Back injuries သုမနကျောမှာ

“သုမနကျောမှာ ဒဏ်ရာတွေနဲ့” ဆိုတဲ့အသုံးကို နောက်လူတွေက နားစိမ်းနေကြမှာပါ။

ကျွန်တော်တို့ငယ်ငယ်ကတော့ လောက်စပီကာ ခေါ် ဓါတ်စက် ခေါ် အသံချဲ့စက်တွေခေတ်မှာ ဓါတ်ပြားနဲ့ဖွင့်ကြလို့ နေ့တိုင်းကြားနေခဲ့ရတဲ့ ဇာတ်တွေထဲက ငိုချင်းစာသားပါ။ နှိပ်စက်တာတွေ ခံရပေါင်းများလှပြီ၊ ကျောသာကြည့်ပါတော့လို့ ဆိုလိုတာပါ။

(မဆလ) ခေတ်မှာ (သုမနကျောမှာ ဒဏ်ရာတွေနဲ့) ဆိုတဲ့အသုံးက အတော်တာစားခဲ့ပါတယ်။ စစ်အစိုးရခေတ်မှာတော့ ကျောနာတာလောက်များ စာဖွဲ့မနေနဲ့တော့လို့အခြေအနေဖြစ်လာလို့ သိပ်မသုံးတော့ပါ။

ကျွန်တော်တို့ ရွယ်တူတန်းတူတွေက ၁၉၉ဝ ကစပြီး ဒဏ်ရာတွေရခဲ့ကြပါတယ်။ နောက်ကျောဓါးချက်လည်း ပါသေးတာ။ ကျွန်တော်နဲ့ အနီးကပ်လက်တွဲလုပ်ခဲ့သူတိုင်းကို ကျွန်တော့်အပေါ် တောက်လျှောက် သစ္စာရှိကြမှာပဲလို့ တချို့တွေက ထင်ကြတယ်။ နောင်မှာတွေ့တဲ့အခါ ဘယ်သူဘယ်မှာလည်းစသဖြင့် မေးကြတယ်။ ပြန်ပြောမနေချင်ပါ။ ကျောလည်း လှန်မပြချင်ပါ။

စိတ္တဇလူသတ်သမားကလွဲရင် လူသတ်သမားဟာ သူသတ်ချင်သူကိုသာ ရွေးသတ်တယ်။ အမှုမပေါ်ရင် လူကောင်းပဲ ထင်ကြတယ်။ ပင်နီအင်္ကျီဝတ်ထားရင် နာတာရှည်ဒဏ်ရာတွေပါ ဖုံးထားနိုင်တယ်။ ခေတ်ဟောင်းကဇာတ်တွေကို ခေတ်လူတွေ နားထောင်ချင်ကြမှာမဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၁၇-၄-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး