Hoax အရူးလုပ်မခံပါနဲ့

မနေ့ညက ကျန်းမာရေးသတင်းမှားတွေကို မယုံကြပါနဲ့လို့ရေးခဲ့ပါတယ်။ အရင်လည်းအဲလိုတွေရှိတယ်လို့ပြောတော့ ပြန်ပြောပါအုံးဆိုလို့ သတင်းဟောင်းလေးတွေပြန်ပြောပါရစေ။

(က) Frooti contains contaminated Blood of a worker who is suffering from HIV AIDS (ဖရုတီ) ဖျော်ရည်လုပ် စက်ရုံမှာ HIV AIDS ရောဂါခံစားနေရသူတယောကက်ရဲ့ သွေးပါနေတယ်ဆိုတဲ့သတင်းကို အိန္ဒိယနိုင်ငံ ဆိုရှယ်မီဒီယာမှာ ၄-၇-၂ဝ၁၂ နေ့ရေးတယ်။ အဲဒီခြောက်လှန့်သတင်းထဲမှာ ဒေလီရဲကနေသတိပေးချက်လည်း ထုတ်ထားတယ်လို့ အကိုးအကာပါ ထည့်ရေးထားသေးတယ်။ Wats App အပါအဝင် တခြားဆိုရှယ်မီဒီယာတွေမှာ ပြန့်သွားခဲ့ပါတယ်။ Hoax သတင်းလို့ခေါ်ပါတယ်။ (မက်ဆေ့ခ်ျ) ထဲမှာ NDTV ကနေလည်းပြသသွားတယ်လို့ပါ ထည့်ထားသေးတယ်။ ဒီသတင်းကို ဖြန်နိုင်သလောက် ရှယ်ကြပါလို့လည်း ဆိုထားသေးပါတယ်။

သုံးသပ်ချက်
၁။ ဒေလီရဲ့နေ အဲလိုထုတ်ပြန်ချက် ထုတ်မထားပါ။
၂။ HIV ပိုးဟာ အစားအသောက်ကနေဆင့် မကူးစက်ပါ။ (CDC) ကူးစက်ရောဂါထိန်းချုပ်ရေးဌာနရဲ့ထုတ်ပြန်ချက်မှာ HIV ပိုးပါနေတဲ့သွေးကို စားသုံးမိလို့ ရောဂါကူးစက်နိုင်ခြင်းမရှိလို့ ပါရှိပါတယ်။ HIV ပိုးဟာ အပြင်မှာတာရှည်မရှင်နိုင်ပါ။ ပိုးပါနေတဲ့ သွေးဖြစ်ဖြစ် သုက်ရည်ဖြစ်ဖြစ်ဟာ ကိုယ်ထဲကနေအပြင်ရောက်လို့ လေနဲ့ထိတွေ့တာ၊ ချက်ပြုပ်ကြော်လှော်တာ၊ အစာအိမ်ထဲရောက်သွားရင် အက်စစ်ဓ်ါနဲ့ထိတွေ့တာကြောင့် ဖျက်ဆီးခြင်းခံရမယ်။ ဒါကြောင့် အစားအသောက်ကနေ HIV မကူးစက်နိုင်တာဖြစ်တယ်။
၃။ ဒါကြောင့် (ဖရုတီ) ဖျော်ရည်ထဲမှာ HIV ပိုးပါနေတယ်ဆိုတာ ခြောက်လှန့်တဲ့သတင်းတခုသာဖြစ်တယ်။ အရင်ကလည်း HIV in Pepsi ပက်ဆီထဲမှာ HIV ပါနေတယ်လို့ သတင်းမှားထုတ်သလိုမျိုးသာဖြစ်တယ်။ ဘယ်ကိုမှ ရှယ်မလုပ်ပါနဲ့။

(ခ) AIDS-Infected Needles AIDS ပိုးပါဆေးထိုးအပ်ဆိုတဲ့သတင်း ၁၉-၇-၂ဝ၁၂ နေ့က အမေရိကားမှာထွက်ခဲ့တယ်။ ဥရောပကနေ ပျံသန်းလာတဲ့ ဒယ်လ်တာလေကြောင်းမှာ ကျွေးမွေးတဲ့ ကြက်ဆင်သား အသားညှပ်ပေါင်မုန့်ထဲမှာ ဆေးထိုးအပ်တွေ့တယ်လို့ ဆိုထားတယ်။ ခရီးသည်တယောက် ထိခိုက်မှုမကြီးအကျယ်ရပြီး ဆေးထိုးအပ်မှာ HIV ပိုး ပါနေသလားလို့ စိုးရိမ်နေရတယ်လို့ပါဆိုထားတယ်။ ခရီးသည်နာမည်က Jim Tonjes ဖြစ်တယ်။ သူ့ကို HIV ကာကွယ်ဖို့ရာ ART ဆေး ၂၈ ရက်ကြာသောက်ခိုင်းပါတယ်တဲ့။ ဒီသလိုဖြစ်အောင် အကြမ်းဖက်သမားတွေက လုပ်တာလားလို့ မေးကြပြန်တယ်။

ခုထိ ဒီသတင်းဟာ Hoax or Prank အကြံအဖန်သတင်းလားဆိုတာ မပြောနိုင်ပါ။ ဆေးထိုးအပ်မှာ HIV ပါနေပေမယ့် ပိုးဟာ အပြင်မှာ ကြာကြာမရှင်နိုင်လို့ ကြံစီမှုဟာ အောင်မြင်ဘို့မဖြစ်နိုင်ပါ။ ဒါ့ပြင် လေယာဉ်ပေါ်မှာ ခရီးသယ်တွေကို မကျွေးခင် (မိုက်ခရိုဝေ့ဖ်) နဲ့ ပူအောင်လုပ်တော့ ပိုးပါနေလည်းသေပါမယ်။ လူတွေကိုအဲလို သေကြောင်းကြံဖို့ တခြား ထိရောက်တဲ့အဆိပ်တွေ အများကြီးရှိနေတယ်။

(ဂ) HIV-Infected Needles Are Being Found in Theater Seats-Fiction! ဆိုတဲ့နောက်သတင်းက ၁၆-၃-၂ဝ၁၅ နေ့ကထွက်တာပါ။ အရပ်စကားဖြစ်တယ်။ တနေရာမှာ တမျိုးချဲ့ကားပြောတဲ့ (ဗားရှင်း) တွေလည်းရှိခဲ့တယ်။ အများပြောသတင်းဆိုတာထဲမှာ အမျိုးသမီးတယောက် ရုပ်ရှင်သွားကြည့်တယ်။ ထိုင်ခုံမှာထိုင်ချလိုက်တာ တခုခုစူးတာ ခံရတယ်။ အမြန်ပြန်ထပြီးရှာတော့ ဆေးထိုးပိုက်တန်းလမ်းနဲ့ အပ်တချောင်းတွေ့တယ်။ ဒါ့ပြင် သတိပေးစာတခုလည်း တွဲထားသေးတယ်။ ခင်ဗျားတော့ HIV ကူးပြီ။ ကျုပ်တို့ကမ္ဘာကကြိုဆိုပါတယ်။ ဒီအီးမေးလ်ထဲမှာ ဆက်ရေးသေးတယ်။ ယူအက်စ် ကူးစက်ရောဂါထိန်ချုပ်ရေးဌာနကနေ ရုပ်ရှင်ရုံတွေမှာ ဆေးထိုးအပ်ကို သတိပေးချက်ထုတ်ထားတယ်လို့။
အမှန်က အဲတာလည်း Hoax အကြံအဖန်သတင်းပါပဲ။ ခုထိဘယ်ရုပ်ရှင်ရုံမှာမှ HIV ပိုးပါ ဆေးထိုးအပ်တွေ့တယ်ဆိုတာ မရှိပါ။ တချို့ ဗားရှင်းတွေမှာ ပိုက်ဆံထည့်သုံးရတဲ့ ဖုန်းစက်ကနေ ပြန်အမ်းတဲ့ (ကွိုင်) အကြွေစေ့မှာ ဆေးထိုးအပ်တွေ့တာ။ ကလေးတွေကစားတဲ့ပန်းခြံက အလွယ်ဝယ်ရစားသောက်ဆိုင်မှာ။ ဖလော်ရီဒါ၊ တက်ဆပ်စ် ဖျော်ရည်ဝယ်ရတဲ့စက်မှာ။ စပြီးဖြန့်တဲ့သတင်းမှာ ကနေဒါနိုင်ငံ မွန်ထရီရယ် ရုပ်ရှင်ရုံမှာတဲ့။

သတင်းအားလုံးဟာ ခြောက်လှန့်သတင်း၊ အကြံအဖန်သတင်းတွေဖြစ်တယ်။ လူတွေကလည်း မဆင်မခြင် ရှယ်ကြတယ်။ ရှယ်လုပ်တာကို ကုသိုလ်ရတယ်ထင်နေကြတယ်။ ယုံတဲ့လူတွေကယုံကြတယ်။ ကမ္ဘာကြီးဟာ အရူးလုပ်ရတာလွယ်တယ်။ ကျန်းမာရေးနဲ့ နိုင်ငံရေးမှာ အရူးလုပ်တာ မခံကြရအောင် ကျွန်တော် စာတွေကိုရေးနေတာပါ။

ဒေါက်တာတင့်ဆွေ
၂၅-၄-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး