Dollar Tree ဒေါ်လာသစ်ပင်

(ဒေါ်လာ) ဆိုရင် အထင်ကြီးစရာစကားစုတခုလို့ အဝေးမှာနေကြသူတချို့က ထင်မှတ်ကြမယ်။ ဒီမှာတော့ ဒေါ်လာဆိုတာ မချမ်းသာသူတွေနဲ့ဆိုင်တယ်။

အမေရိကားမှာ ဒေါ်လာဆိုင်တွေရှိတယ်။ Dollar Tree (ဒေါ်လာထရီး)၊ Dollar World (ဒေါ်လာဝါးလ်)၊ Dollar Store (ဒေါ်လာစတိုး)၊ Dollar General (ဒေါ်လာဂျင်နရယ်)၊ Dollar Top (ဒေါ်လာတော့ပ်)၊ Family Dollar (ဖင်မလီဒေါ်လာ)၊ Dollar Central (ဒေါ်လာစင်ထရယ်) စတဲ့ နာမည်တွေနဲ့ စတိုးဆိုင်တွေဖြစ်ပါတယ်။

ဒေါ်လာစတိုးတွေကနေ လက်လီဈေးကွက်ကမ္ဘာကို အုပ်စီးတော့မှာလားဆိုပြီး ၂ဝ၁၃ ဧပြီပထမပါတ်ထုတ် (တိုင်းမ်) မဂ္ဂဇင်းမှာ ရေးထားတယ်။ အကြီးဆုံး (ဒေါ်လာဂျင်နရယ်) က မျှော်မှန်းထားတာထက် အမြက်အစွန်းပိုရခဲ့လို့ (စတော့) ဈေးကွက်မှာ ၁၅% တက်တယ်။ ၂ဝ၁၃ အကုန်မှာ ဆိုင်ပေါင်း ၁၁ဝဝဝ ဆိုင်ဖွင့်ဘို့ စီစဉ်ထားတယ် လို့လည်းဆိုပါတယ်။ ဒီဆိုင်မျိုးထက် စွာနိုင်တဲ့ (ချိန်) ကွင်းဆက်ဆိုင်ကြီးတွေကတော့ McDonald’s (မက်ခ်ဒေါ်နယ်စ်) နဲ့ Subway (ဆပ်ဝေး) ပဲရှိတယ်။

ယူအက်စ်မှာ စီးပွါးရေးကျဆင်းခဲ့တဲ့ ၂ဝဝ၈ နောက်ပိုင်းမှာ ဒီလို ဆိုင်ကွင်းဆက်တွေတိုးလာခဲ့ပါတယ်။ အဲလိုဆိုင်တွေကို Discount chains (ဒစ်ကောင့် ချိန်း) လို့သတ်မှတ်ထားတယ်။ အမေရိကားရဲ့အကြီးဆုံးနဲ့ အအောင်မြင်ဆုံးကုန်စုံဆိုင်ကြီး Walmart (ဝေါလ်မတ်) ဆိုင်တွေက အဲဒီတုံးက အခုလိုဆိုင်လေးတွေလောက် ရောင်းမကောင်းခဲ့ပါ။ ဒေါ်လာစတိုးတွေကို မြို့သူမြို့သားတွေက ပိုဝယ်ကြတယ်။ ဈေးချိုတာတွေချည်း တင်ရောင်းတယ်။

ဒေါ်လာကမ္ဘာထဲမှာ အချေချနေထိုင်ကြတဲ့ မြန်မာနိုင်ငံဖွါးတွေက အတန်းအစားမျိုးစုံတယ်။ နေရာဒေသလည်း အစုံမှာ နေထိုင်ကြတာ၊ ကျွန်တော်က နည်းနည်းလေးသာသိတာပါ။ မြန်မာအစားအသောက်တွေရနိုင်တဲ့ အာရှဆိုင်တွေကိုတော့ မရောက်တဲ့သူ မရှိလောက်ပါ။ အာရှဆိုင်ဆိုတာ များသောအားဖြင့် ဗီယက်နမ်၊ ထိုင်း၊ ကိုရီးယားဆိုင်တွေကများတယ်။ (အင်ဒီယာနာပိုးလစ်) မှာတော့ ချင်းဆိုင်တွေများလာနေတယ်။ သူတို့က (ဗားမား) လည်းမဟုတ်၊ (မြန်မာ) လည်းမဟုတ်၊ (ချင်း) လို့သာတပ်ကြတယ်။

ဒီမှာတော့ တရုပ်တန်းမရှိပါ။ ကုလားဆိုင်လို့နှုတ်ကျိုးခေါ်ကြတဲ့ အိန္ဒိယဆိုင်ရှိပေမယ့် ကျွန်တော်တော့ မရောက်သေးပါ။ (ရှော့ပင်) ထွက်နိုင်တဲ့ လူတန်းစားမဟုတ်ပါ။ စားစရာကတော့ မပြတ်ဝယ်ရခြမ်းရတယ်။ (ဝေါလ်မတ်) မှာ ဝယ်ရတာ အဆင်ပြေဆုံးလို့ ဈေးသွားငါးဝယ်လုပ်ရတဲ့ အန်တီကပြောတယ်။ ကုန်ပစ္စည်းအရည်အသွေးက ဘာမှလှည့်ကြည့်စရာ မလိုဘူးတဲ့။ အမယ်လည်းစုံတယ်တဲ့။ မြန်မာပြည်ကလာတာမျိုးလိုချင်ရင်တော့ အိမ်နဲ့အနီးဆုံးက ကိုရီးယားဆိုင်ကို အားကိုးရတယ်။ အဲဒီမှာ အလုပ်လုပ်နေသူတွေက မြန်မာပြည်ကလူတွေ။

တခြားအသုံးအဆောင်လိုချင်ရင် ဒေါ်လာပင်တက်ရတယ်။ (ဖါးမာ မားကက်) ကိုတော့ ရောက်ဖူးချင်သေးတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၄-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ