HIV လမ်းညွှန်ချက်သစ်

မြန်မာနိုင်ငံမှာ HIV ပိုးရှိသူတွေကို ဆေးကုသရာမှာအဓိကကျတဲ့ CD4 သတ်မှတ်ချက်ကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လမ်းညွှန်ချက် အသစ်ကို ၉-၃-၂ဝ၁၅ နေ့ကစပြီး ပြန်လည်သတ်မှတ်ခဲ့ပါတယ်။ လမ်းညွှန်ချက်အသစ်မှာ CD4 500 အောက်ရှိသူတိုင်းကို ART ဆေးသောက်ဖို့၊ HIV နဲ့ TB တွဲပြီးခံစားနေရသူတွေက TB ဆေးအပြင် ART ဆေးကိုလည်း နှစ်ပတ်ခြားတစ်ခါ သောက်ဖို့ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်တုံးကတော့ CD4 count 200 ဆိုမှ ဆေးပေးတယ်။ ၂ဝ၁ဝ လမ်းညွှန်ချက်ဟာ 350 ဖြစ်လာတယ်။

HIV/AIDS အကြောင်း ကောင်းဆိုးသိချင်ရင် စမ်းသပ်တဲ့နည်းတခုကို CD4 (Cluster of differentiation 4) ခေါ်တယ်။ သွေးဖြူဥဖြစ်ပါတယ်။ HIV ပိုးဝင်လာရင် T-cells (T lymphocytes) ကို တိုက်ခိုက်တယ်။ သွေးဖြူဥဖြစ်တယ်။ T-cells ထဲကို HIV-1 ဝင်လာစေဘို့ CD4 က ဧည့်ကြိုလုပ်တယ်။ ပုံတူပွါးကြတယ်။ ဒါ့ကြောင့် CD4 နည်းနေတာဟာ ခုခံစွမ်းအား ကျဆင်းတယ်လို့ သွယ်ဝှိုက်ပြီးပြောပါတယ်။ အစပိုင်းမှာတော့ ပျက်စီးပြောင်းလဲသွားတဲ့ CD4 cells ကို အစားထိုး ပေးနိုင်သေးတယ်။ နောက်ပိုင်းကြ ဒီလိုမလုပ်နိုင်တော့ဘူး။ CD4 cells တွေနည်းလာလေလေ ခုခံအားကျဆင်းလေဘဲ။

ပုံမှန်ဆိုရင် CD4 counts 500 -1500/mm3 ရှိတယ်။ 500-1200x106/L လို့ သတ်မှတ်တာလည်းရှိတယ်။ CD4 Count 200 ရှိတာတွေ့ရင် AIDS ရောဂါသည်လို့ပြောတယ်။

CD4 အပြင် Viral load (VL) ကိုလည်းစစ်တယ်။ CD4 နဲ့ VL ဆက်စပ်နေတာရှိသလို တခါတလေ အဲလိုမဟုတ်တာလဲ တွေ့နေရတယ်။ VL ကျနေပေမဲ့ ၁ဝ% လောက်မှာ CD4 မတက်ဘူး။ VL က CD4 လောက်တော့ မတိကျပါ။ CD4 ဟာ HIV ပိုးက ဘယ်လောက် ဖျက်ဆီးထားပြီလဲဆိုတာကို သိစေနိုင်ပြီး၊ VL ကတော့ HIV ပိုး ဘယ်လောက်များများ ရှိနေသလည်းကို သိစေတယ်။ VL များနေတာမကောင်းဘူး။ 100,000 ကျော်ဆိုရင် ဆေးကုပါလို့ဆိုတယ်။

WHO guidelines ဆိုတာ တကယ်တော့ ဆင်းရဲသေးတဲ့နိုင်ငံတွေက အစိုးရတွေအတွက် ပေါ်လစီချဘို့ရာ အကူအညီ ပေးဘို့ဖြစ်တယ်။ လမ်းညွှန်သစ်အရ ဆေး ၃ မျိုးကို ဆေးတတောင့်ထဲမှာသာ ထည့်ထားတာကိုသုံးတယ်။ Tenofovir + Efavirenz နဲ့ Lamivudine ဒါမှမဟုတ် Emtricitabine ကိုရောထားပါတယ်။ ၂ဝ၁၃ WHO စာရင်းအရ ကမ္ဘာမှာ HIV ပိုး ရှိနေသူပေါင်း (၃၅) သန်းရှိပြီး၊ (၁၂့၉) သန်းက ART ဆေးရနေကြတယ်။

မြန်မာနိုင်ငံမှာ ၂ဝဝ၅ တုံးက UNAIDS အဆိုအရ လူကြီး HIV ဖြစ်နှုန်း ၁့၃% (၂ဝဝ,ဝဝဝ - ၅၇ဝ,ဝဝဝ) လို့သိရတယ်။ ပိုးအမျိုးအစား (၄) မျိုးဟာ မြန်မာပြည်မူးယစ်ကုန်သွယ်လမ်းကစပြီး မြစ်ဖျားခံတယ်လို့ဆိုပါတယ်။ မူးယစ်ဆေးထိုးသူက ၄၃% ပါတယ်။ လိင်လုပ်သားက ၃၂% ရှိတယ်။ ၂ဝဝ၅ တုံးကအစိုးရကနေ HIV အတွက် ယူအက်စ်ဒေါ်လာ (၁၃၇,၁၂ဝ) သုံးစွဲခဲံတယ်။ နိုင်ငံတကာအလှူငွေ (နော်ဝေ၊ နယ်သာလင်၊ ယူကေ၊ ဆွီဒင်) ကနေ ၂၇,၇၁၁,၈၁၃ (၂၇ သန်းကျော်) ရခဲ့တယ်။ HIV စာရင်းမှာ မြန်မာနိုင်ငံဟာ (၁၆၆) နိုင်ငံထဲမှာ နံပါတ် (၅၁) နေရာမှာရှိတယ်။ 

လက်ရှိ မြန်မာနိုင်ငံမှာ HIV ပိုး ရှိနေသူပေါင်း ၁ သိန်း၊ ၉ သောင်းနီးပါးရှိနေတယ်။ ART ဆေးလိုအပ်နေသူက ၁ သိန်း၊ ၂ သောင်းကျော်ရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်ကဆိုတယ်။ မြန်မာပြည်မှာ HIV/AIDS ကျဆင်း၊ ပျောက်ကင်းနိုင်ပါစေ။

ဒေါက်တာတင့်ဆွေ
၂၃-၄-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး