Facts not fiction အဖြစ်အပျက် ဘာအတွက်ရေးသလည်း

နိုင်ငံရေးသမိုင်းနောက်ခံတွေ ဖြည့်စွတ်ပြီး အထ္တုတ်ပတ္တိကောင်း တအုပ်တော့ ပြုစုပေးထားပါဆရာ။ နောက်လူတွေအတွက် အကျိုးရှိအောင်။

• မကြာသေးခင်ကလည်း မီဒီယာကမိတ်ဆွေတဦးက NCGUB အကြောင်းရေးဖို့ တိုက်တွန်းပါတယ်။ စင်ပြိုင်အစိုးရ မဖွဲ့ခင်ကအကြောင်းတွေကို ကျွန်တော်က ဝန်ကြီးချုပ်ထက်ပိုသိတယ်။ ဖွဲ့ပြီးချိန်ကနေ ဖျက်သိမ်းတဲ့အထိကိုတော့ ဒုတိယမဟုတ်ရင် တတိယအသိဆုံးလူလို့ ပြောနိုင်ပါတယ်။
• ခုထိသဘောထားပြောရရင် ကိုယ်ရေးအကြောင်းကို စာတတန်ပေတဖွဲ့ မရေးချင်ပါ။ ကျွန်တော့်ဘဝ တဝက်က နိုင်ငံရေး။ ၁၉၈၈ ကနေ အခုထိဆိုတော့ နှစ်အစိတ်ကျော်ပြီ။

• နိုင်ငံရေးထဲမှာ လိုသူရှိတယ်။ မလိုသူရှိတယ်။ ရန်လုပ်သူရှိတယ်။ သတ်ပြစ်ချင်သူရှိတယ်။ စစ်အစိုးရကနေ ဖမ်းဆီး၊ နှိပ်စက်၊ ထောင်ချ၊ လိုအပ်ရင်ထောင်ထဲမှာသတ်ပြစ်တာ မဆန်းပါ။ ဆန်းမှာက အခေါ်အဝေါ်ကတော့ လုပ်ဖေါ်ကိုက်ဖက်တွေ၊ လက်တွဲလုပ်နေသူတွေကနေ အဲလိုလုပ်ကြတာပါ။
• အကျဉ်းသဘော နည်းနည်းရေးတာကိုတော့ ဂျာနယ် ၂ ခုက ပုံနှိပ်ဖေါ်ပြဘူးတယ်။ အဲတာကလည်း အမှတ်မထင် ရေးမိတာလို့ အခုပြန်စဉ်းစားမိပါတယ်။

• ပြည်တွင်းမှာလုပ်ခဲ့တာတွေထဲမှာ ထုတ်မပြောချင်တာတွေလည်းရှိတယ်။ စင်ပြိုင်အစိုးရဖွဲ့ဘို့ လှို့ဝှက် လုပ်ခဲ့ကိုင်ခဲ့တာတွေနဲ့ ကျွန်တော်တို့မိသားစုကို ကူညီခဲ့သူတွေပါတဲ့ အဖြစ်အပျက်တွေကို ဘယ်တော့မှ ထုတ်ရေးမှာမဟုတ်ပါ။ ကျွန်တော့်ဇနီးရဲ့ လက်သုံးစကားက လူသာဆွေးတယ် အမှုကမဆွေးဘူးတဲ့။ စစ်အုပ်စုဟာ ယုံရတာမဟုတ်ဘူးဆိုတာ အလွန်မှန်ကန်တဲ့သုံးသပ်ချက်ဖြစ်တယ်။

• ပြည်ပမှာလုပ်ရတာတွေထဲမှာ ထုတ်မရေးချင်တာတွေက များတယ်။ နိုင်ငံရေးရော လူမှုရေးမှာပါ ကိုယ်ကတော့ မှန်တယ်လို့ယူဆပေမယ့် တခြားသူက မှားတယ်လို့မှတ်ယူတတ်တယ်။ အစည်းအဝေးတွေမှာ အပြန်အလှန် ငြင်းခုန်ကြတယ်။ မကြိုက်ရင် ဆန့်ကျင်မဲပေးမယ်။ ဖြစ်နိုင်ရင် ဖြုတ်ချကြတယ်။ ကျွန်တော်လည်း ဖြုတ်ချတာခံရဘူးတယ်။ လုပ်တဲ့သူတွေက နည်းလမ်းတကျ မဟုတ်ပေမယ့် ဖြုတ်ချတယ်လို့ ကြေညာခံရပါတယ်။
• အဲလိုဟာတွေကို ပြန်ရေးရတာက့ ခြောက်ရေနှူးသလိုဖြစ်တယ်။ တချို့အချက်အလက်တွေ ထည့်ရေးပြန်ရင် အနာရှိသူတွေအပေါ် တုတ်ကျသလိုနေမယ်။ တခုရေးရင် တချက်ကျမှာမျိုး။ အကျိုးရှိတော့မှာ မဟုတ်ပါ။

• စာရေးတာ ဘာအတွက်လည်း။ ကိုယ်ရည်သွေးစရာမရှိပါ။ နောက်ကြောင်းတွေရေးတာကို သမိုင်းလို့ပြောကြတယ်။ အဆုံးအမကောင်းတခုက မအအောင်လို့ သမိုင်းသင်ရတယ်တဲ့။ ကျွန်တော်ရေးတာတွေကတော့ သမိုင်းရယ်လို့ တန်းမဝင်ပါ။ ဖတ်တဲ့သူတွေ အလိမ်မခံရအောင်ရည်ရွယ်ပြီး ရေးပါတယ်။ စစ်အစိုးရလုပ်ထားတဲ့  အမည်မည်းစာရင်း ထဲကတော့ ထွက်ရပါပြီ။ ကျွန်တော်ရေးရင် လိမ်တဲ့သူတွေကတော့ ရန်သူစာရင်းကနေ ဖျက်ပေးတော့မှာ မဟုတ်ပါ။
• ဆေးပညာစာတွေမှာ Myth and Facts အထင်မှားနဲ့ အရှိတရားကို ခွဲခြားရေးပါတယ်။ နိုင်ငံရေးမှာ Facts and Fiction အချက်အလက်မှန်နဲ့ ကြံစီမှုကိုခွဲရေးပါတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၄-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး