Well done (2) သာဓုခေါ်ခြင်း (၂)
သာဓုပါလို့ စာထဲမှာတခါမှ မသုံးပါ။ တရားနာရေစက်ချချိန်မှာတော့ ပီပီသသခေါ်ပါတယ်။ သာဓုဆိုတာ ပါဠိစကား ဖြစ်တယ်။ မြန်မာလို (ကောင်းလေစွ) လို့ အဓိပ္ပါယ်ရတယ်။ သာဓုခေါ်တယ်ဆိုတာ ကောင်းတာလုပ်တာ၊ ကောင်းမှုပြုတာကို အသိအမှတ်ပြုတယ်။ ချီးကျူးရာလည်းရောက်တယ်။ အတွေ့အကြုံလေးတခု ရေးပါရစေ။
အိန္ဒိယမှာနေစဉ်က အမျိုးသားညွန့်ပေါင်းအစိုးရရုံးကို တာဝန်ယူခဲ့ရတယ်။ ၂ဝဝ၇ မှာ သံဃာတော်တွေက ဆန္ဒပြကြတဲ့ အချိန်တွေမှာ ဒေလီအခြေစိုက်အဖွဲ့တွေကို စည်းရုံးခဲ့ပါတယ်။ နိုင်ငံရေးအဖွဲ့အစည်းတွေကိုဖိတ်ပြီး လက်တွဲဆောင်ရွက်ဖို့ ပြောရတယ်။ မြန်မာဒုက္ခသည်တွေထဲမှာ ၉ဝ% က ခရစ်ယန်ဘာသာဝင်တွေဖြစ်ပြီး အဲဒီအချိန်က မြန်မာခရစ်ယန်အသင်း (၁ဝ) ခု လောက်ရှိတယ်။ အသင်းတော်တွေကိုလည်း NCGUB ရုံးမှာဖိတ်ပြီး ဆုတောင်းပွဲလုပ်ပေးကြဘို့ရာ မေတ္တာရပ်ခံပါတယ်။
အစည်းအဝေးမှာ အသင်းတော်တခုက တာဝန်ရှိသူကပြောတာဟာ ကျွန်တော့်အဖို့ အတော်ထူးဆန်းနေပါတယ်။ (သာဓု) အသံကြားရရင် သူ့အဖို့တော့ စကားလုံးအတိအကျတော့ မမှတ်မိပါ။ အနှောင့်အယှက်ဖြစ်တာ၊ မနှစ်သက်တာကို ပြောတာတော့ သေချာတယ်။ သာဓုဆိုတာ ဘယ်လိုအဓိပ္ပါယ်ဆောင်တယ်လို့ ပြောတဲ့သူက သိမယ်မထင်ပါ။ ဗုဒ္ခဘာသာရဲ့ အများသုံးဝေါဟာရလို့ပဲ သိမယ်ထင်ပါတယ်။ အင်္ဂလိပ်လို Well done ဆိုတာလည်း သိမှာမဟုတ်ပါ။ ကောင်းတယ်လို့ ပြောတာကို မကောင်းဘူးထင်နေတာဖြစ်တယ်။
ကျွန်တော်သိတဲ့ ဗုဒ္ခအဆုံးအမတွေက ဝေါဟာရကို အဓိကမထားပါ။ သရဏဂုံသုံးပါးဖြစ်တဲ့ (ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ) ကို ကျွန်တော်တို့ လူမှန်းသိကတည်းက ရွတ်ဆိုကြတယ်။ ဒါပေမယ့် အိန္ဒိယမှာတော့ Buddham sarangacchami; Dhammam saranam gacchami; Sangham saranam gacchami လို့ ရေးကြပြီး၊ (သရဏံ) နဲ့ (ဂစ္ဆာမိ) ကို ကျွန်တော်တို့လို အသံမထွက်ကြပါ။
သူတို့မှားတယ်၊ ကျွန်တော်တို့သာမှန်တယ်လို့ ပြောမရပါ။ ရွတ်ဆိုသူတိုင်း သရဏဂုံတည်ကြပါတယ်။ အရေးကြီးတာက သရဏဂုံတည်ဖို့ မဟုတ်ပါလား။
နုတ်ကနေ ဝစီကံမြောက်ရွတ်ဆိုတာက ပိုလေးနက်ပါတယ်။ အလားတူ စိတ်ထဲကနေ အလေးအနက်ပြုတာလည်း အကျိုးများတယ်ထင်ပါတယ်။ စကားလုံးတွေမှာရှိတဲ့တန်ဖိုးက အကန့်အသတ်နဲ့သာဖြစ်တယ်။
ဒေါက်တာတင့်ဆွေ
၁၈-၄-၂ဝ၁၅

Comments
Post a Comment