Political history of Burma မြန်မာ့နိုင်ငံရေးသမိုင်း

မြန်မာ့စွယ်စုံကျမ်းကို ကိုးကားပြီး ဒီစာမှာ လွတ်လပ်ရေးရသည်အထိရေးပါမယ်။

မြန်မာနိုင်ငံထဲကို အစောဆုံး ဝင်ရောက်လာသူတွေဟာ အာရှတိုက် အလယ်ပိုင်းကနေလာကြတာဖြစ်တယ်။ ပျူ၊ ကမ်းယံနဲ့ သက်လူမျိုးတွေဖြစ်ကြတယ်။ မြစ်ကြီးတွေအနီးအနားမှာ နေထိုင်ကြပြီး တဖြေးဖြေး တောင်ဖက်ဆီ ဆင်းလာကြတယ်။ အစမှာ အစုလိုက်လေးတွေ၊ နောက်ရွာတွေဖြစ်လာတယ်။ ဧရာဝတီမြစ်အရှေ့ဖက် တကောင်းပြည်၊ ရခိုင်ဖက်မှာ ဝေသာလီပြည်၊ အောက်ဖက်မှာ သထုံပြည်၊ ပြည်မြို့အနားမှာ သရေခေတ္တရာပြည်ဆိုပြီး ထွန်းကားလာခဲ့တယ်။ ပဲခူးမှာ ဟံသာဝတီပြည် ထွန်းကားတယ်။

မဇ္ဈိမဒေသခေါ်တဲ့ အိန္ဒိယအလယ်ပိုင်း၊ ပလ္လဝါတိုင်းခေါ် (Pallava dynasty ၃-၉ ရာစု) နဲ့ (Pala Empire ၉-၁၂ ရာစု) အိန္ဒိယတောင်ပိုင်းတို့နဲ့ ဆက်ဆံခဲ့ကြတယ်။ အဲဒီကနေ သက်ဦးဆံပိုင်ဘုရင်စနစ် ရလာတယ်လို့ ယူဆရတယ်။ ဘုန်းတန်ခိုး ပညာကြီးမားတဲ့ဘုရင်တွေကနေ တိုင်းပြည်ကို ကြီးမားအောင် ထူထောင်နိုင်ခဲ့ကြတယ်။ အနော်ရထာ၊ ဘုရင့်နောင်နဲ့ အလောင်းဘုရားတို့ ဖြစ်ကြတယ်။ ဘုန်းပညာနည်းပြီး အမြော်အမြင်နည်းတဲ့ ဘုရင်တွေ လက်ထက်မှာ စုစည်းထားခဲ့တဲ့ တိုင်းပြည်ဟာ အစိတ်စိတ်အမွှာအမွှာကွဲ သွားခဲ့ရတယ်။

နောက်ဆုံးမင်းဆက်ဖြစ်တဲ့ ကုန်းဘောင်ခေတ်မှာ မြန်မာနိုင်ငံကို ပေါ်တူကီ၊ အင်္ဂလိပ်၊ ပြင်သစ်နဲ့ ဒတ်ခ်ျလူမျိုးတွေ ရောက်လာကြတယ်။ ကုန်သွယ်ရေးလုပ်တာနဲ့စပြီး၊ ခရင်ယန်ဘာသာ သွင်းယူလာတယ်။ နယ်ချဲ့လာကြတယ်။ ၁၈၂၆ မှာ ပထမ အင်္ဂလိပ်-မြန်မာစစ်ဖြစ်ပြီး၊ မြန်မာဘုရင်ပိုင် အာသံနဲ့ မဏိပူရ၊ ရခိုင်နဲ့ တနင်္သာရီဒေသတွေ လက်လွှတ်လိုက်ရတယ်။ ၁၈၅၂ မှာ ဒုတိယစစ်ဖြစ်တော့ မြန်မာပြည်အောက်ပိုင်း မြေထဲနဲ့ တောင်ငူမြို့အထိပေးလိုက်ရပြန်တယ်။ မင်းတုန်းမင်းက အထက်မြန်မာပြည်ကိုသာ အုပ်စိုးရပြီး၊ အင်္ဂလိပ်အစိုးရက ရခိုင်၊ တနင်္သာရီနဲ့ ပဲခူးတိုင်း (၃) ခုခွဲပြီး၊ တိုင်းမင်းကြီးတွေနဲ့ အုပ်ချုပ်တယ်။ ၁၈၆၂ မှာ တိုင်းသုံးတိုင်းကိုပေါင်းပြီး မဟာဝန်ရှင်တော်မင်းကြီးတဦးက အုပ်ချုပ်တယ်။ ပထမဆုံး (အာသာ ပါဒီ ဖယ်ယာ) က ရန်ကုန်မှာရုံးစိုက်တယ်။

မင်းတုန်းမင်းက အင်္ဂလိပ်အစိုးရကိုရော ပြင်သစ်နဲ့ပါအဆင်ပြေအောင်ဆက်ဆံတယ်။ ၁၈၇၈ မှာ သီပေါမင်းနန်းတက်တယ်။ နန်းတွင်းအရှုတ်အထွေးတွေနဲ့ အားနည်းနေချိန် ၁၈၈၆ ဇန္နဝါရီ (၁) ရက်နေ့မှာ အထက်မြန်မာပြည်ကိုပါ အင်္ဂလိပ်က သိမ်းယူလိုက်တယ်။ မြန်မာတွေက ပုန်ကန်ကြသေးတယ်။ ၁၉ဝဝ ပြည့်နှစ်ကျမှသာ ငြိမ်သွားတယ်။

အင်္ဂလိပ်က မြန်မာပြည်နယ်အနေနဲ့ အုပ်ချုပ်တယ်။ ၁၈၉၇ မှာ အင်္ဂလိပ်မဟာဝန်ရှင်တော်မင်းကြီးအစား ဒုတိယ ဘုရင်ခံမင်းကြီးက အုပ်ချုပ်တယ်။ သူ့အောက်မှာ အမတ် (၉) ဦး၊ နောက်မှာ အမတ် (၁၇) ဦးထားတယ်။ မြန်မာတွေက သတင်းစာတွေထုတ်၊ ဝံသာနုတရားတွေဟောပြောလာကြတယ်။ မြန်မာအသင်းတွေ၊ သာသနာအသင်းတွေဖွဲ့ကြတယ်။ (ဝိုင်အမ်ဘီအေ) အသင်း ဖြစ်လာတယ်။ နောက်မှာ (ဂျီစီဘီအေ) အသင်းကြီး ဖြစ်လာတယ်။ ဦးဥတ္တမနဲ့ ဦးထွန်းရှိန်တို့က ထင်ရှားတဲ့ ခေါင်းဆောင်တွေဖြစ်ကြတယ်။

၁၉၂ဝ မှာ ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေပြဋ္ဌာန်းတော့ ရန်ကုန်ကောလိပ်နဲ့ ယုဒသန်ကော်လိပ်က ကျောင်းသားတွေက သပိတ်မှောက်ကြတယ်။ အမျိုးသားကျောင်းတွေ ပေါ်လာတယ်။ ၁၉၂၁ မန္တလေးမှာကျင်းပတဲ့ (ဂျီစီဘီအေ) အစည်း အဝေးကြီးကနေ တန်ဆောင်မုန်းလပြည့်လကျော် (၁ဝ) ရက်ကို အမျိုးသားအောင်ပွဲနေ့လို့ သတ်မှတ်လိုက်တယ်။

အင်္ဂလိပ်အစိုးရက ဝှိုက်ကော်မတီဖွဲ့ပြီး စုံစမ်းမှုတွေလုပ်လာတယ်။ မွန်တေဂူ-ချမ်းစိဖို့ဒ် ပြုပြင်ရေးစီမံကိန်းလုပ်လာတယ်။ အင်္ဂလိပ်နဲ့ မြန်မာလူမျိုးတွေတွဲအုပ်ချုပ်တဲ့ပုံစံ ဖြစ်လာတယ်။ ဒိုင်အာဖီအုပ်ချုပ်ရေးလို့လည်းခေါ်တယ်။ ဘုရင်ခံကနေ အုပ်ချုပ်တာ ဖြစ်လာတယ်။ လူထုကရွေးတဲ့ အမတ် (၈၄) ဦးနဲ့ ဘုရင်ခံခန့်အမတ် (၁၉) ဦးရှိလာတယ်။

၁၉၂၂ သရက်မြို့မှာ ကျင်းပတဲ့ (ဂျီစီဘီအေ) အစည်းအဝေးကနေ (ဟုမ်းရူးလ်) တောင်းဆိုတယ်။ သဿမေဓအခွန် အတွက် သာယာဝတီနယ်က ဆရာစံဦးဆောင်တဲ့ တောင်သူလယ်သမား ဂဠုန်တပ်သားတွေ ပေါ်လာတယ်။ ၂၂-၁၂-၁၉၃ဝ မှာ ပုန်ကန်ကြတယ်။ ဒါပေမယ့် ၁၉၃၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ကြိုးပေးခံခဲ့ရတယ်။

သင်ခန်းစာယူပြီး လက်နက်ကိုင်တော်လှန်ဖို့ စိတ်ကူးဖြစ်လာကြတယ်။ တို့ဗမာအသည်းအရုံးကို တည်ထောင်ကြတယ်။ ဗမာပြည်သည်တို့ပြည်၊ ဗမာစာသည်တို့စာ၊ ဗမာစကားသည်တို့စကား ဆောင်ပုဒ်ကို ကိုင်စွဲလာကြတယ်။ လူနာမည်ရှေ့မှာ သခင်တပ်ခေါ်လာကြတယ်။ လုံးဝလွတ်လပ်ရေး တောင်းဆိုလာကြတယ်။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂတွေက တက်ကြွလာကြတယ်။ ၁-၄-၁၉၃၇ မှာ မြန်မာပြည်ကို အိန္ဒိယကနေ ခွဲထုတ်ပြီူး ၉၁ ဌာနအုပ်ချုပ်ရေးလုပ်လာတယ်။ ၁၉၃၈ မှာ ရေနံမြေသပိတ်ပေါ်ပေါက်လာတယ်။ ဒီဇင်္ဘာလမှာ ရေနံမြေကနေ ရန်ကုန်ကိုချီတက်ကြတယ်။ ဒီဇင်ဘာလ ၂ဝ ရက်နေ့မှာ ဗိုလ်အောင်ကျော် ကျဆုံးတယ်။

၁၉၃၉ မှာ ဒုတိယကမ္ဘာစစ်ကြီးကို လွတ်လပ်ရေးအတွက် အခွင့်ကောင်းယူရမှာကို သဘောပေါက်လာကြတယ်။ (အင်္ဂလိပ် + ပြင်သစ်) နဲ့ (ဂျာမဏီ + ဂျပန် + အီတလီ) တဖက်စီစစ်ဖြစ်နေတယ်။ သခင်အောင်ဆန်းခေါင်းတဲ့ နောင်မှာ ရဲဘော် သုံးကျိတ်လို့ အမည်တွင်လာမယ့် လူငယ် ၃ဝ ဦး ဂျပန်ကို စစ်ပညာသင်ယူကြတယ်။ ၁၉၄၂ မှာ ကော့သောင်နဲ့ ကော့ကရိတ်ကနေ ဂျပန်နဲ့အတူ မြန်မာပြည်ထဲဝင်ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့တပ်ကို (ဘီအိုင်အေ) ဗမာ့ လွတ်လပ်ရေးတပ်မတော်လို့ ခေါ်တယ်။ အင်္ဂလိပ်အစိုးရလည်း မေလထဲမှာ မဏိပူရကိုဖြတ်ပြီး အိန္ဒိယဖက်ကို ဆုပ်ခွါရတယ်။ စစ်ပြေးအစိုးရက ဆင်းမလားမှာ ရုံးစိုက်တယ်။

မြန်မာပြည်ကို ဂျပန်ကအုပ်ချုပ်တယ်။ ၁၉၄၂ သြဂုတ်လမှာ ဒေါက်တာဘမော် ခေါင်းဆောင်တဲ့အစိုးရဖြစ်လာတယ်။ ၁၉၄၃ သြဂုတ်လ (၁) ရက်မှာ ဂျပန်အစိုးရက မြန်မာပြည်ကို လွတ်လပ်ရေးပေးတယ်လို့ ကြေညာတယ်။ ဒါပေမယ့် ဂျပန်တွေက ဖက်ဆစ်နည်းနဲ့အုပ်ချုပ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းက စစ်ဝန်ကြီးဖြစ်လာတယ်။ ဗမာ့ကာကွယ်ရေးတပ် ဖြစ်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်းတပ်နဲ့ တို့ဗမာအစည်းအရုံးတို့က ဖက်ဆစ်ကိုတော်လှန်ဖို့ပြင်ဆင်ကြတယ်။ (ဖတပလ) ကို ဖွဲ့စည်းကြတယ်။ အင်္ဂလိပ်နဲ့ပြန်ဆက်သွယ်တယ်။ ၁၉၄၅ ခု မတ်လ (၂၇) ကစပြီး ဂျပန်ကိုတော်လှန်ကြတယ်။ အာရှလူငယ်အစည်းအရုံးဝင်တွေက အသက်စွန့်ပြီးပါဝင်ကြတယ်။ မြန်မာပြည်ဘုရင်ခံ ရန်ကုန်ပြန်လာနိုင်တယ်။ ဗြိတိသျှအစိုးရက စက္ကူဖြူစာတမ်းထုတ်ပြန်တယ်။ ဒိုမီနီယန်အဆင့်ပေးဖို့ ဖြစ်တယ်။

ဥပဒေပြုကောင်စီရွေးကောက်ပွဲမှာ ရွေးကောက်ပွဲဝင်မယ့်သူတွေနဲ့ သပိတ်မှောက်လိုသူတွေကွဲကြတယ်။ ဝင်မယ့်သူတွေကို ၂၁ ဦးပါတီလို့ခေါ်ပြီး သပိတ်မှောက်သူတွေကို ဦးချစ်လှိုင်၊ ဦးပု၊ ဦးထွန်းအောင်ကျော်တို့ကဦးဆောင်လို့ လှိုင်-ပု-ကျော် ပါတီလို့ ခေါ်တယ်။ ၁၉၂၃ မှာ အစိုးရနဲ့မပူးပေါင်းရေး ဘူးအသင်းတွေပေါ်လာတယ်။ ၁၉၂၉ ဇန္နဝါရီ ၂၉ ရက်မှာ စုံစမ်းရေး ကော်မရှင်ကို ဆာ ဂျွန် ဆိုင်မွန် ရောက်လာတယ်။ မြန်မာနဲ့ အိန္ဒိယ ခွဲရေး-တွဲရေး အယူအဆကွဲကြတယ်။ (ဂျီစီဘီအေ) အသင်း ကွယ်ပျောက်သွားတော့တယ်။

ဗိုလ်ချုပ်အောင်ဆန်းက စစ်တပ်ကထွက်တယ်။ ဖဆပလကိုဦးဆောင်ပြီး လွတ်လပ်ရေးအတွက်ကြိုးစားတယ်။ လန်ဒန်ကိုသွားဆွေးနွေးတယ်။ ၁၉၄၇ ဇန္နဝါရီလ (၂၇) ရက်မှာ အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုနိုင်တယ်။ ဒါပေမယ့် ပြည်မနဲ့ တောင်တန်းဒေသ ပူးပေါင်းနိုင်မှသာ လွတ်လပ်ရေးပေးမယ်ဖြစ်လာတယ်။ ဗိုလ်ချုပ်အောင်းဆန်းက တောင်တန်းဒေသ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီး ၁၉၄၇ ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ပင်လုံစာချုပ်ကို လက်မှတ် ထိုးနိုင်တယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲတယ်။ ၁၉-၇-၁၉၄၇ မှာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတယ်။ ဖဆပလ ဒုဥက္ကဋ္ဌ ဦးနု တက်လာပြီး ၄-၁-၁၉၄၈ မှာ မြန်မာတပြည်လုံး လွတ်လပ်ရေးရတယ်။

ဒေါက်တာတင့်ဆွေ
၎-၄-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး