Deep Well ပညာတွင်း နက်ခြင်း
ကျွန်တော်က ပညာတွင်းကတော့ နက်တယ်ဆိုတဲ့အသုံးကို အတော်သဘောကျတယ်။ ဆရာဝန်ဘဝကိုရေးစဉ်က တခါသုံးတယ်။ ကျောင်းသားဘဝ ဆေးစာအုပ်တွေ ရှားတယ်။ ဆရာဝန်ဖြစ်တော့ ဆေးနဲ့ ဆေးပစ္စည်းတွေ ရှားတယ်။
လွန်ခဲ့တဲ့ နှစ် ၅ဝ အရင်က ကာကွယ်ဆေးထိုးခဲ့တာတွေက ကနေ့ထိုးပေးနေတာတွေနဲ့ မတူပါ။ အခုခေတ်မှာ မွေးတာနဲ့ ထိုးပေးတဲ့ ဘီစီဂျီ ခေါ် တီဘီကာကွယ်ဆေး မထိုးသေးပါ။ ပိုလီယိုဆေးလည်း မတိုက်သေးပါ။ အသဲရောင်ဘီ မပေါ်သေးပါ။ ဒီပီတီ ခေါ် ဆုံဆို့-ကြက်ညှာ-မေးခိုင် ကာကွယ်ဆေးလည်း မပေါ်သေး။ ဦးနှောက်မြှေးရောင် ကာကွယ်ဆေးလည်း မရှိခဲ့ပါ။ ကိုယ်ဝန်ဆောင်တိုင်းကိုလည်း အေတီတီ ခေါ် တီတီ ခေါ် မေးခိုင်ကာကွယ်ဆေး မထိုးသေးပါ။
အဲဒီကာလမှာ စမောလ်ပေါက်စ် ခေါ် ကျောက်ကြီးရောဂါက ကပ်ရောဂါဖြစ်နေသးလို့ ကျောက်ကြီးကာကွယ်ဆေး ထိုးကြရတယ်။ ကျောက်ထိုးဆရာဆိုပြီး ခန့်ထားပေးတယ်။ လူတိုင်းမှာ ကျောက်ဆေးအမာရွတ် တခု သို့မဟုတ် ၂ ခု လက်မောင်းမှာ ရှိကြတယ်။ ကျောက်ထိုးဆရာနဲ့ လက်လှမ်းမမီတဲ့ရွာတွေမှာ ကျောက်ပေါက်နာက အရည်ကို ရှားဆူးနဲ့ ထိုးနည်းလုပ်ကြရတယ်။ ကျွန်တော့်မျက်စိရှေ့မှာ မြင်ခဲ့ရပါတယ်။
ကျွန်တော်တို့ခေတ်က ဆေးဝါးနည်းသလို ရောဂါလည်း နည်းပါးခဲ့တယ်။ ပညာတွင်းကတော့ နက်တယ်။ ဒါပေမဲ့ ရေကြည်ရေသန့်သာ သောက်သုံးခဲ့ကြရတယ်။
မနှစ်က ဒီလိုရက်မှာ ဖေ့စ်ဘွတ်ကို ၇ ရက်ကြာသုံးမရဖြစ်သွားလို့ အရာရာလက်ဝင်နေတယ်။ အများဆုံး မေးလေ့ရှိတဲ့ နေရာကနေ မေးတာတွေကို ဖတ်သာဖတ်ရပြီး ပြန်ဖြေမရပါ။ တချို့မေးခွန်းတွေက အရေးကြီးပြီး အလောသုံးဆယ် ပြန်သင့်တာတွေ။ အဲတော့ စာပြန်မရတဲ့နေရာကို ဖွင့်၊ မက်ဆေးတွေ ဖတ်၊ ကူးယူပြီး သုံးရတဲ့ အကောင့်ကနေ ပို့စ်အဖြစ် တင်ရတယ်။ မေးတဲ့သူကို ဖွင့်ရတဲ့နေရာကနေ လိုက်ရှာပြီး အဖြေပို့ပေးရတယ်။ အကောင့်သစ်မှာ ဖရင်း ရီကွက်စ်လုပ်ပြီ ဖြေရတယ်။
ခုနှစ်မှာ နောက်တမျိုးတိုးလာတယ်။ ဖေါင့် မတူတဲ့ဒုက္ခ။ အဝီစိတွင်းလောက် နက်တယ်။
ကျွန်တော့်မှာ ဘာလုပ်လုပ် ခက်တာတွေချည်းသာ လုပ်ရတဲ့ ဝဋ်ပါနေတယ်။ နိုင်ငံရေးလုပ်တော့လည်း ဒီအတိုင်းပဲ။ ခက်တာနဲ့သာ ညားတယ်။ ကျင့်သား တော်တော်ကိုရနေပါပြီ။ စိတ်မပျက်ပါ။ ခက်တာကို ဘယ်လိုကျော်လွှားမလဲ နည်းတွေရတာပေါ့။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment