်း၎င်း ဖြစ်သွားပါတော့တယ်။

မြန်မာစာအတွက် ပိုကံဆိုးတာကတော့ အာဏာရှင်ဗိုလ်နေ၀င်း မြန်မာစာကော်မရှင်မှာ နာယကတက်လုပ်ပြီး သတ်ပုံ၊ သဒ္ဒါတို့ကို သူ့စိတ်တိုင်းကျရေးဆွဲ ပြင်ဆင်ခိုင်းလိုက်ခြင်းပင်ဖြစ်ပါတယ်။ ဆရာကြီးဦးဝန်လိုပုဂ္ဂိုလ်ကိုတောင် မကျက်တကျက်ဖုတ်ထားတဲ့ပေါင်မုန့်လို မနူးမနပ် မတတ်တတတ်လူလို့ ဗိုလ်နေ၀င်းက သရော်တော်တော်ပြောခဲ့ပါတယ်။ အကျယ်ကိုဆရာကြီးကြေးမုံဦးသောင်း ရေးခဲ့ပြီးဖြစ်ပါ တယ်။ တလောကမိုးမခမှာပါသွားတဲ့ ဦးခင်မောင်စော (ဘာလင်) ရဲ့ မြန်မာစာနဲ့ပတ်သက်တဲ့ဆောင်းပါးတခုမှာလဲ အလားတူထောက်ပြထားပါတယ်။ ဒါကြောင့် အသေးစိတ် ထပ်မရေးလိုတာ့ပါ။ မြန်မာပြည်ထဲက လူများမှာတော့ ဓားဂုတ်ပေါ်ဝဲပြီး သုံးခိုင်းနေလို့ မချစ်သော်လည်းအောင့်ကာ နမ်း ဆိုသလို ကြိတ်မှိတ်ပြီး ဒီသတ်ပုံကျမ်းသုံးနေရတာကို နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ပြည်ပရောက် စစ်အစိုးရကို ဆန့်ကျင်နေသူများထုတ်တဲ့ သတင်းစာ၊ ဂျာနယ် စတာတွေကလဲ ဒီသတ်ပုံကျမ်းအတိုင်း လိုက်နာရေး နေကြတာကတော့ ၀မ်းနည်းစရာပါ။ အများညီ ဤကိုကျွဲဖတ်ကြဆိုသလိုဖြစ်နေပါတယ်။ အများ မိုးခါးရေသောက်နေကြတော့လဲ ကျွန်တော် အပါအဝင်လူအများစုဟာ ရောယိမ်းလိုက်၊ ဘသားယိမ်းလိုက် လုပ်မိသွားကြပါတယ်။ ဆရာကြီးကြေးမုံ ဦးသောင်းကတော့ ကွယ်လွန်တဲ့အထိ စစ်အစိုးရရဲ့သတ်ပုံကျမ်းကို သပိတ်မှောက်ပြီး က၀ိလက္ခဏာသတ်ပုံ သတ်ညွှန်း အတိုင်းသာ ရေးသားခဲ့ပါတယ်။ (ဆုံး)

ကဝိလက္ခဏာသတ်ပုံကျမ်းကို စိန္တကျော်သူ ဦးဩက သတိုးမင်းခေါင်ရဲ့ တိုက်တွန်းချက်အရ ရေးသားခဲ့တယ်လို့ ဆိုပါတယ်။ မောင်သြဟာ ဘုတလင်၊ မောင်းထောင်ရွာမှာ ၁၀၉၈ ခုနှစ်မှာမွေးတယ်။ ဟံသာဝတီရောက်မင်းနဲ့ သတိုးမင်းခေါင်ထံမှာ ခစားရတယ်။ ၁၁၁၃ ခုနှစ် တော်သလင်းလဆန်း ၁၁ ရက်နေ့မှာ ကျမ်းပြီးစီးတော့ အသက် ၁၅ နှစ်သာရှိသေးတယ်။ ကဝိလက္ခဏာသတ်ပုံကျမ်းမှာ ဆန်း၊ အလင်္ကာ၊ သဒ္ဒါ၊ ဗျာကရုဏ်း၊ ရှေးထုံးပုံပြင်၊ ရာဇဝင်သမိုင်း၊ သံပိုင်းမော်ကွန်း စတဲ့ လောကီနှင့် လောကုတ္တရာကျမ်းတွေကလာတဲ့ ဗဟုသုတ အဆီအနှစ်တွေနဲ့ ပြည့်စုံတယ်လို့ ချီးမွမ်းခြင်းခံရတယ်။

အခုတော့ လောကီနဲ့ လောကုတ္တရာကျမ်းတွေကလာတဲ့ ဗဟုသုတအဆီအနှစ်တွေနဲ့ပြည့်စုံတဲ့ သတ်ပုံကျမ်းတွေ တရားမဝင်ဖြစ်ကုန်ပြီ။

ကဝိလက္ခဏာသတ်ပုံ လေးစောင်တွဲ ပါဠိဆရာဦးဖြေ သုတ်သင်ပြင်ဆင်သည်

သက်ငယ်တပုံ ဝါးတရုံ ရိပ်မြုံသာချမ်းဧး

ကဝိလက္ခဏာသတ်ပုံ

ရောင်ခြည်ခြောံသွယ်၊ ဘဝဂ်ကယ်၊ အံ့ဘွယ်ဆဲ့ရှစ်ဖြာ။
ပရိသတ်လယ်၊ ပျော်စံပယ်၊ ဘုန်းကြွယ်လူ့ထွတ်ချာ။
ရနံ့မပြယ်၊ ပန်းစပယ်၊ ခက်သွယ်နှာမောင်းဖြာ။
မုရင်းတံစယ်၊ ကောက်သန်လယ်၊ ကတွယ်မစိုက်ရာ။
ပျိုပျိုရွယ်ရွယ်၊ နောင့်ဆွေမယ်၊ ချစ်ဘွယ်များသည်သာ။
မင်းဆက်ငါးသွယ်၊ ရှင်ဘို့မယ်၊ နန်းလယ်တင်သဉ်သာ။
လဟာပြင်ကျယ်၊ မိုးမှာကြယ်၊ ပြိုင်ဆွယ်မနှုန်းရာ။
ပိန်းကောလှေငယ်၊ မြစ်ပင်လယ်၊ အလွယ်မကူးသာ။
အရိပ်နည်းငယ်၊ မကုံကယ်၊ ကုန်စယ်သွားလေပါ။
ဖေါင်းစိမ်းသက်ငယ်၊ ကိုင်းစက်စယ်၊ ပိတ်ကွယ်မိုးရှက်ကာ။
တုံ့ပယ်တုံ့ပယ်၊ ယက်ကန်းရှယ်၊ သွတ်လှယ်ပြန်လူးလာ။
သပ်သပ်ပါယ်ပါယ်၊ ပျိုနုနယ်၊ ထက်ဝယ်ဘွဲ့ခွေကာ။
မင်းပရိယာယ်၊ ငတင့်တယ်၊ နားဝယ်မလည်ရှာ။
ပြက်ပြက်ပြယ်ပြယ်၊ ငရဲးလွယ်၊ မျိုးနွယ်မြတ်ဆန်းသာ။
ရတုချဘွယ်၊ အသွယ်သွယ်၊ ခြောက်ဆယ်ကိရိယာ။
ဆန်းဆန်းကြယ်ကြယ်၊ ပညာကျယ်၊ တဆယ်ဥပစာ။
ကြေးနီတဆယ်၊ ငွေတဆယ်၊ သည်ဖွယ်သုံးဗိဿာ။
သစ်ကြားသစ်အယ်၊ စားချင်ဘွယ်၊ ဓါးဝယ်မြို့ကျေးမှာ။
ပဲးကူးမြို့ဝယ်၊ မွေသောက်သွယ်၊ သပ္ပါယ်ရှုစရာ။
လက်တော်ငင်ဆွဲး၊ တလံခွဲး၊ ပြောင်ပြဲးနဖူးဖျား။
တရုပ်ကျဆဲး၊ နန်းတော်လွှဲး၊ မင်းရဲးကျော်ခေါင်အား။
စပါးတခွဲး၊ ငွေတပဲး၊ ခြင်မြဲးဆယ်တင်းစား။
တလုံလဲးလဲး၊ လည်ချင်းနွှဲး၊ လက်ဝဲးမယ်မထား။
ချောင်းတဟဲ့ဟဲ့၊ ပျောင်းယဲ့ယဲ့၊ မဲ့၍ ငိုတတ်သည်။
ကျောက်နဂါးသွဲ့၊ စိမ်းလဲ့လဲ့၊ အိုဘဲ့မြတခြည်။
သလ္လာမြစ်ဆုံ၊ မြို့ဗဒုံ၊ မုံရွာနှင့်မဝေး။
သက်ငယ်တပုံ၊ ဝါးတရုံ၊ ရိပ်မြုံသာချမ်းဧး။
တိထီရက်ပုံ၊ လူ့သက်ကုံ၊ တပြုံဖြည်းဖြည်းသွေး။
ဆေးပြာမံအုံ၊ အနာမြုံ၊ တလုံလဲးလဲးပေး။
ရှစ်မည်ဂြိုဟ်ပုံ၊ နိယထုံ၊ တစုံတခုဘေး။

ဒေါက်တာတင့်ဆွေ
၁၅-၁၀-၂၀၁၉

တာရာ

ဒီတခါတော့
အဖြေဟာ တခုထဲ
ပဌမအမျိုးက
တဝါးဝါး တဟားဟား
ပညာရှာခြင်းတမျိုးပါဘဲ

ခုခေတ်မှာတော့
ဒီ (တစ်) ခါတော့
အဖြေဟာ (တစ်) ခုထဲ
ပထမအမျိုးက
(တစ်) ဝါးဝါး (တစ်) ဟားဟား
ပညာရှာခြင်း (တစ်) မျိုးပါပဲ

ခေတ်ပေါ်မြန်မာစာ တဝါးဝါးတဟားဟားရယ်စရာ ဖြစ်ရပါတော့သတည်း။

ဒေါက်တာတင့်ဆွေ
၁၅-၁၀-၂၀၁၉
ပုံပို့ပေးသူ ကျေးဇူး။

၎ ဆိုတာဘာလဲ

၁။ မင်္ဂလာပါ ဆရာ သမီးလေးက အခု ၄ ပါ မနေ့ ကတနေ့လုံး ဆီးမသွားဘူးရှင့် ည၈နာရီ တကြိမ်သွားပြီး အခုမနက်ထိ ဆီးထပ်မသွားလို့ ပါရှင် ဖြေပေးပါရှင့်

၎ ဆိုတာ ရက် လ နှစ် မသိ။ ရေသောက်နည်းသလား။

အဲလိုမေးတာတွေ မကြာမကြာလာတယ်။ ဂဏန်းနောက်မှာ တန်ဖိုး ခေါ် ယူနစ်ပါရင် ဘာမှနားမလည်စေနိုင်။

တနှစ် ၃ လသားကလေး၊ ကိုယ်အလေးချိန် ၂၀ ပေါင်၊ ဖျားနေတာ ၂ ရက်၊ အပူချိန် ၁၀၀ ဒီဂရီ အက်ဖ်၊ ပါရာစီတမော အရည် ၅ စီစီ၊ တနေ့ ၃ ကြိမ်တိုက်ပါ။

ဒေါက်တာတင့်ဆွေ
၁၅-၁၀-၂၀၁၉

Lung Cancer (2) အဆုပ် ကင်ဆာ (၂)

ကျမအမျိုးသားပါ အသက် ၅၈နှစ် အဆုတ်ကင်ဆာအဆင့် ၃လို့ ပြောပါတယ် ဆေးသွင်း ဓါတ်ကင်သင့်ပါလား ဘယ်လိုနေထိုင်ကုသရပါမလဲ

ရောဂါအဆင့် လူနာကျန်းမာရေးအရ အထူးကုဆရာဝန်တွေညွှန်တာ လိုက်နာသင့်။

ယောက်ျားတွေရော မိန်းမတွေပါ ကင်ဆာကြောင့် သေဆုံးရတဲ့ အကြောင်းရင်းထဲမှာ အဆုပ်ကင်ဆာက ထိပ်မှာရှိတယ်။ ကနေ့ကာလမှာ အဆုပ်ကင်ဆာကြောင့် သေရသူ ၁ဝ ယောက်ထဲမှာ ဆေးလိပ်သောက်သူ ၉ ယောက်ရှိတယ်။ (ရင်ဒေါင်) ဓါတ်ငွေ့၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု နဲ့ ဓါတုပစ္စည်းတွေက တခြား တရားခံတွေ ဖြစ်တယ်။ နောက်ပေါ် ဆေးဝါးသစ်တွေက အားတက်စရာ ရှိပါတယ်။

၁။ ဆေးလိပ် နဲ့ အဆုပ်ကင်ဆာ ဘယ်လိုဆက်စပ်သလဲ
စီးကရက်ထဲပါနေတာက ကင်ဆာကို ဖြစ်စေနိုင်တာသာ မကဘူး၊ အဆုပ်ရဲ့ သဘာဝခုခံမှုကိုပါ သက်ရောက်စေတာလဲ ပါတယ်။ အသက်ရှူလမ်း တလျှောက်မှာ Cilia ခေါ်တဲ့ အမွှေးသေးသေးလေးတွေ ရှိနေတယ်။ အဆိပ် အတောက်တွေ၊ ဗက်တီးရီးယားတွေ နဲ့ ဗိုင်းရပ်စ်တွေ ဝင်လာရင် တားဆီးပေးတယ်။ ဆေးလိပ်ငွေ့က ဒီအမွှေးလေးတွေကို လေဖြတ်သလိုဖြစ်စေတယ်။ အဲဒီအခါ Carcinogens ကင်ဆာဖြစ်စေနိုင်တာတွေ အဆုပ်ထဲကို အတားအဆီးမရှိ ဝင်လာနိုင်ကြတယ်။

၂။ အဆုပ်ကင်ဆာ လက္ခဏာများ
ဖြစ်ခါစမှာ မသိသာဘူး။ ဘာမှမခံစားရသေးဘူး။ ဆက်ဖြစ်လာမှ ဒါတွေခံစားရမယ်။
- ချောင်းဆိုးတာ မပျောက်နိုင်ဘဲဖြစ်နေမယ်၊
- ရင်ပတ်နာမယ်၊ အသက်ပင့်ရှူရင် နာမယ်၊
- အသက်ရှူကြပ်မယ်၊ အသက်ရှူမဝဖြစ်မယ်၊
- ချောင်းဆိုးသွေးပါဖြစ်မယ်၊
- အားယုတ်မယ်။

၃။ အဆုပ်ကင်ဆာ ဆန်ကာတင်စစ်ခြင်း
စောစောစီးစီး သိနိုင်လား။ Spiral CT scan ရိုက်စစ်ဆေးရင် တချို့လူတွေမှာ စောစောသိနိုင်တယ်။ စောတယ် ဆိုတာတောင် အသက်ကယ်နိုင်လောက်တဲ့အထိ စောသလား မပြောနိုင်ဘူး။ National Cancer Institute ကနေ ဒီနည်းရဲ့ အသုံးကျမှုကို လေ့လာနေတယ်။ ခက်တာတခုက ဒီ (စကင်) ရိုက်ရင် အဆုပ်ထဲက အန္တရာယ် ပြုနိုင်တာရော မပြုနိုင်တာရောတွေ့ မြင်ရတယ်။ သံသယကို ရှင်းအောင် ဆက်စစ်ရလို့ မလိုအပ်ဘဲ အသားစဖြစ်စစ်ရတာ၊ စိုးရိမ်စိတ်ဝင်ရတာ၊ ငွေကြေးကုန်ကျတာတွေ ဖြစ်စေတယ်။

၎။ ရောဂါဟုတ်တယ်ဆိုတာ ဘယ်လိုသေချာစေမလဲ
များသောအားဖြင့် နာတာရှည်ချောင်းဆိုးတာ၊ အသက်ရှူကြပ်တာတွေ မဖြစ်သေးခင် သံသယမဝင်ကြဘူး။ Chest X-ray ရင်ပတ်ဓါတ်မှန် စတာတွေ ရိုက်မယ်။ Sputum test သလိပ်စစ်တာလုပ်မယ်။ သံယယကိုသေ့ခာအောင် Biopsy အသားစ ထုတ်စစ်တာ လုပ်မယ်။

၅။ အဆုပ်အသားစ ထုတ်ယူ စစ်ဆေးခြင်။
X-ray ဓါတ်မှန်မှာလဲ အကျိတ်တွေ့မယ်၊ Sputum test သလိပ်စစ်တာမှာလဲ Cancer cells ကင်ဆာဆဲလ် တွေ့မယ်ဆိုရင် Biopsy အသားစ ထုတ်စစ်တာလုပ်ပြီး သေချာစေမယ်။

၆။ အဆုပ်ကင်ဆာ အမျိုးအစားများ
အနုကြည့်မှန်ဘီလူး အောက်မှာ အဓိက ၂ မျိုးရှိတယ်။
- Small-cell lung cancer ဆိုတာက ပိုဆိုးတယ်။ ပြန့်ပွါးတာ မြန်တယ်။ ဆေးလိပ်သောက်တာနဲ့ ဆက်စပ်တယ်။
- Non-small-cell lung cancer က ပြန့်တာ နှေးတယ်။ ၉ဝ% က ဒီအမျိုးအစား ဖြစ်တယ်။

၇။ အဆုပ်ကင်ဆာ အဆင့်များ
ကင်ဆာ ဘယ်အထိရောက်နေသလဲဆိုတာ အဆင့်ဖြစ်တယ်။ အဆင့်ခွဲစနစ်တွေ တမျိုးမကရှိတယ်။ Small-cell lung cancer အမျိုးအစားကို အဆုပ်တဖက်တည်းမှာသာနဲ့ တက်စေ့လောက်သာရောက်သေးတဲ့ Limited ကွက်ဖြစ်နေတာ နဲ့ အဆုပ် ၂ ဘက်လုံးနဲ့ တခြားအထိရောက်နေတဲ့ Extensive ကျယ်ပြန့်တာဆိုပြီး၊ ၂ ဆင့်ခွဲတယ်။ Non-small-cell lung cancer ကိုတော့ ၁ ကနေ ၄ အထိခွဲထားတယ်။

၈။ ဘယ်လောက်အထိ အသက်ရှင်နိုင်သလဲ
လေ့လာမှုအရ သိရတာ မရရာပါ။
American Cancer Society ရဲ့နောက်ဆုံး စာရင်းမှာ ၁၉၉၈ ကနေ ၂ဝဝဝ အတွင်း Non-small cell lung cancer ရောဂါနာမည် သေချာထားသူတွေမှာ ၅ နှစ်အသက်ရှည်သူ ၁% ကနေ ၄၉% ရှိတယ်။ ဒိနောက်ပိုင်း ဆေးတွေ၊ ကုသနည်းတွေ ပိုကောင်းလာနေပါတယ်။

၉။ သိပ်နောက်မကျခင်သိရင်
Non-small-cell lung cancer တွေ့ရင် Surgery ခွဲစိတ်တာနဲ့ ကောင်းနိုင်တယ်။ အကျိတ်ဖြစ်ဖြစ် အဆုပ်တဖက်လုံးဖြစ်ဖြစ် ခွဲထုတ်မယ်။ Radiation therapy ဓါတ်ကင်တာ၊ Chemotherapy ဆေးပေးတာ ဆက်လုပ်နိုင်တယ်။ Small-cell lung cancer ဆိုရင် ခွဲဘို့နောက်ကျနေတာ များတယ်။

၁ဝ။ နောက်ပိုင်းအဆင့်ရောက်နေရင်
အသက်ပိုရှည်နိုင်သမျှရှည်အောင်၊ နေရတာလဲ သက်သာစေအောင် လုပ်ပေးနိုင်တယ်။ Radiation therapy ဓါတ်ကင်ပေးမယ်။ Chemotherapy ဆေးပေးမယ်။ Chemotherapy ဆေးပေးနည်း (ခီမို) ကို Small-cell lung cancer အမျိုးအစားမှာ ပိုသုံးလို့ သင့်တယ်။

၁၁။ ပြစ်မှတ်ထား ကုသပေးနည်း
ကုသနည်းသစ်ဖြစ်တယ်။ Chemotherapy ဆေးပေးနည်းနဲ့လဲ တွဲသုံးတာရှိတယ်။ တနည်းက ကင်ဆာ (ဆဲလ်) တွေ အသက်ရှင်ဘို့လိုတဲ့ သွေးကြောသစ်တွေ မဖြစ်စေအာင် လုပ်ပေးနည်းဖြစ်တယ်။ နောက်ပိုင်းအဆင့် လူနာတွေအတွက် Chemotherapy ဆေးပေးနည်းနဲ့တွဲရင် သင့်တယ်။
နောက်တနည်းက ကင်ဆာ (ဆဲလ်) တွေ ပွါးရာမှာလိုအပ်တဲ့ အချက်ပြမှုကို သက်ရောက်စေတယ်။

၁၂။ ရောဂါရှိတာ သိလာပြီးနောက် စိတ်ထိခိုက်မှာတော့ အမှန်ပါ။ ဆေးလိပ်သောက်တာနဲ့ ဆက်နေတယ်လို့ သိပြန်ရင် "နောင်တ" ဖြစ်နေတော့မယ်။ ဒီအချိန်မှာ ကိုယ့်ကိုယ်ကို အပြစ်ဖို့ဘို့အချိန် မဟုတ်ပါ။ ရှေ့ကို အကောင်းဆုံး ဘယ်လို ဆက်မလဲကိုသာ အာရုံစိုက်ပါ။ လူနေမှုပုံစံပြောင်းဘို့ရာ အခုစလုပ်တာ အစောဆုံး ဖြစ်ပါမယ်။ ဆေးလိပ်ဖြတ်တာနဲ့ မဖြတ်သူတွေထက် ပိုသက်သာတာ အမှန်ဘဲ။

၁၃။ ဆေးလိပ် မီးခိုးရှူရသူများ (တဆင့်ခံ ဆေးလိပ်သောက်သူများ)
ဇနီးဖြစ်ဖြစ် ခင်ပွန်းဖြစ်ဖြစ် ဆေးလိပ် သောက်သူဖြစ်ရင် သူများတွေထက် ၂ဝ-၃ဝ% ပိုဖြစ်လာနိုင်တယ်။

၁၄။ လုပ်ငန်းခွင်
Uranium, (ယူရေနီယမ်)၊ Arsenic (အာဆင်းနစ်) စတာတွေနဲ့ လုပ်ငန်းခွင်မှာ နေ့တဓူဝ တွေ့နေရသူတွေမှာ အဆုပ်ကင်ဆာ ဖြစ်လာဘို့ အန္တရာယ်ရှိတယ်။ Asbestos မီးခံကျောက်လဲ အဲလိုဘဲ။

၁၅။ ဓါတ်ငွေ့
Radon ဆိုတာ ဓါတုဗေဒလို Rn နဲ့ရေးပြီး အနုမြူနံပါတ် ၈၆ ဖြစ်တယ်။ Radon gas (ရင်ဒေါင်) ဟာ သဘာဝဖြစ် ရေဒီယို ဓါတ်ကြွသတ္တိ ရှိတယ်။ ပုံပါကရိယာနဲ့ စစ်နိုင်တယ်။ အမေရိကားမှာတော့ ဆေးလိပ်ပြီးရင် အဆုပ်ကင်ဆာ ဖြစ်စေတဲ့ ဒုတိယ အကြောင်းခံ ဖြစ်တယ်။ ဒီရောဂါနဲ့ သေဆုံးရသူထဲက ၁၂% ဟာ ဒါနဲ့ ဆက်စပ်နေတယ်။

၁၆။ လေထုညစ်ညမ်းမှု
ဆေးလိပ်လောက် ဖြစ်စေနိုင်တာတော့ မဟုတ်ပါ။ ကား၊ စက်ရုံ စတာတွေကနေ ထွက်တဲ့ အငွေ့တွေကနေ ကင်ဆာဖြစ်ဘို့ အားပေးရာကျတယ်။

၁၇။ တခြားအကြောင်းခံတွေ
- မိသားစုထဲမှာ ဖြစ်ဘူးတာ၊
- သောက်ရေထဲမှာ (အာဆင်းနစ်) များနေတာ၊
- တခြားဘာအကြောင်းမှ ရှာမရသူတွေမှာလဲ ဖြစ်တတ်တယ်။ ဆေးလိပ် မသောက်သူတွေထဲမှာတော့ အမျိုးသမီး ဦးရေက ပိုများတယ်။ Adenocarcinoma အမျိုးအစားကလဲ ဆေးလိပ် မသောက်သူတွေမှာ အဖြစ်များတယ်။

၁၈။ ဘယ်လိုကာကွယ်မလဲ
ဆေးလိပ်မသောက်ပါနဲ့။

- Diet and cancer ကင်ဆာ နဲ့ အစားအစာ http://dts-medicaleducation.blogspot.com/2012/01/diet-and-cancer.html
- Smoking and Cancer ဆေးလိပ်နဲ့ ကင်ဆာ http://doctortintswe.blogspot.com/2015/02/smoking-and-cancer.html
- Lung Cancer (1) အဆုပ် ကင်ဆာ (၁) http://dts-medicaleducation.blogspot.com/2011/11/lung-cancer.html
- Lung Cancer (2) အဆုပ် ကင်ဆာ (၂) http://doctortintswe.blogspot.com/2015/02/lung-cancer-2.html
- Lung Cancer and Papaya အဆုပ်-ကင်ဆာ နဲ့ သင်္ဘောရွက် http://dts-medicaleducation.blogspot.com/2012/01/lung-cancer.html
- Lung cancer therapy is milestone အဆုပ်ကင်ဆာကုသနည်းမှတ်တိုင် http://doctortintswe.blogspot.com/2015/05/lung-cancer-therapy-is-milestone.html

ဒေါက်တာတင့်ဆွေ
၁၅-၁၀-၂၀၁၉

ဝိပဿနာဒီပနီ

ဝိပလ္လာသ

(၁) သညာဝိပလ္လာသ
က။ အနိစ္စ၌ နိစ္စဟု အမှတ်မှားခြင်းတပါး
ခ။ အသုဘ၌ သုဘဟု အမှတ်မှားခြင်းတပါး
ဂ။ ဒုက္ခ၌ သုခဟု အမှတ်မှားခြင်းတပါး
ဃ။ အနတ္တ၌ အတ္တဟု အမှတ်မှားခြင်းတပါး။

လယ်တီဆရာတော်ဘုရားကြီး ပြုစုတော်မူသော ဒီပနီပေါင်းချုပ် (မူရင်း ၁၉၈၉ ခုနှစ်ထုတ်)

အခုခေတ်မှာတော့ တရားကို အမှတ်မှား မမှား မသိပါ။ သတ်ပုံတွေ အမှတ်မှားခြင်း (တစ်) ပါးတွေ အလွန်များတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၁၀-၂၀၁၉

ကဗျာ့ကြယ်တပွင့်

သူခိုးဖမ်းပါ
လမ်းကြားမှာလား
ပန်ကာအောက်မှာထိုင်နေ၏။

ရင်ထဲစွဲအောင် သုံးကြောင်းကဗျာတိုလေးတွေ ထားရစ်ခဲ့သူတွေက ဆရာတင်မိုးနဲ့ မောင်ယဉ်မွန်။

သူလည်း ကြွေကျ မြေခ ကဗျာ့ကြယ်တပွင့်။ ကြယ် (တစ်) ပွင့် မဟုတ်။

ဒေါက်တာတင့်ဆွေ
၁၆-၁၀-၂၀၁၈
၁၆-၁၀-၂၀၁၉
ပုံ Ko Nyo Aung

Soap သူပုန်တွေလာမယ်

၂ဝ၁၅ ရွေးကောက်ပွဲကာလမှာ ရခိုင်အမျိုးသမီးတဦးကပြောပြတယ်။ NLD အနိုင်ရရင် သူပုန်တွေဝင်လာမယ်လို့ ပြောနေကြတယ်ရှင့်။

ရခိုင်တွေက ဆပ်ပြာကို သဘုန်လို့ခေါ်ကြတယ်။ အိန္ဒိယမှာ အများဆုံးသုံးတဲ့ (ဆာဘုန်း) ဟင်ဒီစကား ဖြစ်ပါတယ်။ Soap = साबुन (Sabun) = ဆပ်ပြာ။

ဟုတ်နိုင်တယ်။ NLD အနိုင်ရရင် ဆပ်ပြာတွေအတော်လိုမယ်။ အညစ်အကြေး ဆေးကြောစရာတွေက များတာကိုး။

အရင်တခါတင်စဉ်က ကွန်မင့်တွေရေးကြတယ်။ ကျေးဇူး။
• ဆဘုန်၊ ဆာဘုန်း ဆိုတာကုလားတွေပဲခေါ်ကြတာပါဆရာ ရခိုင်တွေကတော့ သဘုန် လို့ပဲခေါ်ကြပါတယ်ဆရာ။
• မလေးလိုလည်း ဆာဘွန် ဘဲဆရာ ဗဟုသုတပေါ့
• မလေးလိုလည်း ဆာဘွန်း sabun ပဲဆရာ
• မလေးဘိုလဲဆပ်ပြာကိုဆာဘွန်းလို့ခေါ်ပါတယ်
• ဥရောပ နိုင်ငံများမှာလဲ ဆာဘွန်းလို့ ခေါ်ပါတယ် ဆော့ဘု လို့လဲခေါ်တာ တွေ့ဘူးပါတယ်
• ဘုတ်ပြင်း နယ်ဘက်ကရှမ်းတွေလဲ ဆာပူ လို့ခေါ်ပါတယ်

သူပုန်လို့အခေါ်ခံရသူတွေက လွတ်လပ်ရေးမရခင်ကတည်းက။ ဆပ်ပြာတွေ အများကြီးလိုတယ်။ အညစ်အကြေးတွေ၊ ဆေးကြောစရာတွေက အများကြီးကျန်သေးတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၁၀-၂၀၁၅
၁၆-၁၀-၂၀၁၉

Sunset တနေဝင်သော်

တွံတေးသိန်းတန်သီဆိုခဲ့တဲ့သီချင်းကို တင်ထားကြတာ သတ်ပုံမှန်နည်းနည်းနဲ့ (တစ်) နေဝင်သော်လို့ မှားရေးသူတွေက များတယ်။ စာသားတင်သူကလည်း တစ် ၁၉ လုံးနဲ့ရေးထားပြီး၊ ခုနစ်နဲ့ ခုနှစ်လည်း မှားနေတယ်။

တတောဝင်ထွက် တကုန်းတက်၍ တတောင်ကိုကျော် တပင်မှာနားသော် အားငယ်ဖြေမချိ တွေ့လိမ့်နိုးနိုး မျှော်ကိုးလို့နော် ဪ မကြင်နာ တမင်ခွာ စိမ်းသူရဲ့ မြင်လှဲ့စေချင်သော် တနေဝင်လျှိုး တမိုးပင်ချုပ်လေခဲ့ပြီနော်။

တနေထွက်၍ ဖြေရက်ကယ်မျော် ရေတွက်ကာ လက်မှာချိုး ဆယ်ပြန်ဆယ်ကာတိုးလို့ ရွယ်ကိုးသူပေါ်မလာသော် ဘယ်အငြိုးနဲ့များ ပစ်ခွာပြေးခဲ့ ချစ်ရှာသေးသူ ဘဝင်မှာ အဖြေမပေါ် မကြင်နာသူကြီးရေ ဘယ်သောအခါမှ ဆုံဆည်းရမယ်နော်။

ရေမြေ တော တောတောင်ကမ်းပါးယံ သီတာခုနစ်တန် ဆီးကာသော်တည့် မိုးအရှိ မြေအလုံး အဆုံးထိအောင် ဖွေရှာမယ်နော် သွေခွာ ပြေးသူကြီးရေ နီးအောင်ပင်လှမ်း လှမ်းလာခဲ့သော် လွတ်အောင်ပြေးပါလားကွယ် ဪ ဇွတ်ရှောင်ပြေးသူ တပါးရယ်နော်။

အသက်ခန္ဓာဆုံးစေတော့ ဖုန်းမေကြော့ကို မတွေ့တွေ့အောင် ဖွေရှာမယ်နော် မမေ့ မေ့အောင် ဖြေမဖျောက်နိုင်သူမို့ ရေမြေတသန့် ခြေဆန့်ကာရှာခဲ့ပြန်သော် တနေဝင်လျှိုး တမိုးပင်ချုပ်လေခဲပြီနော်။ ။

မြန်မာစာ တနေဝင်လျှိုး တမိုးပင်ချုပ်လေခဲ့ပြီနော်

ဒေါက်တာတင့်ဆွေ
၁၆-၁၀-၂၀၁၈
၁၆-၁၀-၂၀၁၉

ပေါ်ပလင် မိမ္မဝတ်လုံချည် တကိုက်လျှင် ၆ ကျပ်ထဲ

ကျွန်တော်တို့ငယ်ငယ်က အဝတ်စဆိုတာ မာလကျင်ကနေစတယ်။ သိပ်လည်းမဖြူ ကြမ်းတယ်။ နောက် ပိတ်စ ပေါ်လာတယ်။ ဖြူတယ်။ ချောတယ်။ နောက် ပေါ်ပလင်။ ပိုဖြူ ပိုချောလာတယ်။ တက်ထွန်ကတော့ မီးပူတိုက်စရာ မလို။ တိုက်ပုံနဲ့ ဘောင်းဘီရှည်ချုပ်ဝတ်လို့ ကောင်းတယ်။

ပေါ်ပလင်ကို ရုပ်ရှင်မင်းသမီးကြည်ကြည်ဌေးနဲ့ ကြော်ငြာတယ်။ ကြည်ကြည်ဌေးက ဗေဒါလမ်းသီချင်းကို စဆိုခဲ့သူ။

ဒေါက်တာတင့်ဆွေ
၁၆-၁၀-၂၀၁၈
၁၆-၁၀-၂၀၁၉

မဉ္ဇူသကပန်း

ဆရာရှင့် မြဉ္ဇူသကပန်းလား၊ မဉ္ဇူသကပန်းလား၊ ဘယ်ဟာအမှန်လဲသိချင်လို့ပါ။

မဉ္ဇူပန်း
မဉ္ဇူသကပန်း

မဉ္ဇူသကပန်းဆိုတာ နတ်ပန်းလို့စာဖွဲ့ကြတယ်။ သခွပ်ပန်းနဲ့ စာထဲမှာ အတူပါလေ့ရှိတယ်။ မဉ္ဇူပန်းလို့တော့ တကယ်ရှိတယ်။ နန်းသုံးတော်ဝင် စာဖွဲ့လေ့ရှိတဲ့ပန်းတော့ မဟုတ်။ တောပန်းလို့ပြောနိုင်တယ်။ တရပ်တမျိုး ခေါ်ကြသလား မပြောတတ်ပါ။ ဝင်းဦးဆိုတဲ့ သီချင်းတပုဒ်ထဲမှာ လှမဉ္ဇူလို့ဖွဲ့တာရှိတယ်။ မိန်ကလေးအလှဘွဲ့။

Dr. တင့်ဆွေ
၁၆-၁၀-၂၀၁၇
၁၆-၁၀-၂၀၁၉

ဟက်ပီးဘာ့သ်ဒေး

ဒီရက်မှာ ၁၉၆၅-၁၉၇၂ ဆေးကျောင်းသူငယ်ချင်းက နှစ်ယောက်၊ ၁၉၉၀ နိုင်ငံရေးလုပ်ဖေါ်ကိုင်ဘက်က တယောက် မွေးနေ့တွေ။

Dr. တင့်ဆွေ
၁၆-၁၀-၂၀၁၉

အမည်

ကွန်မင့်တခုရတယ်။

ကြည်ကြည်ဋ္ဌေး ? ကြည်ကြည်ဌေး? တဲ့။

ကြည်ကြည်ဌေး နဲ့ ကြည်ကြည်ဋ္ဌေး ၂ မျိုးလုံးရေးနေကြတယ်။ အမည်မှန် မသိပါ။ ဆောရီး။

လူအမည်ကို ကြိုက်သလိုစာလုံးပေါင်းလေ့ရှိတယ်။ လေးနဲ့မြားလို့က သတ်ပုံအမှန်။ စာရေးဆရာကလောင်အမည်က ဒဂုံရွှေမျှား။ သူ့အမည်ကို ပြင်မရေးအပ်ပါ။

၁၉၉၀ အမတ် ၂ ဦးမှာ တယောက်က ဗိုလ် နောက်တယောက်က ဘို လို့ စာလုံးပေါင်းတယ်။ သူတို့အမည်တွေကို ပြင်မရေးအပ်။

ဒေါက်တာတင့်ဆွေ
၁၆-၁၀-၂၀၁၉

ခဏနေရင် ဖျက်ပါမယ်

၁။ ဆရာ ဒီကဗျာမှာရော စာအမှားတွေချည်းပဲ မြန်မာစာ ကြာလေ ယိုယွင်းလေပါ

သတ်ပုံအမှားတွေကို လိုက်ရှာနေစရာ မလိုပါ။ ခဏနေရင် ကွန်မင့်ကို ဖျက်ပါမယ်။ ဆောရီး။

၂။ ဆရာအကောင့်အပ်ပေးဘာအု့းနော်စာသားတွေးဖတ်ရဘာတယ်ဆရာကျေးဇူးတင်ဘာတယ်

ကျွန်တော့်နေရာမှာ သတ်ပုံမှာရေးလာရင် ပြင်ချင် ဖျက်ချင်တယ်။ ကိုယ့်စာ ကိုယ့်နေရာ ကိုယ်မှန်တယ်ထင်တာရေးကြတာ သိပ်မပြောလိုပါ။ ခဏနေရင် ကွန်မင့်ကို ဖျက်ပါမယ်။ ဆောရီး။

စတစ်ကာတွေ၊ GIF တွေ၊ လူပုံတွေ၊ အကောင်ပုံတွေ၊ သတ်ပုံမမှန်တဲ့ ဆုတောင်းစာတွေ၊ တရားစာတွေကိုလည်း ဖျက်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၁၀-၂၀၁၉

အဘခေတ် ကျဆုံးပါစေ

ယူနစ်မပါမှာ မ ကျန်ခဲ့တာထောက်ပြလို့ ကျေးဇူး။ အဘအတွက်တော့ လင့်ပို့လိုက်မယ်။ ခဏနေ ကွန်မင့်ကို ဖျက်ပါမယ်။ ဆောရီး။

How to greet အဘခေတ် ကျဆုံးပါစေ https://doctortintswe.blogspot.com/2019/04/how-to-greet.html

ဒေါက်တာတင့်ဆွေ
၁၆-၁၀-၂၀၁၉

တရေးနိုးသော် အကြံမပေါ်

နောက်တယောက်လာပြန်ပြီ။

၁။ ဆရာ့ရဲ့ websiteက ဇော်ဂျီဖြစ်နေတယ် စံစနစ် Unicodeပြောင်းသုံးပေးပါလား ဖတ်မရလို့ပါ

ဒါက မနေ့ကတယောက်။ လာဦးမယ်။

၂။ ဆရာခင်ဗျ...ကျွန်တော်တစ်ခုလောက်.မေတ္တာ ရပ်ခံပါရစေ...linkထဲက စာတွေကို Unicode နဲ့ တင်ပေးစေချင်ပါတယ်ဆရာ...

အခုမှ တရေးနိုးလာသလိုပဲ။ ဖေါင့်အကြောင်းတင်ပြထားတာတွေက များလှပြီ။ ဘယ်လို ဘာ့ကြောင့် ရေးထားပြီးသား။ ဘလော့ဂ်မှာ စာပုဒ်ရေ ၁၄၆၇၆ ရှိတယ်။

ကျွန်တော်က အပျော်သုံးသူတွေလို စဉ်းစားရတာမဟုတ်ပါ။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၁၆-၁၀-၂၀၁၉

သံဝဇေနိယ လေးဌာန

ဆရာရှင့်၊ ဘုရားရှင် သီတင်းသုံးခဲ့တဲ့ ကပိလဝတ်၊ မိဂဒါဝုန် စတဲ့ နေရာဒေသများဟာ အခုဘယ်နေရာတွေပါလဲ၊ India ဘက်မှာလား Nepal ဘက်မှာလား၊ ဗဟုသုတမျှဝေပေးပါရှင့်၊ ကျေးဇူးပါဆရာ။

အခုချိန်ဟာ ဘုရားဖူးရာသီဖြစ်ပါတယ်။ မဇ္ဈိမဒေသမှာရှိတဲ့ သံဝေဇနိယ လေးဌာနကိုသွားကြပါတယ်။ သံဝေဇနိယ လေးဌာနဆိုတာ -
၁။ ဘုရားလောင်းမွေးဖွါးတဲ့နေရာ လုမ္ဗိနီ။ အဲဒီနေရာတခုသာ ကနေ့နီပေါနိုင်ငံထဲမှာတည်ရှိတယ်။ ကျန်နေရာတွေက ကနေ့အိန္ဒိယပြည်ထဲမှာရှိကြတယ်။

၂။ ဘုရားအဖြစ်ရောက်တော်မူရာ မဟာဗောဓိညောင်ပင်နဲ့ စေတီတော်တည်ရှိရာ ဗုဒ္ဓဂယာ၊ အိန္ဒိယ။

၃။ ပဉ္စဝဂ္ဂီငါးဦးကို တရားဦးဟောကြာရာ မိဂဒါဝုန်၊ အိန္ဒိယ။

၎။ ဘုရားမြတ်စွာ ပရိနိဗ္ဗာန်ဝင်စံရာ ကုသိနာရုံ၊ အိန္ဒိယ။ Kushinagar, Kusinagar or Kusinara (ကူစီနဂါး) လို့ အသံထွက်မှ ဒေသခံတွေကသိပါတယ်။

· ဗုဒ္ဓဂယာ အခါခါရောက်၊ ခေါက်ရေ မမှတ်မိ။ တခေါက်မှာ တမဂ်ရလို့ကတော့ ဒီစာရေးဘို့မရှိ။

· ဒုက္ကရစရိယာကျင့်ရာ နာရဉ္ဇရာမြစ်ကို အခါခါဖြတ်သန်း၊ သုဇာတာ နို့ဆွမ်းကို တမ်းမိ။ လွမ်း၏။

· ဣသိပတန မိဂဒါဝုန်မှာ သမင် ရှာကြည့်၊ ပဉ္စဝဂ္ဂီ မှန်းကြည့်၊ ဓမ္မစကြာ ရွတ်ကြည့်ချင်ပေသိ အလွတ်မရရှိ။

· ဇေတဝန်ကျောင်းတော်ရာကြီးရှိရာ သာဝတ္ထိ၊ ရောက်သည့်အကြိမ်ရေ ရေမထားမိ၊ မပဋာကိုသာ လိုက်ရှာမိ။ သံဝေဂ ရရှိ။

· တောင်ငါးလုံးကာခို ရာဇဂြိုဟ်က ဗိမ္ဗိသာရအကျဉ်းထောင်မှာ ကိုယ့်တိုင်းပြည်က နိုင်ငံရေးအကျဉ်းသားတွေကို ရှာခဲ့မိ။

· နာလန္ဒာတက္ကသိုလ်မှာ ဖရက်ရှာလုပ်ခဲ့တာ အခါခါ၊ တခေါက်မှာ တဘာသာသင်ယူခဲ့ရင်ဖြင့် အဋ္ဌာရသပညာအစုံရရှိ။

· ပရိနိဗ္ဗာန်စံတော်မူရာ ကုသိနာရုံမှာ ဝမ်းကိုက်ရောဂါသင်ခန်းစာ ပြန်ကာမှတ်မိ။

· ဗာရာဏသီ ဘယ်နှစ်ကြိမ်ရောက်သည်မသိ။ ဆွန်ဘဏ္ဍာတိုက်က တခေါက်မှာ ရွှေဒင်္ဂါးတပြား နှိုက်ခဲ့ရရင်ဖြင့် ဒီနေရာ ရောက်ဘို့မရှိ။

· အင်ကြင်းပင်ရှားသွားတဲ့ လုမ္ပီနီဥယျာဉ်အသွားမှာ သင်ယူထားတဲ့ သာဖွါးနဲ့မီးယပ်ပညာ သေးသိမ်သွားတော့၏။

· ရာဇဂြိုဟ်က သာမညဖလသုတ်ဟောတော်မူရာ ဇီဝကဥယျာဉ်မှာ သမားတော်ဆုတောင်းခဲ့ပါ၏။

တင်ထား ရှယ်ထားကြတာတခု တွေ့ပါတယ်။ ဗုဒ္ဓဘုရားဖြင့်စဉ် ပထမ အပိုင်း ၁ မှ ၃၀ထိ အေးဆေးနားတဲ့ချိန် ကြည့်ဖို့ shareယူထားနော်တဲ့။

ထိုင်းနဲ့ မြန်မာစာတမ်းထိုး အိန္ဒိယဇာတ်ကား။ နည်းနည်းလေးကြည့်လိုက်တယ်။ သတ်ပုံတွေ သွက်သွက်ခါအောင် မှားနေတယ်။ ကွန်မင့်တခုက ယသော်ဓရာ နဲ့ မယ်တော်မာယာ နာမည်လွဲလို့ရေးထားတယ်။ မြတ်စွာဘုရာ၏ခမည်းတော် သုတ်ဓေါဒနမင်းတဲ့။ မြတ်စွာဘုရား၏ ခမည်းတော် သုဒ္ဓေါဒနလို့ ရေးရတယ်။ ပလင်တဲ့။ ပလ္လင်လို့ ရေးရတယ်။ နေနတ်သားကို မောတ္တာပို့တဲ့။ မေတ္တာပို့လို့ ရေးရတယ်။

ဗုဒ္ဓဝင်ဖျက်တယ်။ မြန်မာစာပျက်တယ်။ ကုသိုလ်ဖြစ်ပါ့မလား။

ဒေါက်တာတင့်ဆွေ
၁၆-၁၀-၂၀၁၉

Pregnancy Pains ကိုယ်ဝန်ဆောင် ဝေဒနာ

မင်္ဂလာပါ ဆရာ ကျမက အသက်၃၀၊ ကိုယ်ဝန်ဆောင်အမျိုးသမီးပါရှင့် ကိုယ်ဝန်က ၁၅ပတ်ထဲမှာပါ ချက်နားတဝိုက်အောင့်နေလို့ပါ

Pregnancy Pains ကိုယ်ဝန်ဆောင် ဝေဒနာ https://doctortintswe.blogspot.com/2014/11/pregnancy-pains.html

ဒေါက်တာတင့်ဆွေ

ပြင်ချင်သလို ပြင်နိုင်စွမ်းရှိကြတယ်

တခိုင်နှစ်ခိုင် နှင်းပန်းခိုင် ခင်ဆွေးဦးရေးတဲ့စာအုပ်ပုံ ပို့ပေးတာရတယ်။ ကျေးဇူး။

နောက်ထုတ်တွေနဲ့ အွန်လိုင်းတင်တာတွေက ခင်ဆွေဦးရဲ့ ပညာပိုင်းဆိုင်ရာမူပိုင်ခွင့်ကို ချိုးဖေါက်ပြီး သတ်ပုံပြင်ထားကြတယ်။ မလုပ်ကောင်းပါ။

နုနုရည် အင်းဝစာအုပ် ထပ်ပို့တယ်။

ဟုတ်။ အဲဒီစာအုပ်ကို တင်ထားသူတယောက်ကတော့ တစ်ချို့ တဲ့။ နုနုရည် အင်းဝ ကို သတ်ပုံပြင်ပေးထားတယ်။

ခင်ဆွေးဦးနဲ့ နုနုရည် အင်းဝ တို့ထက် မြန်မာစာတော်သူတွေက ဖေ့စ်ဘွတ်မှာ အများကြီး။ စာအုပ်ထပ်ထုတ်တဲ့ စာအုပ်တိုက်တွေကလည်း အရင်စာရေးဆရာတွေ ကဗျာဆရာတွေသာမက ဆရာတော်ကြီးတွေထက် မြန်မာစာ တော်ကြတယ်။ အွန်လိုင်းဒေါင်လုဒ် ကွန်ပြူတာစာရိုက်သူတွေကလည်း အရင်စာရေးဆရာတွေ ကဗျာဆရာတွေ၊ ဆရာတော်ကြီးတွေထက် မြန်မာစာတော်ကြတယ်။ ပြင်ချင်သလို ပြင်နိုင်စွမ်းရှိကြတယ်။

ဒေါက်တာတင့်ဆွေ

ကျွန်တော် အိန္ဒိယမှာ ၂၄ နှစ်နေခဲ့ရတယ်။ ၁၉၉၀ အကုန်ကနေ ၂၀၁၄ စက်တင်္ဘာလအထိ။ မွေးတာက ချင်းတွင်းမြစ်အနောက်ဘက်က ပုလဲ၊ ကြီးတာက မုံရွာ၊ ဆေးပညာသင်တာက မန္တလေး။ အခုနေရတာက ယူအက်စ်အေ။

ဒေါက်တာတင့်ဆွေ

တစ်တစ်ခွခွ အသံထွက်ဖတ်ရ ပြောရတယ်

ကွန်မင့်တခု ရတယ်။

တချို့ သောသူတွေက ဘဝပေးအခြေနေကြောင့် စာပေကောင်းကောင်းမတတ်မြောက်တဲ့သူတွေလည်းရှိကြမှာပါ ဘဝပေးအခြေနေကြောင့် ဆင်းရဲနွမ်းပါးလို့ ဆရာ့ကို ကိုယ်တတ်သမျှစာလုံးလေးတွေနဲ့ အားကိုးတကြီး မေးမြန်းတဲ့သူတွေလည်းရှိမှာပါ သာ၍သာ၍ လူအများရဲ့အသက်ကို ဆရာကယ်တင်နိုင်ပါစေ

ဖေါင့်ပြင် ဖတ်တယ်။

စာသင်ခဲ့တာနည်းလို့၊ တိုင်းရင်းသားဖြစ်လို့၊ ဆင်းရဲလို့ဆိုတဲ အထင်တွေ အတော်များများ မှားတယ်။ ဘွဲ့ရပြီးသူတွေ၊ ရာထူးကြီးသူတွေလည်း မှားတယ်။ တိုင်းရင်းသားတွေ၊ ကပြားတွေထဲက မှန်သူတွေလည်း တွေ့တယ်။ နမူနာတွေ တင်ပြထားတယ်။

သိရဲ့သားနဲ့ တမင်ထွင်ရေးတာလည်းရှိတယ်။ တကယ်ကို သတ်ပုံမှန်မသိသူတွေက အလွန့်အလွန် များတယ်။ မြန်မာစာဂုဏ်ထူးရသူဆီကလည်း မှားရေးတာ လာတယ်။

အခုရေးတာက မေးခွန်းပေါင်း သောင်းဂဏန်းကို အကြမ်းလေ့လာမှုလုပ်ထားပြီးမှ ရေးတာဖြစ်ပါတယ်။

ကွန်မင့်ထဲက (တစ်) ချို့ကိုတော့ ပြင်ပါတယ်။ ဆောရီး။ တချို့လို့ သင်ခဲ့ရ ဖတ်ခဲ့ရတယ်။ အဲလို စသတ်ပါတာကို တစ်တစ်ခွခွ အသံထွက်ဖတ်ရ ပြောရတယ်။

မေးခွန်းမှာ သတ်ပုံမမှန်လို့ မဖြေခဲ့တာ တခုမှ မရှိပါ။ နားလည်ရင် ဖြေပါတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၁၀-၂၀၁၉

ဌ နှင့် ဋ္ဌ

၁။ ဋ္ဌေး ဋနှင့်ဌ ပေါင်းခြင်း ဌေး ပါတ်ဆင့်မပါ မူရင်းအဖြစ်မှတ်သားဖူးပါတယ်ဆရာ

၂။ တကယ်တော့ ဋ္ဌ က အသတ်သဘောမို့  ပြဋ္ဌာန်းလို့သာ သိခဲ့တာပါ။ အတော်ခေါင်းစားစရာပါ။

၃။ ရှေ့မှာ စာလုံးပါနေရင် ဋ္ဌ ဖြစ်တယ်။ ဥပမာ ပြဋ္ဌာန်း။ ပြဋ္ဌာန်းမှာ ပျတ်လို့အသံထွက်ရတယ်။ အစဆုံးရေးရင် ဌ ဖြစ်တယ်။ ဥပမာ ဌာန။

၎။ ဆရာ ပြဌာန်းလား၊ ပြဋ္ဌာန်းပါလားဆရာ။

၅။ ဆရာရှင့် ဌ နှင့် ဋ္ဌ အက္ခရာကို မည်သည့်အကြောင်းရာများတွင် ခွဲခြား ရေးသားကြပါသလဲ။

၆။ ပထမလို့ဘဲသိခဲ့တာ ပဋ္ဌမဆိုတာ ပဋ္ဌမံဆရာသိန်း။ အာ့လိုနာမည်မျိုးဘဲသိခဲ့ရတာ။

၇။ ကမ္မဠာန်းတောရကျောင်းကထိန်လို့ရေးထားတဲ့ ပို့စ်တခုတွေ့ပါတယ်။ မှားနေတယ်။ ကမ္မဌာန်းလို့ရေးရတယ်။

ဋ္ဌ နဲ့ ဌ အသုံးနေရာ မတူပါ။ မြန်မာစာ ဗျည်းအက္ခရာ (၃၃) လုံးထဲမှာ ဌ သာပါတယ်။ ဋ္ဌ မပါ။

၁၃၁၆ (၁၉၅၄) ခုနှစ်ထုတ် ဦးစံချစ်ရေးသားတဲ့ ကဝိဓဇသတ်ပုံကျမ်းမှာတော့ ဌာန်း = ကမ္မဌာန်း၊ ပဌာန်းပါဠိ၊ ပြဌာန်းသည် လို့ပါတယ်။ ဌာန် = ဌာန်ကရိုဏ်း၊ ပြဌာန်း၊ အဓိဌာန်၊ သန္နိဌာန် လို့ပါတယ်။

၁၉၆၂ ခုနှစ်ထုတ် ဦးသာမြတ်ရေးသားတဲ့ မြန်မာစာရေးထုံးကျမ်းထဲမှာတော့ ဌာန်း = ကမ္မဌာန်း၊ ပြဌာန်းသည်၊ ပြဌာန်းချက်စာအုပ် လို့ပါတယ်။

စစ်အစိုးရခေတ်မှာထုတ်ထားတဲ့ မြန်မာအဘိဓာန်စာအုပ်ထဲမှာ ပြဌာန်းရော ပြဋ္ဌာန်းပါ မတွေ့ပါ။ ဌာန၊ ဌာနချုပ်၊ ဌာနေ၊ ဌာနန္တရ၊ ဌာပနာ လို့သာပါတယ်။

ခရီးဆောင်မြန်မာအဘိဓာန်မှာတော့ ပြဋ္ဌာန်း = ပျတ်ထန်၊ ပျာ့ထန် အသံထွက်ကြောင်းပါတယ်။ (ကြိ) ဥပဒေစသည်တို့ကို သတ်မှတ်ပေးသည်။

ကျွန်တော့်အမြင် ပဋ္ဌမံဆရာသိန်းက နာမည်အရသူသဘောကျတာကို စာလုံးပေါင်းထားတယ်။ တခြားလူတွေလည်း ကိုယ့်နာမည်ကို ကြိုက်သလိုပေါင်းကြတယ်။ ဥပမာ အူးမျင့်သိဏ်း။ သူတို့အကြိုက်ကို ပြောရန်မရှိပါ။

ပဌမ နဲ့ ပထမ ကိုသီးသန့်ရေးထားတယ်။

ဌာ
ကမ္မဌာန်း
ကိုယ်သဏ္ဌာန်
ကျန်းမာရေးဌာန
ဌာနချုပ်
ဌာနစိတ်
ဌာနပိုင်မင်း
ဌာနမှူး
ဌာနီ
ဌာနန္တရ
ဌာပနာ (ပါဠိ = ဌပန = ထားခြင်း)
ဌာပနာတိုက်
ဌီ (ဥပါဒ်၊ ဌီ၊ ဘင်)
ပဌမ (ပါဠိ) = တခုမြောက်
ပဌာန်းပါဠိ
ပထမ = (သကတ္တ ခေါ် သင်္သသကြိုက် ခေါ် ဆန်းစ်ခရင် ခေါ် သင်္သကရိုက်) = တခုမြောက်
မိုးလေဝဿဌာန (ယခင်သုံး)
ရာထူးဌာနန္တရ
ဝတ်ဌနာ
သူဌေးသူကြွယ်။
နေရာဌာန


ကုဋ္ဌနူနာ
ဆဋ္ဌမ
ဒိဋ္ဌ
အဋ္ဌကထာ
အဋ္ဌမ
အဋ္ဌာရသအတတ်
ဥက္ကဋ္ဌ
ရွှေမုဋ္ဌော

တချို့က ငှက်ကိုရေးတာ ဌက်လို့ရိုက်တယ်။ မှားတယ်။ တချောင်းငင်၊ ဟထိုးကို အက္ခရာရဲ့ အလယ်ကနေသာဆွဲရတယ်။

ပဌမ ပဋ္ဌမ ပထမ https://doctortintswe.blogspot.com/2019/04/blog-post_950.html
ပဌမ နှင့် ပထမ https://doctortintswe.blogspot.com/2019/03/blog-post_94.html

ဒေါက်တာတင့်ဆွေ

မျက်စိမှိတ်ထားသော်လည်း

မိတ်ဆွေတယောက် လေကောင်းလေသန့်ရှူနေပါသတဲ့။ နေပြည်တော်ရောက်နေသတဲ့။ ရယ်စရာ ရေးလိုက်တယ်။ နှာခေါင်းကို ဖွင့်၊ နားကို ပိတ်လို့။

ကျွန်တော်လည်း မနှစ်ကနွေမှာ အလည်ပြန်တော့ စာအုပ်ဆိုင်တွေကို သွားချင်ပေမယ့် မသွားခဲ့ပါ။ မျက်စိမှိတ်ထားစရာ စာအုပ်တွေကို မြင်မိမှာစိုးလို့။ မလုံ့တလုံပုံနဲ့ စာအုပ်အဖုံးတွေကြောင့် မဟုတ်ပါ။ ပေါ်လစီအရ ပလီထားတဲ့ သတ်ပုံတွေကို မမြင်ချင်လို့။

မမြင်ချင်ဆုံးစာအုပ်တွေကတော့ ရွှေဥဒေါင်းနဲ့ တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ၊ သခင်ဘသောင်း ဘာသာပြန်တဲ့ တထောင့်တည၊ တောင်မြို့ဆရာတော်ကြီးရေးတဲ့ တဘဝ သာသနာစာအုပ်တွေ။ အဲတာတွေကို စသတ်ထားကြတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၁၀-၂၀၁၉

သတ်ပုံ နှင့် စပယ်လင်

အင်္ဂလိပ်လိုရေး မေးတာကို အင်္ဂလိပ်လိုရေး ဖြေလိုက်တယ်။

ဖြေပြီး စပယ်လင် ပြင်ပါတယ်။ ကျွန်ုပ် ခေါ် အိုင် ကို အမြဲ အိုင်အကြီးခေါ် ကယ်ပီတယ်လက်တားနဲ့သာ ရေးရတယ်။ သင် ခေါ် ယူ ကို ဝိုင်အိုယူ နဲ့သာ ရေးသင့်ကြောင်း။ ဘာလို့လည်းဆိုတော့ ရင်းနှီးတဲ့သူငယ်ချင်းဆီ စာရေးတာမဟုတ်။ ကိုယ့်ကျန်းမာရေးကို ဆရာဝန်ဆီ စာရေးတာဖြစ်လို့။

အင်္ဂလိပ်လိုရေးတာကိုလည်း အားပေးတယ်။ မှန်စေချင်တယ်။

သူ့ဖုန်းမှာ မြန်မာစာဖေါင့်မရှိလို့ပါ။ နောင်စာရေးရင်သတိထားပါမယ်တဲ့။ အင်္ဂလိပ်လိုရေးတော့ ဖေါင့်မပြောင်းရလို့ အချိန်ကုန်သက်သာတယ်။ ကျေးဇူး။ စပယ်လင်တော့ သတ်ပုံပြင်သလိုသာ ပြင်နေရတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၁၀-၂၀၁၉

တက္ကသိုလ် ဝတ်စားဆင်ယင်မှု

ပုံတင်ထားတာ တွေ့တယ်။ ကျေးဇူး။ ဖတ်တော့ နားမလည်။ ဆောရီး။

၁၉၆၂နှစ် ဇူလိုင်လမှာ ကျောင်းသားဆန္ဒပြပွဲကို ရက်ရက်စက်စက်ဖြိုခွင်းပြီး ကျောင်းတွေပိတ်တယ်။ နှစ်လလောက်အကြာ ကျောင်းတွေပြန်ဖွင့်တော့ ကျောင်းသားတိုင်း ပုဆိုးနဲ့တိုက်ပုံအင်္ကျီ ဝတ်ရမယ်။ ဘောင်းဘီဝတ်ရင် နက်တိုင်တပ်ရမယ်။ ကျောင်းသူတွေလဲ အင်္ကျီလက်ရှည်ထူထူဝတ်ရမယ်။ အင်္ကျီပါးပါးနဲ့ အင်္ကျီလက်ပြတ် မဝတ်ရ။ ဆရာတွေ၊ ဆရာမတွေက ကြည့်ထိန်းရမယ်။ စည်းကမ်းအတိုင်း ဝတ်မလာသူတွေကို စာသင်ခန်းထဲ ဝင်ခွင့်မပြုရ အမိန့်တွေထုတ်ပါတယ်။

မတတ်နိုင်တဲ့ ကျောင်းသားတွေမှာ တိုက်ပုံအင်္ကျီက ထည်လဲ မရှိကြ။ တိုက်ပုံဝတ်မထားရင် စာသင်ခန်းထဲ ဝင်ခွင့်မပြုနဲ့ ဒုက္ခရောက်ကြရရှာတယ်။ ကိုမင်းနောင်ဆိုခဲ့တဲ့ တက္ကသိုလ်ကျောင်းသူတဦးဆိုတဲ့သီချင်းက အဲဒီနောက်ခံမှာ ပေါ်လာတာ။

တက္ကသိုလ်ကျောင်းသူတဦး လှပုံထူးသမျှ တွေ့ရဖူးသည်မှာ။ ကြည်စွာဘဝင်နှလုံး ရွှင်ပြုံးမြေ့ကာ ယနေ့သာတိုင် သြော် မေ့ပါနိုင်အမြဲ၊ တသက်သက်စိတ်ထဲမှာ မျှော်ကာတွေး ငေးမိအခါခါ။

အင်းယားကန်အပါး လျှောက်ကာသွား အနားယူသောတနေ့မှာ၊ ယဉ်စွာယဉ်စွာ ဆင်ယင်ထုံးဖွဲ့ပြုံးလဲ့လဲ့ချစ်စရာ၊ ပွင့်သစ်လာသည့်ပန်း လန်းတဲ့ပုံပမာ၊ တက္ကသိုလ်ကျောင်းသူတဦး ချစ်ကြည်နူးစရာ လှပကြော့ယဉ်စွာ။

တပတ်လျှိုဆံထုံးကြော့မှာ တပွင့်ပန်းပန်လာ၊ ရှုကာငေး နုဝါအသွေး လက်ရှည်ထူထူလေးဝတ်ကာ၊ ကြက်သွေးနီနီ ထဘီပန်းခက် ယဉ်သထက်ယဉ်စွာ၊ နက်မှောက်ကတ္တီပါ လှပယဉ်ကျေး ပုံတော်လေးနဲ့ပါ။

မြန်မာဆန်ဆန် အနောက်ဟန်မနှော မဖောက်ပြန်သော သဘောထား ဝတ်စားတန်ဆာ၊ ရှုတိုင်းယဉ် အဆင်ပြေကာ အချိုးကျကျ လှပလို့ချစ်စရာ၊ တွေ့ခဲ့ဖူးတဲ့ တက္ကသိုလ်ကျောင်းသူတဦးပါ။

အခုခေတ်မှာက တမျိုး။ တက္ကသိုလ်အာဏာပိုင်တွေက မြန်မာစာသတ်ပုံနဲ့ အရေးအသား မသိကြတော့။ တွေ့ပုံထူးတဲ့ တစ်ကသိုလ်တွေ ဖြစ်ကုန်ပြီ။

ဒေါက်တာတင့်ဆွေ
၁၆-၁၀-၂၀၁၉

The Old Man and the Sea ဇရာ

ကွန်မင့်တခုရတယ်။ အဆိုတော် ကိုမင်းနောင် အရင်လလောက်ကမှဆုံးသွားပြီတဲ့ဆရာ အသံတကယ်ကောင်းပြီး သူ့သီချင်းတွေနားထောင်ကောင်းတယ် ဇရာ တို့ဂျင်မလေးဂျမ်းတို့ တဲ့။

ဇရာသီချင်းကို ဘိုကလေးတင့်အောင်ရေးသားပြီး ကိုမင်းနောင်ကဆိုပါတယ်။

အဏ္ဏဝါ ကမ်းခြေအနီးမှာ၊ ဇရာပို တံငါအိုကြီး ဘဝခရီးကိုတွေး တွေး ရင်လေးမိတာ၊ ငိုက်ဆွေးသလိုနွမ်း ပိုက်အဆွေးကို ထမ်းကာ၊ တလှမ်းခြင်းလှမ်းရင်း၊ ဝမ်းတွင်းမချိသမျှ အတိအကျပေါ်လာ။ အော် မြစ်ပြင်ရယ်ကျယ်ပါဘိလေး၊ ငါးတွေ သည်မြစ်ကြောမှာ ပေါပါဘိလေး။ သို့သော် သည်ပိုက်အဆွေးနဲ့ လိုက်ရေးမလွယ်ပါ။

နုပျိုသစ်လွင် ငယ်စဉ်ကိုမှန်း။ လွမ်း မျက်ရည်ဖြာ။ အင်အားသန်မာ လူလုံးကျစ်လစ်။ ပိုက်သစ်ကိုဆွဲကာ၊ လာလာလေ ရွှေငါးကြင်းတို့။ အိမ်အပြန်ငါးတန်ထမ်းလို့၊ မှန်းကာကြည့် လွမ်းပါဘိလေး။

ဇရာဖိစီး ခရီးမတွင်သောဘဝမှာ၊ ကျန်သေးသမျှ အားဆောင်ကြည့်ရှာ၊ ကံပေးမှ ငါးတကောင်မိမှာ။ အလို ကြည့်စမ်းပ စားစရာ ငါးသတ္တဝါ၊ ဟင် ပိုက်မှာတွယ်ငြိ မိတန်ကောင်းရဲ့တခါ၊ အသာအယာချော့ကာဆွဲ၊ အသက်ပင်မရှူရဲ လက်ထဲ လက်ထဲ လက်ထဲရောက်လု ခုအချိန်မှာ့

လွတ်လေပြီ့ ရွှေရည်ဝင်းသည့်ငါး ငါးသတ္တဝါ၊ ခုန်လွှားပြန်ဆင်း မြစ်တွင်းအဏ္ဏဝါ။ တငါအို့ ဗျာပိုလှိုက်လှဲ မျက်ရည်ဝဲ။ အားခဲလို့မဖြေသာ၊ လူကဇရာ ပိုက်မှာဆွေး၊ ငိုကြွေးမည်တမ်း မြစ်ကမ်းဗွေအဏ္ဏဝါ။     ။

The Old Man and the Sea က အမေရိကန်စာရေးဆရာ အားနက်စ်ဟယ်မင်ဝေးရေးတဲ့ ဝတ္တု။ ၁၉၅၄ မှာ ထုတ်ဝေတယ်။ ကျူးဘားမှာ ရေးတာလို့ဆိုပါတယ်။ ကျွန်တော်တို့ကသာ အဲလိုအသံထွက်တာ အမှန်က ကူဗား တဲ့။

ဒေါက်တာတင့်ဆွေ
၁၆-၁၀-၂၀၁၉
ပုံ The Old Fisherman by Alexander Ignatius Roche

Alaxan ဆေး

ဆရာရှင့် ကျွန်မအသက် ၃၀ ကလေးအသက် ၃လပါရှင့် ကျွန်မ သွားကိုက်၍ alaxan သောက်တာ ကလေးကို ထိခိုက်နိုင်သလား သိချင်ပါတယ်ရှင့်

Paracetamol (ပါရာစီတမော) http://doctortintswe.blogspot.com/2014/11/paracetamol.html

Ibuprofen အိုင်ဘူပရိုဖင် https://doctortintswe.blogspot.com/2016/02/ibuprofen.html

ဒီဆေး ၂ မျိုး ရောထားတဲ့ဆေးဖြစ်တယ်။ မမြင်ရ မစမ်းရသူတိုင်းကို အဝေးကနေ ဆေးကုသလို မလုပ်ပါ။ ရောဂါအကြောင်း ဆေးအကြောင်းသာ ရေးတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၁၀-၂၀၁၉

မိုးတိမ်တွေ

လေလည်းတိုက်တယ်။ အေးတယ်။ မအေးခဲ့တာ ကြာတော့ ပိုအေးသလိုထင်ရတယ်။ သစ်ပင်တွေ အရောင်ပြောင်းစပြုပြီ။

သဘာဝပတ်ဝန်းကျင် ရာသီဥတု ဘယ်လိုပြောင်းပြောင်း မဖြစ်မနေ သွားလာ လုပ်ကိုင်ကြရတာတွေကိုတော့ မလုပ် မဖြစ်ကြပါ။ ဦးစားပေးရ ရွေးချယ်ရတာတွေ လူတိုင်းမှာ ရှိကြတယ်။

အေးချိန်မှာ ကွေးနေ တွေးနေသူတွေက လုပ်ရမှာတွေကို လုပ်ခဲ့ကြလို့။ မနားရသူတွေကလည်း နားချိန်မှာ နားကြရမယ်။

သစ်ရွက်စိမ်းတွေလည်း ဝါနီညိုရွှေရောင် ပြောင်းကြလိမ့်မယ်။ လူနှင့် ပတ်ဝန်းကျင်တို့ဟာ ဘာဝတရားနောက် လိုက်ကြရတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၁၀-၂၀၁၉

ကာတွန်း

၁၀-၉-၂၀၁၂ နေ့မှာ အိန္ဒိယကာတွန်းဆရာတယောက် အဂတိလိုက်စားမှုကို ပြောင်လှောင်ရေးဆွဲလို့ အဖမ်းခံရတယ်။

၃၀-၇-၂၀၁၉ နေ့မှာ တရုပ်ကာတွန်းဆရာတယောက် တရုပ်ဆန့်ကျင်ရေးကာတွန်းဆွဲလို့ အဖမ်းခံရတယ်။

မြန်မာပြည်သား ကာတွန်းဆရာတွေကို မီမမီမသိပါ။ (ဦး) ဘဂျမ်း၊ (ဦး) သန်းကြွယ်နဲ့ မောင်စိန်တို့ဟာ အလွန်တော်တဲ့ ကာတွန်းဆရာတွေ ဖြစ်ကြတယ်။ တော်တဲ့ တခြားကာတွန်းဆရာတွေလည်း အများကြီး။ အရင်ကကာတွန်းတွေမှာ သတ်ပုံလည်း မှန်တယ်။ အခုတော့ သတ်ပုံမှန်သူ နည်းနည်းသာ ရှိတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၁၀-၂၀၁၉

Baby Health Links ကလေးကျန်းမာရေးစာ ၂၀

မင်္ဂလာပါဆရာ ကလေးကအသက် ၃လပါ ချောင်းဆိုးတာ ၅ ရက်လောက်ရှိပါပြီ ရင်မကြပ်ပါဘူးလွန်ခဲ့တဲ့ ၃ရက်က ရန်ကုန်ကနေနယ်ပြန်ပြီးနောက်မှာ ပိုဆိုးလာပါတယ်ဆရာ ဆေးဆိုင်မှာမေးဝယ်တော့ Baby Cough Syrup ဆိုတဲ့ဆေး ပေးလိုက်ပါတယ်ဆရာ အခုကလေးက ချောင်းဆိုးတာစိပ်လာပါတယ် သလိပ်တွေအန်လိုက်မှသက်သာပါတယ်ဆရာ အဲ့ဒါ ဘယ်လိုလုပ်ရမလဲဆိုတာလေးပြောပြပါဦးဆရာ ကျေးဇူးတင်ပါတယ်

Baby Health Links ကလေးကျန်းမာရေးစာ ၂၀
1. Baby Care ကလေးဗိုက်နာရင် http://doctortintswe.blogspot.com/2014/11/baby-care.html
2. Baby health ကလေးကျန်းမာရေး http://doctortintswe.blogspot.com/2014/11/baby-health.html
3. Baby Questions ကလေးအတွက် မေးခွန်းများ http://doctortintswe.blogspot.com/2016/12/baby-questions.html
4. Baby's Cough ကလေးငယ်တွေချောင်းဆိုးရင် http://doctortintswe.blogspot.com/2016/04/babys-cough.html
5. Baby's Cough ကလေးငယ်တွေချောင်းဆိုးရင် https://doctortintswe.blogspot.com/2016/04/babys-cough.html
6. Child Health Care ကလေးတွေ နေမကောင်းရင် https://doctortintswe.blogspot.com/2017/12/child-health-care.html
7. Common Cold in children ကလေးတွေ အအေးမိရင် http://doctortintswe.blogspot.com/2015/12/common-cold-in-children.html
8. Common Oral Mucosal Lesions ခံတွင်း-ပါးစပ်မှာ ဖြစ်တတ်တဲ့ ရောဂါတွေ http://dts-medicaleducation.blogspot.com/2012/06/common-oral-mucosal-lesions.html
9. Coughing and Children ကလေးတွေချောင်းဆိုးရင် https://doctortintswe.blogspot.com/2016/12/coughing-and-children.html
10. Cypon syrup (ဆိုက်ပွန်) ဆေးရည် http://doctortintswe.blogspot.com/2016/02/cypon-syrup.html
11. Diarrhea in Children ကလေးဝမ်းသွားရင် https://doctortintswe.blogspot.com/2014/12/diarrhea-in-children.html
12. Fever and Baby ကလေးနှင့် အဖျား https://doctortintswe.blogspot.com/2019/07/fever-and-baby.html
13. Fever First Aid အဖျားရှိသူ ရှေးဦးသူနာပြုနည်း http://doctortintswe.blogspot.com/2016/07/fever-first-aid.html
14. Gripe Water ကလေး လေဆေး http://doctortintswe.blogspot.com/2014/11/gripe-water.html
15. Medicines for babies ကလေးနဲ့ ဆေး http://doctortintswe.blogspot.com/2016/08/medicines-for-babies.html
16. Myth About Babies ကလေးငယ်အတွက် မေးခွန်းများ https://doctortintswe.blogspot.com/2017/11/myth-about-babies.html
17. Paracetamol and Azithromycin ကလေးဆေးများ https://doctortintswe.blogspot.com/2017/08/paracetamol-and-azithromycin.html
18. Paracetamol Suppositories ပါရာစီတမောထည့်ဆေး https://doctortintswe.blogspot.com/2019/06/paracetamol.html
19. Paracetamol Syrup (ပါရာစီတမော) အရည် https://doctortintswe.blogspot.com/2014/11/paracetamol-syrup.html
20. Supplementary foods ကလေးအတွက် ဖြည့်စွက်စာ http://doctortintswe.blogspot.com/2014/11/supplementary-foods_18.html
21. Tonics for Children ကလေးအားဆေး http://doctortintswe.blogspot.com/2017/06/tonics-for-children.html
22. Vomiting in babies ကလေးတွေအန်ရင် https://doctortintswe.blogspot.com/2016/02/vomiting-in-babies.html

ဒေါက်တာတင့်ဆွေ
၁၆-၁၀-၂၀၁၉

Red Received Round Rubber Seal Stamp လက်ခံရရှိပါသည်

၁။ How wikipedia is smart in our language
All operating systems on phones and computers have already had Unicode.
People are just only installing Zawgyi.

ယူနီကုဒ်ကြော်ငြာလည်း လာတယ်။

၂။ hello , sIR
we are manufcturer from China
mini humidifier will like ?
GOOD PRICE

ဆေးကြော်ငြာလည်း လာတယ်။

ကြော်ငြားများ လက်ခံရရှိပါသည်။ ကျေးဇူး။

ဒေါက်တာတင့်ဆွေ
၁၆-၁၀-၂၀၁၉

Hepatitis B vaccine ဘီပိုးကာကွယ်ဆေး

ဆရာရှင့် ကျမက့ မြို့နယ့့် တိုက်နယ်ဆေးရုံမှာတာဝန်ထမ်းဆောင်နေတဲ့ Trained nurse ပါ ဒီနေ့OT ဝင်ရင်း round needle စူးမိလို့ပါရှင့် လူနာက HBs Ag positive ပါရှင့် ကျမက၂၀၁၀ သင်တန်းသူတုန်းက ဘီကာကွယ်ဆေးတော့ ထိုးထားပါတယ်ရှင့် Antibody အောင် မအောင်တော့ မစစ်ထားပါဘူး အဲတာ ဘီကာကွယ်ဆေး ထပ်မံထိုးဖို့ လိုအပ်လား သိချင်လို့ပါရှင့် ကျေးဇူးတင်ပါတယ်ရှင့်

ဆောရီး။ ဘီကာကွယ်ဆေးထိုးထားရင် စိုးရိမ်စရာ မရှိလောက်။ အများအာဖြင့် ထပ်စစ်စရာမလိုပါ။ ဘီပိုးသံယရှိသူ နောက် ၄ ပတ်မှာ စစ်နိုင်။ ၁ ပတ်ကနေ ၉ ပတ်အထိစောင့်ရတတ်။ ၄ ပတ်က ပျမ်းမျှဖြစ်တယ်။

Hepatitis B vaccine အသည်းရောင် ဘီပိုးကာကွယ်ဆေးအကြောင်း‬ https://doctortintswe.blogspot.com/2017/07/hepatitis-b-vaccine.html

ဒေါက်တာတင့်ဆွေ
၁၆-၁၀-၂၀၁၉

ပိုဆိုးလာသည်လို့ ရေးရတယ်

အသက် ၂၃။ မ။ အရေပြားရောဂါ အသက် ၅နှစ်မှစ၍ဖြစ်သည်။ယခင်ကထက် ယခု ပိုစိုးလာသည်။ ဘယ်လို ဆေးဝါးမျိုး သုံးရမည်နည်း။ ဘယ်လိုဂရုစိုက်ရမည်နည်း။ ဘယ်လိုအရေပြားရောဂါဖြစ်သနည်း။ ဘယ်လိုကုသရမည်နည်း။

ဆောရီး။ နာတာရှည်အရေပြားမှာဖြစ်တာ အရေပြားအထူးကုဆရာဝန်ပြသင့်။ လင့်တခု ပို့မယ်။

ပိုဆိုးလာသည်လို့ ရေးရတယ်။

Dermatitis ပျောက်နိုင်ခဲတဲ့ အရေပြားအနာ hhttps://doctortintswe.blogspot.com/2016/11/blog-post_27.html

စိုး နဲ့ ဆိုး ttps://doctortintswe.blogspot.com/2014/12/eczema.html

ဒေါက်တာတင့်ဆွေ
၁၆-၁၀-၂၀၁၉

White Elephant ဆင်ဖြူတော်

ကာတွန်းဆရာ (ဦး) သန်းကြွယ်က ဆင်ဖြူတော်ကို နိုင်ငံရေးမှာသုံးကြောင်းရေးဆွဲထားတယ်။ ဖဆပလ ခေတ်မှာ။

ထိုင်းနဲ့ မြန်မာအပြင် သီရိလင်္ကာ၊ လာအို၊ ကမ္ဘောဒီးယား၊ နီပေါရာဇဝင်တွေမှာ ဆင်ဖြူတော်ကို တန်ဘိုးထားကြတယ်။ အမြတ်တနိုး မင်္ဂလာယူကြတယ်။ မြန်မာ့ကုန်းဘောင်ရာဇဝင်မှာမြေဒူးမင်းနဲ့ ဘုရင့်နောင်တို့က ဆင်ဖြူ့ရှင်ဘွဲ့ခံကြတယ်။ တော်ဝင်လက်ဆောင်အဖြစ်လည်း ပေးခဲ့ကြတယ်။ ၁၆ ရာစုထဲမှာ ထိုင်းနဲ့ ဗမာနိုင်ငံကြား ဆင်ဖြူတော် ၄ ကောင် ပိုင်လိုမှုကြောင့် စစ်ဖြစ်ခဲ့သေးတယ်။

ဟင်ဒူဒဏ္ဍာရီမှာလည်း ဝေဒစကြဝဠာဗေဒမှာ ဝေဒနတ်ဘုရားတွေဘုရင် Airavata ဟာ ဆင်ဖြူတော်ဖြစ်တယ်။ ဗုဒ္ဓဘာသာစာပေမှာလည်း အများကြီးပါတယ်။ စကြာမင်းမှာ ဦးခေါင်းသုံးလုံးပါဆင်ဖြူတော်ရှိသတဲ့။ နာမည်ကလည်း Airavata ဖြစ်တယ်။

စစ်အစိုးရခေတ်ကခေါ်ကြတဲ့ ဆင်ဖြူတော်ဟာ Albino elephants ဖြစ်တယ်။ ခရုသင်းအပါအဝင် ဖြူတာမှန်သမျှကို ခေါ်တယ်။ တကယ့်အရောင်က ပန်းရောင်၊ နီညိုနုရောင်သာဖြစ်တယ်။ အမှန်က ဆင်ရော တခြားအကောင်တွေ၊ ငှက်တွေမှာပါ ရှားပါးလို့ တန်ဘိုးထားတဲ့သဘောပါပဲ။ တချို့ကြတော့ ကျိန်စာသဘောယူဆတာလည်းရှိတယ်။

အဖြူရောင်မုသားဆိုတဲ့ အင်္ဂလိပ်စကားစုရဲ့အဓိပ္ပါယ်က အသေးအဖွဲလိမ်ပြောတာတဲ့။ တဖက်သားခံစားချက်ကို မထိခိုက်အောင် ပြောတာမျိုးတဲ့။

အနောက်နိုင်ငံတွေမှာတော့ တမျိုးယူဆကြတယ်။ မျှော်လင့်မထားတာတွေကြောင့် ကုန်ကျစရိတ်ကြီးမားတာကို White elephant အသုံးကိုသုံးကြတယ်။ (ပီတီ ဘာနွမ်) ဆိုသူ အမေရိကန်စီးပွါးရေးသမားဟာ Toung Taloung ခေါ်တဲ့ ဗမာ့ အဘိုးတန်ရတနာဆင်ဖြူတော်ကိုရယူဘို့ အပြင်းအထံကြိုးစားခဲ့တယ်။ နောက်ဆုံးမှာ ထိုင်းဘုရင့်ဆီက တကောင် ဝယ်လို့ ရသွားတယ်။ ဒါပေမဲ့ ဆင်ဖြူဟာ ညစ်ပေတဲ့မီးခိုးရောင်ထဲမှာ ပန်းရောင် အစက်အပြောက်လေးတွေနဲ့ဆင်သာ ဖြစ်နေတာ တွေ့ရတော့တယ်။

အဲတာကြောင့် ခုခေတ်မှာ အပေါ်ယံတန်းဆာဆင်ထားတဲ့ လက်ဆောင်နဲ့ ရောင်းကုန်ကိုသာ ဆင်ဖြူတော် အသုံးနဲ့ သုံးလာကြတယ်။ ဥပမာ စပိန်မှာ ဆောက်လုပ်တဲ့ လေယာဉ်ကွင်း အတော်များများဟာ ဆင်ဖြူတော်စာရင်းဝင်ကြတယ်။ မဒရစ်တောင်ဖက်က Ciudad Real Airport လေဆိပ်။ မြောက်အမေရိကမှာ အကြီးဆုံး Montréal-Mirabel International Airport လေဆိပ်။ Lambert-St. Louis International Airport runway လေဆိပ်ပြေးလမ်း။ ဒုတိယကမ္ဘာစစ်တုံးက ဂျပန် Yamato စစ်သင်္ဘော။ အဲလို ခေတ်သစ် ဆင်ဖြူတော်စာရင်းက အရှည်ကြီးရှိပါတယ်။

၂ဝ၁၂ ခုနှစ်က စစ်အစိုးရလက်ထက်မှာ ပွဲတွေလမ်းတွေနဲ့ ရွှေတွေငွေတွေ၊ ရတနာတွေစီခြယ်ပြီး၊ တခန်းတနား လုပ်ခဲ့တယ်။ ၂၈-၁၁-၂ဝ၁၁ နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဧရာဝတီတံတားဖွင့်ပွဲ တက်ရောက်တဲ့ သမတ ဦးသိန်းစိန်ကနေ ဆင်ဖြူတော်ဟာ တိုင်းပြည်ရဲ့ရတနာတပါးဆိုပြီး မိန့်ခွန်းထဲမှာ ထည့်ပြောသွားခဲ့တယ်။

ဘိုးတော်ဘုရားလက်ထက်မှာ ထိုင်းကနေ စစ်ပွဲမှာ ရဲရဲတောက်တိုက်နိုင်တဲ့ ကိုယ်ခန္ဒာကြီးကြီး ဆင်မည်းတကောင်ကို ဆင်ဖြူတော်ဆိုပြီး မင်းနေပြည်တော်ကို ပို့လိုက်ပါတယ်။ ဆင်ဝန်တွေက ဆင်ဖြူတော်အင်္ဂါ ပါမပါ စစ်ဆေးပေမဲ့ တခုမှ မတွေ့လို့ အခက်တွေ့နေကြတယ်။ နောက်ဆုံးမှာ ဦးပေါ်ဦးကို အကူအညီတောင်းကြရတယ်။ နောက်နေ့ မနက်ခင်းမှာ ဘုရင်က သူ့ဘုန်းတန်ခိုးအရပေါ်တဲ့ ဆင်ဖြူတော်ကို လာပြီးရူစားတော့တယ်။ ဆင်ဝန်ကို ဆင်ဖြူတော်အင်္ဂါပါလား မေးပါတယ်။ ဆင်ဝန်ကလည်း တိတ်နေတော့ ဘုရင်က ပေါ်ဦး လျှောက်တင်စမ်းဆိုတော့၊ ပေါ်ဦးက ဆင်မည်းကို သေချာလှည့်ပတ်ကြည့်ဟန်ပြုပြီး မှန်လှပါ ဆင်အမျိုးမှာ ကာဠဝကဆင်၊ ဂင်္ဂေယျဆင်၊ ပဏ္ဍရဆင်၊ ဥပေါသထဆင်၊ ဟေမဆင်၊ ဆန္ဒန်ဆင်ဆိုပြီး အမျိုးအမျိုးရှိရာ ယခု လက်ရှိ ဆင်ကြီးမှာ ဘုန်းတော်ကြောင့် ဟေမဆင်မျိုး ဖြစ်ကြောင်းပါ။ ဟေမဆင်မျိုးမှာ နောက် နှစ်ပေါင်း ၆ဝ ကျော်လျှင် ဖွေးဖွေးဖြူလာကြောင်းပါလို့ လျှောက်တင်လိုက်ပါသတဲ့။

ကျွန်တော်ကတော့ Chikungunya ချီကန်ဂွန်ညာကို ဆင်ဖြူတော်တုပ်ကွေးလို့ အမည်ပေးထားတယ်။ ၅ဝဝဝ တန်ကို စက္ကူဆင်ဖြူတော်လို့ ခေါ်တယ်။

ဒေါက်တာတင့်ဆွေ
၁၆-၁၀-၂၀၁၉

Medicines ဆေးသောက်နည်း

မင်္ဂလာပါ ဆရာရှင့် သားလေးက စအိုဝနားလေးမှာ ပြည်တည်နာ ပောက်လို့ ခွဲရပါတယ်ဆရာ p.o Cefixime 15mg BD-5Ds 5Ds တနေ့ ၂ကြိမ်လား တနေ့ ၁ကြိမ် တိုက်ရမှာလား ဖြေကြားပေးပာဆရာ

ဆေးညွှန်း အတိုကောက်စာလုံးများ
OD = တနေ့ ၁ ကြိမ်၊
BD = bid = တနေ့ ၂ ကြိမ်၊
TDS = q8h = တနေ့ ၃ ကြိမ်၊
QID = q6h = တနေ့ ၄ ကြိမ်၊
HS (hora somni) = ညအိပ်ရာဝင်၊
PC (postcibal) = အစာနဲ့သောက်ပါ၊
CM (coming morning) = မနက်အိပ်ရာထ၊
Stat = ချက်ချင်းသောက်-ထိုး-သုံးပါ၊
PRN = SOS = လိုအပ်တဲ့အချိန်၊
IM = ကြွက်သားထဲထိုးဆေး၊
IV = သွေးပြန်ကြောထဲထိုးဆေး၊
SC = အရေပြားအောက်ထိုးဆေး၊

Medicines ဆေးသောက်နည်း https://doctortintswe.blogspot.com/2019/07/medicines.html
Once a Day Meds တနေ့တကြိမ်ဆေးများ https://doctortintswe.blogspot.com/2018/12/once-day-meds.html

ဒေါက်တာတင့်ဆွေ
၁၆-၁၀-၂၀၁၉

The Third Eye တတိယမျက်လုံး

တင်ထားတာတွေ့တယ်။ သူတို့ညီအကိုတွေ ငယ်စဉ်ကဖတ်ခဲ့တဲ့ တတိယမျက်လုံးစာအုပ်တဲ့။ နှစ်ယောက်လုံးက သူငယ်ချင်းတွေ။

တတိယမျက်လုံး
မူရင်း - The Third Eye by T. Lobsang Rampa (published in November 1956)
ဘာသာပြန်သူ - ဒေါက်တာသန်းထွန်း
(မျှဝေသူ ခရက်ဒစ် - burmeseclassic.com)
burmeseclassic link: http://www.mmbookdownload.com/ebook-the-third-eye.html

ဘာသာပြန်သူကလည်း ဒေါက်တာသန်းထွန်း။ ကောင်းမဲ့စာအုပ်။ ကျွန်တော်က စာအုပ်အဖုံးအရင် မူရင်းစာရေးသူ အမည်ကို ဖတ်တာနဲ့ တိဘက်လို့သိတယ်။ သူတို့မှာ လော့ဘ်ဆန် အမည်တွေများတယ်။ အိန္ဒိယမှာ ၂၄ နှစ်ကြာ နေခဲ့စဉ်က တိဘက်တွေနဲ့ အလွန်ခင်မင်ရင်းနှီးတယ်။ ဒလိုင်းလားမား၊ တိဘက်ဝန်ကြီးချုပ်၊ တိဘက်လွှတ်တော်ဥက္ကဌ၊ တိဘက်လူငယ်၊ တိဘက်အမျိုးသမီးတွေ။ သူတို့ကြိုပမ်းမှု ကျွန်တော်တို့ထက် ခက်တယ်။

ကျွန်တော်တို့မှာ တတိယအင်အားစုဆိုပြီး မကြာခဏပေါ်တယ်။ တတိယမျက်လုံး မရှိ။ ရှိတဲ့နှစ်လုံးတောင်မှ တဖတ်ပိတ်ကြည့်သူတွေရှိတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၁၀-၂၀၁၉

ဟား ဟား သွား တချောင်း မှ မရှိဘူး

မောင်စိန် ရေးဆွဲတဲ့ကာတွန်း။ ကြာပါပြီ။

ခုခေတ်မှာတော့ (တစ်) ချောင်းသမား များတယ်။

သွား တချောင်းတည်းသာ ကျန်တဲ့အထိ သတ်ပုံမှားရေးကြလိမ့်မယ်။

ဒေါက်တာတင့်ဆွေ
၁၆-၁၀-၂၀၁၉
ပုံအတွက် ကျေးဇူး။

သနပ်ခါး

တူမတယောက်က သူ့အဖိုးအဖွားတွေခြံထွက် သနပ်ခါးတုံးတွေပုံ တင်ထားတယ်။

သနပ်ခါးကို ရုက္ခဗေဒမှာ Limonia acidissima လို့သာတွေ့တယ်။ မြန်မာ-အင်္ဂလိပ်အဘိဓာန်မှလည်း အဲလိုပဲ ရေးထားတယ်။ အမှန်က သီးပင်ကိုသာ အဲလိုခေါ်ပါတယ်။ မျိုးစိတ်ဖြစ်မယ်။

စောစောက တယောက်က ယူနီကုဒ်ကြောင့် စမတ်ဖြစ်သွားပြီဆိုတဲ့ ဝိကီပီးဒီယားမှာရှာတော့ ပိုဆိုးတယ်။
အင်္ဂလိပ်အမည် = Chinese Box Tree တဲ့။ တရုပ်နဲ့တော့ မဆိုင်ဘူးထင်တယ်။ အဲတာက ပန်းပင်။ Wood Apple တဲ့။ အဲတာလည်း မဟုတ်ပါ။
မျိုးရင်း = Rutaceac
မျိုးစု = Limonia
မျိုးစိတ် = L.acidissima
သိပ္ပံအမည် = Naringi crenulata (Roxb)
Limonia acidissima
Hespercthusa crenulata (Roxb) Rocam

သနပ်ခါး သူများနိုင်ငံတွေမှာ မရှိ။ ပါးကွက်သား၊ သူများနိုင်ငံတွေမှာလည်းရှိ၊

အမတ်လောင်းတွေကို ကြိုဆို၊ နောင်မှာ အမတ်လောင်းဖြစ်မယ့် အပျိုမ ပါး သနပ်ခါး။

အမတ်ဟောင်းရဲ့ ဆုတောင်းစကား၊ မြန်မာတပြည်လုံး သနပ်ခါးလို မွှေးစေသား၊ အာဏာရှင်ပါးကွက်သားဘေးက ဝေးစေသား။

ဒေါက်တာတင့်ဆွေ
၁၆-၁၀-၂၀၁၉

Grade 12 ဆယ့်နှစ်တန်း

ဆရာကိုပဲ အကူအညီတောင်းလိုပါတယ် မြန်မာပြည်ပညာရေးစနစ်သစ်ရဲ့ Grade-12 ဘာသာရပ်ဆိုင်ရာသင်ရိုးမှာ ဘယ်လိုဘာသာရပ်တွေ ပါဝင်မယ်ဆိုတာ သိထားရင် ဗဟုသုတဖြစ်ဘွယ် မျှဝေပေးစေလိုပါတယ်ဆရာ

မသိသေးပါ။ ဆောရီး။

ယူအက်စ်အေ USA 12th Grade Curriculum
English 12
Algebra 2 or Precalculus or Statistics
Science Physics or Science Elective
Social Studies Economics
General Elective Fine Arts/Music Technology/Computer Science/Physical Education
Foreign Language Spanish or French

ယူကေ UK
From the age of 11-14, students will study a broad range of subjects such as Music, Math, Science, English, etc. When reaching 14, students usually enter into their first year of a 2-year process known as your GCSE (or SCE for those who are in Scotland). GCSEs are a set of exams that test your knowledge. Most schools follow the same method when it comes to GCSEs and you will take the following core subjects:
English
Maths
Sciences (either combined or separate Biology, Chemistry and Physics)
Students typically then select an additional 4 or 5 subjects to take in the GCSEs, and they can be subjects like French, German, Business Studies, Design and Technology, Music, and many more.

အိန္ဒိယ India CBSE Science Class 12 - Subjects, Syllabus
English Core
English Elective
Functional English
III to V: Three Electives out of the following,
Mathematics
Physics
Chemistry
Computer Science
Biology
Biotechnology
Engineering Graphics
Economics

မြန်မာပြည်မှာလည်း ပြုပြင်ပြောင်းလဲရေးလုပ်နေတယ်လို့ ကြားရတယ်။ နည်းနည်းသာ သိသေးတယ်။ မနေ့က ဒေါက်တာမောင်မောင်ကြီးရေးတာ ဖတ်ရတယ်။ အကုန် အမှန်တွေ။

ကျွန်တော် ပညာရေးကျဆင်းခဲ့ခြင်းစာ ရေးနေတာ မတင်သေးပါ။ အချုပ်ပြောရရင် အုပ်စုံ။ အကုန်ကျဆင်းတာထဲမှာ ပညာရေးပါတယ်။ အကြောင်းခံနဲ့ ရလဒ်မှာ နိုင်ငံရေးက ထိပ်က။ နိုင်ငံရေးမကောင်းတာ ကြာလာတော့ လူတွေပါ ညံ့ကုန်တယ်။ တိုင်းပြည်ပါ ညံ့ရော။ ဆောရီး။ ကန်တော့။ ကျွန်တော်တို့လည်း ဘယ်လွတ်မလဲ။

ဒေါက်တာတင့်ဆွေ
၁၆-၁၀-၂၀၁၉

Trouble ဒုက္ခ ဒုက္ခ ဒုက္ခ

TUE 7:54 PM
https://doctortintswe.blogspot.com/2018/09/gif-files.html
၎ ခုဖျက်လိုက်ရတယ်။ နောင်တသက်လုံး မပို့ပါရန်။

3:01 AM
ဗျာ ဆရာ မှားနေပြီထင်ပါတယ် ဆရာ 😞 Gif ကွန့်မန့်ပေးနည်းတွေ ကျွန်တော်လည်းမကြိုက်ပါဖူး ဆရာ တခါမှလည်း ကွန့်မန့်မပေးဖူးဘူး ။ မန့်တဲ့သူ သေချာ ကြည့်ပေးပါအုန်း ဆရာ ။ လေးစားလျှက်ပါ ။ ဆရာကျေးဇူးပြု၍ မန့်တဲ့သူကို ကြည့်ပေးပါဆရာ ။ ကျွန်တော့် gif ကွန့်မန့်တွေ မသုံးပါဖူး ။

8:13 PM
အဲလိုတွေ ပြန်လာလို့ ဓါတ်ပုံရိုက်တယ် တခါခါ Snapping tool နဲ့ ပုံလုပ်ထားတယ်။ အခုပုံတွေကို ပြန်ရှာနေတာ မတွေ့သေးပါ။

အဲလို မကြာခဏကြုံရတယ်။ တချို့က တောင်းပန်တယ်။ တချို့က ကလေးဆော့တာလို့ပြောတယ်။ တချို့က ဘာမှ မပြော။ တချို့က ထပ်ပို့တယ်။ ကျွန်တော့်အတွက်တော့ ဒုက္ခတမျိုး။

စောစောက အာထွာဆောင်း အဖြေစာတခု မေးခွန်းနဲ့အတူ လာတယ်။ ပုံက တစောင်း။ အဲတာမျိုးကို ဆေ့ဖ် လုပ်၊ ဖွင့်၊ တည့်၊ ချဲ့၊ ဖတ်၊ ဖြေ။ ကျွန်တော့်အတွက်တော့ ဒုက္ခတမျိုး။

ဖေါင့်မတူတာတွေလာရင် ကော်ပီလုပ်၊ ဖေါင့်ကွန်ဗာတာဖွင့်၊ ပေ့စ်လုပ်၊ ပြောင်း၊ နုတ်ပဒ်မှာတင်၊ ကူးယူ၊ ဝဒ်မှာ ပေ့စ်လုပ်၊ ဖတ်၊ ဖြေ။ ကျွန်တော့်အတွက်တော့ ဒုက္ခတမျိုး။

ဒေါက်တာတင့်ဆွေ
၁၆-၁၀-၂၀၁၉

ဒီတခါက အမေပါဆရာ အသက်က ၆၅ပါဆရာ။ ညာလက်က ၂ရက်ဆက်တိုက် ကိုက်ခဲနေလို့ ထွနးရွှေဝါ vortex အခြား လိမ်းဆေးတွေ လိမ်းပါတယ်။ နောက်နေ့မှာ ရေယုံတွေ ပေါက်လာပါတယ်ဆရာ။ လက်တခုလုံး ပေါက်တာပါဆရာ။ အရေပြားဆရာဝန်နဲ့ပြပါတယ်။ အနာပျောက်ပါတယ် ဒါပေမဲ့ လက်မောင်းမှာ အကျိတ်တွေကျန်ပြီး ကိုက်နေတယ်ဆရာ။ အကျိတ်က အဆီကျိတ်ပုံဆံပါ။ အလုံးပုံစံမဟုတ်ဘဲ အပြားအကျိတ်ပါဆရာ။ တနေ့က ကဒက်ရွက်ကို အနာပေါ် အုံလိုက်တာ ရေယုံတွေ ထပ်ပေါက်လာလို့ဆရာ ဘာလုပ်သင့်ပါသလဲဆရာ။ အရေပြားဆရာကတော့ ရေယုံသာကုနိုင်တာ အကျိတ်ကတော့ သူမနိုင်ဘူးလို့ ပြောပါတယ်ဆရာ။ အကြံပေးပါအုန်း ဆရာ။

အရပ်ဆေးနည်းတွေကြောင့် ဖြစ်ပါမယ်။ ဆောရီး။ မတည့်တာ မသင့်တာကနေဖြစ်မယ်ထင်ရတယ်။ ဆရာဝန်ပြထားပြီး ထူးဖြည့်ရန်မရှိပါ။

အဲလိုတော့ ဖြေလိုက်တယ်။ ထပ်ဖြည့်ပါမယ်။ ရေယုံလို့ သိပ်မထင်။ ဓါတ်မတည့်တာကြောင့် အရေပြားမှာဖြစ်တာလို့ ထင်တယ်။ ကော်တီဇုန်းလမ်းဆေး လိုတော့မယ်။ ပိုဆိုးသူတွေကို ကော်တီဇုန်း စားဆေးပါပေးရတယ်။ သိပ်ဆိုရင် ထိုးဆေး။ မတည့်ကို တသက်လုံးရှောင်ရမယ်။

အကျိတ်ဆိုတာ အဲတာကနေဆက်ဖြစ်တဲ့ တက်စေ့ ခေါ် လင့်ဖ်နုတ်လေးတွေနဲ့ တခြား တစ်ရှူး ခေါ် ဆဲလ်တွေ ရောင်တာ ဖြစ်နိုင်။ ကြာရင် သက်သာသွားမယ်။ ပါရာစီတမောက ရောင်တာနဲ့ နာတာကို သက်သာစေတယ်။ အနာရင်းသလို ဖြစ်ရင်တော့ ပိုးသေဆေးပါလိုမယ်။

တင့်တယ်လှသော အင်ကြင်းပင်ကြီး တပင်အောက်သို့ ဝင်ရောက် နားလေ၏

တူမတယောက်နဲ့အဖွဲ့ ဘုရားဖူးသွားနေကြတာ ကနေ့ သံဝဇေနိယလေးဌာနထဲက ဘုရားလောင်းမွေးဖွါးတဲ့နေရာ လုမ္ဗိနီကို ရောက်ကြသတဲ့။

ဦးမြင့်ဆွေ မဟာဝိဇ္ဇာ (လန်ဒန်) ရေးသားတဲ့ မဟာဗုဒ္ဓဝင်သစ်စာအုပ် အနားမှာရှိတယ်။ အလောင်းတော် ဖွားမြင်ခြင်း အခန်းမှာ -

ယင်းသို့သွား၍ နှစ်ပြည်ထောင်အကြား၌ နှစ်ပြည်ထောင်သားတို့ ဆွတ်ခူးသုံးဆောင်ရာ သာယာလှသော လုမ္ဗိနီ အင်ကြင်းတောသို့ ရောက်၍ ပင်လုံးကျွတ်ပွင့်လျက် တင့်တယ်လှသော အင်ကြင်းပင်ကြီး တပင်အောက်သို့ ဝင်ရောက် နားလေ၏။ ထိုအခါ အင်ကြင်းပင်၏ အခက်သည် ကိုင်းညွှတ်ပေးလေ၏။ မိဖုရားကြီးသည်ထိုသစ်ခက်ကို လှမ်းကိုင် လိုက်သည်နှင့် တပြိုင်နက် ကမ္မဇလေလှုပ်လေ၏။ မောင်းမကိုယ်လုပ်တို့သည် ချက်ခြင်းပင် တင်းတိမ် ကာရံ ပေးကြလေ၏။

သတ်ပုံကိုပါ မှတ်သားကြစေလိုပါတယ်။ တ စာလုံးတွေကို မလိုအပ်ပဲ စ မသတ်ပါ။

စာအုပ်ဟောင်းက ကျွန်တော့်စာအုပ်။ လက်ထဲပြန်ရောက်လာတာ တံဆိပ်တုံးပါတယ်။ ကျွန်တော်တို့က အဲလို သတ်ပုံတွေနဲ့သာ သင်ခဲ့ရ ဖတ်ခဲ့ရလို့ ပလီပြီးပြင်ထားတဲ့ သတ်ပုံသစ်တွေကို ပြောပြောနေရတာ။

ဒေါက်တာတင့်ဆွေ
၁၆-၁၀-၂၀၁၉

အိပ်မက်ကြီးငါးပါး မြင်မက်ခြင်း

ဤသို့ အလောင်းတော်သည် တပါးတည်း ဆိတ်ငြိမ်စွာ တရားအားထုတ်သဖြင့်
တပါးတည်း
လက်တော် တဘက်စီ
ညသန်ကောင်ကျော်
တကိုယ်လုံးဖြူသော

ဦးမြင့်ဆွေ မဟာဝိဇ္ဇာ (လန်ဒန်) ရေးသားတဲ့ မဟာဗုဒ္ဓဝင်သစ်စာအုပ်ပါ သတ်ပုံတွေကို တင်ပြပါတယ်။ ကျွန်တော်တို့က အဲလို သတ်ပုံတွေနဲ့သာ သင်ခဲ့ရ ဖတ်ခဲ့ရလို့ ပလီပြီးပြင်ထားတဲ့ သတ်ပုံသစ်တွေကို ပြောပြောနေရတာ။

ဒေါက်တာတင့်ဆွေ
၁၆-၁၀-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး