Bus ride ဘတ်စ်ကားခရီး

ပြည်တွင်းကပို့စ်တွေမှာ ရန်ကုန်ဘတ်စ်ကားနဲ့ဆိုင်တာတွေများတယ်။ တိုက်ဆိုင်လို့ လွန်ခဲ့တဲ့ ၈-၉ လလောက်က ရေးခဲ့တာလေး ပြန်တင်ပါရစေ။

ကျွန်တော် စာကူသင်နေတဲ့ကျောင်းကို မနှစ်ကဖွင့်ကာစမှာ ဘတ်စ်ကား စီးသွားခဲ့ရတယ်။ အရင်တခါမှ မစီးဘူးသေးတဲ့ ခရီးမို့ မေးမြန်းစုံးစမ်းထားရတယ်။ အစစသတိထားရတယ်။ တလမ်းလုံးမှာ စူးစမ်းမှုမျက်လုံးနဲ့ သွားလာခဲ့ရတယ်။

ကျွန်တော်စီးတဲ့ ဘတ်စ်ကား လူမများပါ။ အချိန်မှန်တယ်။ ညနေ ၄ နာရီ ၇ မိနစ်မှာ အပတ်တမင့်ရှေ့ ရောက်တဲ့ကားနဲ့ လိုက်ရတာများတယ်။ ခရီးတခေါက် (အသွား) ၁ ကျပ် ၇၅ ပြားကို စက်ကလေးထဲ ထည့်ရတယ်။ စပယ်ယာခေါ်တာမရှိပါ။ တနေ့သုံးကပ်၊ လပေးကပ်ရှိသူက ခြစ်လိုက်ရတယ်။ သန့်ရှင်းတယ်။ လုံခြုံစိတ်ချရတယ်။ ရှေ့ဆုံးခုံတွေက ရုပ်ပိုင်း ချို့တဲ့သူတွေအတွက် သီးသန့်နေရာပါ။ ဘီတပ်ကုလားထိုင်နဲ့ ခရီးသည်ဆိုရင် ကားပေါ်တက်ဘို့ ဆင်းလျောစရာလေး ချပေးတယ်။ သူ့ဖါသာတက်တာပြီးရင် ကားမောင်းသူက ထလာပြီး ခါးပတ်တွေစနစ်တကျပတ်ပေးပြီးမှ ကားထွက်တယ်။ ပုံထဲပါ ကားရှေ့ကချိတ်စရာမှာ စက်ဘီးလာသူက ကိုယ်တိုင်သွားချိတ်တင်၊ ဖြုတ်ယူရတယ်။ ကားမောင်းသူက ခရီးသည်တိုင်းကို အတက်မှာ နေကောင်းလား၊ အဆင်းမှာလည်း အဆင်ပြေပါစေလို့ နှုတ်ဆက်စကားပြောကြပါတယ်။

ဘတ်စကား မစီးဖြစ်တာကြာနေပြီးမှ ကနေ့ညနေပြန်စီးဖြစ်တယ်။ ဘယ်ကနေဘယ်၊ ဘယ်တော့မှာဘာ အကုန်သိပြီးမို့ လမ်းဘေးဝဲယာ မကြည့်တော့ပါ။

မသွားဖူးသေးတဲ့လမ်းတိုင်းမှာ သတိကြီးရတယ်။ လေ့လာထားမှုနဲ့ စူးစမ်းမှု ကောင်းကောင်းလိုတယ်။ စိုးရိမ်မှုကိုလည်း အနိုင်ယူနိုင်ရတယ်။ ကျွန်တော်တို့ ဒီမိုကရေစီဘတ်စ်ကားခရီးသစ်ကို စတင်ထွက်နေကြပါပြီ။ ကားစီးရတာကြပ်ပါစေ၊ ကားဆရာ နှုတ်အာကြမ်းပါစေ၊ လိုရာခရီးကို ချောချောမောမောရောက်အောင် သွားကြပါမယ်။ ခရီးသွားချင်းရိုင်းပင်းကြပါ။ ယဉ်ကျေးကြပါ။

ဒေါက်တာတင့်ဆွေ
၁၃-၄-၂ဝ၁၆
၁၅-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး