DHEA ဆေးဆိုတာ

၁။ ကျွန်မအသက်က ၃၆ နှစ်ပါဆရာ အိမ်ထောင်သက် ၆နှစ်ရှိပါပြီ ကလေးမရသေးပါ OG က ကလေးမရသေးတဲ့သူတွေကို ဒီဆေးကြိုတင်သောက်ခိုင်းပါတယ် ကလေးရတဲ့အခါ ကောင်းအောင်လို့ပါတဲ့ ဒီဆေးက သားအိမ်အားဆေးလား ကလေးညာဏ်ကောင်းဆေးလား ဘာအားဆေးလဲဆိုတာသိချင်လို့ပါ ဆရာ ကျေးဇူးတင်ပါတယ်ရှင့်

၂။ DHEA ဆိုတဲ့ဆေးအကြောင်း သိချင်လို့ပါဆရာ။ တချို့ဆရာဝန်တွေက မိန်းမတွေကို သောက်ခိုင်းတာလည်း ရှိပါတယ်။ ယောက်ျားတွေလည်းသောက်ကြတယ်။ မိန်းမပေါ်မှာအကျိုးသက်ရောက်ပုံနဲ့ ယောက်ျားပေါ်မှာ အကျိုးသက်ရောက်ပုံ သိချင်လို့ပါ။

၃။ ဆရာရှင့် ကျွန်မအသက်က ၂၉ နှစ်ပါ။ ကလေးမရသေးလို့ OG ပြတော့ DHEA Plus ကို ကလေးမရမချင်း သောက်ခိုင်းပါတယ်။ DHEA Plus က ဘာအတွက်သောက်ရတာလဲလို့ သိချင်လို့ပါဆရာ။

DHEA Tablet ဆေးဟာ ဟော်မုန်းဆေးလို့ဆိုပါတယ်။ လူတိုင်းရဲ့ ကိုယ်ထဲမှာ အလိုလိုထုတ်ပေးနေတဲ့ ဟော်မုန်းကို သစ်ပင်သစ်ရွက်တွေကနေ ထုတ်ယူထားတယ်။ ဆေးကြော်ငြာအဆိုအရ ဟော်မုန်းများရဲ့မိခင်လို့ဆိုပါသေးတယ်။ အသက်ကြီးလာသူတွေ၊ ကိုယ်အလေးချိန် ထိန်းချင်သူတွေကို သောက်ပါလို့ ဆေးညွှန်းကဆိုပါတယ်။ တခါသောက် ၁ တောင့်၊ တနေ့ ၃ ကြိမ်။

ယောက်ျားများအတွက် DHEA သတိပေးချက်
• DHEA ဆေးမသောက်ခင် သွေးထဲမှာ PSA (Prostate Specific Antigen) ဘယ်လောက်ရှိသလnf;စစ်ရမယ်။ ၆ လ ဒါမှမဟုတ် တနှစ်တခါ စစ်နေသင့်တယ်။ free testosterone နဲ့ estrogen ကိုသိနေသင့်တယ်။
• Prostate cancer ဆီးကျိတ်ကင်တာ နဲ့ BPH ဆီးကျိတ်ကြီးနေသူတွေ မသောက်ရပါ။
• DHEA ဆေးသောက်နေရင်း Vitamin D 5,000 – 10,000 IU, Vitamin E 400 IU, Selenium 200 mcg, Gamma E Tocopherol with Sesame Lignans 200 mg, Lycopene Extract 10 – 40 mg နဲ့ Boron 3 – 10 mg ဆေးတွေပါ တွဲသောက်သင့်တယ်လို့ ဖတ်ရပါတယ်။

အမျိုးသမီးများအတွက် DHEA သတိပေးချက်
• Estrogen နဲ့ Testosterone ဟော်မုန်းတွေ စစ်ရမယ်။
• Estrogen-dependent cancer ရင်သားကင်ဆာတမျိုးရှိမနေရဘူး။
• DHEA ဆေးသောက်နေရင်း Melatonin 300 mcg 3 mg (nightly), Vitamin E (D-alpha tocopheryl succinate) 400 IU, Broccoli Extract, Indole-3-carbinol 80 160 mg, Vitamin D3 5,000 – 10,000 IU နဲ့ Gamma Tocopherol with Sesame Lignans 200 mg ဆေးတွေပါတွဲသောက်သင့်တယ်လို့ ဖတ်ရပါတယ်။

DHEA ဟော်မုန်းက ကိုယ်ထဲမှာ သဘာဝအရရှိနေတယ်။ အသက်ရလာသူတွေ၊ အရွယ်ကြောင့် မှတ်ဉာဏ် နည်းလာသူတွေ၊ သုံးကြတယ်။ အားကစာသမားတွေလည်းသုံးတယ်။ ဒါပေမယ့် (NCAA) က တားမြစ်ထားတယ်။ ယောက်ျားတွေ ပန်းသေပန်းညှိုအတွက်လည်းသုံးကြတယ်။ Viagra လို သက်သေမပြနိုင်ပါ။ အမျိုးသမီးတွေ လိင်စိတ်ပိုအောင်လည်း သုံးကြတယ်။

SLE ရောဂါ၊ အရိုးအားနည်းရောဂါ၊ multiple sclerosis (MS) ရောဂါ၊ Addison’s disease ရောဂါ၊ depression နဲ့ schizophrenia စိတ်ရောဂါတွေ၊ chronic fatigue syndrome (CFS) ရောဂါ၊ Parkinson’s disease ရောဂါတွေအတွက်လည်းပေးတယ်။ တချို့လည်း နှလုံးရောဂါ၊ ရင်သားကင်ဆာ၊ ဆီးချိုအတွက်လည်းသုံးကြတယ်။ သွေးဆုံးချိန်မှာလည်းပေးတယ်။ ဒါပေမယ့် ဆေးသုတေသန မစုံလင်သေးပါ။ ပြောတိုင်းလည်း ကောင်းချင်မှကောင်းမယ်။ FDA က တရားဝင်အသိအမှတ် မပြုသေးပါ။

၁။ ဆရာရှင့် DHEA နှင့် 7 keto DHEA ကွာခြားချက်လေး အချိန်ရှိမယ် ဆိုရင် ရှင်းပြပေးပါနော် လေးစားစွာဖြင့်

DHEA ဆေးလုံးကြော်ငြာကတော့ ကောင်းမှကောင်း။ အသက်ရလို့အရေပြား ပြော့တာတွေကောင်းစေမယ်။ ကျားပန်းညှိုးတာကောင်းစေမယ်။ အရိုးပါးတာကောင်းစေမယ်။ စိတ်ရောဂါကိုကောင်းစေမယ်။ လူးပတ်စ်ရောဂါ သက်သာစေမယ်။ အမျိုးသားလိင်မှုကောင်းစေမယ်။ DHEA 2 Mg, 5 Mg, 10 Mg, 25 Mg, 50 Mg and 100 Mg ဆိုပြီး ဆေးအလေးချိန်အမျိုးမျိုးနဲ့ရောင်းတယ်။

DHEA (Dehydroepiandrosterone/dehydroepiandrostenedione/didehydroepiandrosterone) လို့ခေါ်တယ်။ ကိုယ်ကနေ ထုတ်ပေးနေတဲ့ Steroid စတီရွိုက်ဟော်မုန်းတမျိုးဖြစ်တယ်။ အမျိုးသမီးတွေမှာ အဲတာမလုံလောက်ရင် ဆေးအဖြစ်အစားထိုးပေးရတယ်။ ကင်ဆာကိုကာကွယ်ဆိုတာ မမှန်ပါ။ အသက်ကြီးသူတွေကို အားအင်တိုးစေမယ် ဆိုတာလည်း သက်သေမခိုင်လုံပါ။ အရွယ်လတ်တွေမှာ ကိုယ်ခန္ဓာထုထည် တိုးစေမယ်ဆိုတာလည်း အထောက်အထား မခိုင်လုံပါ။ မှတ်ဉာဏ်တိုးစေမယ်ဆိုတာလည်း မခိုင်လုံပါ။ (အယ်လ်ဇိုင်မား) ရောဂါအတွက် စမ်းသပ်နေဆဲဖြစ်ပါတယ်။

နှလုံးသွေးကြောရောဂါမှာ ၂ဝဝ၃ သုတေသနအရ နည်းနေသူတွေမှာဖြစ်တယ်လို့ဆိုနိုင်ပေမယ့် ကောက်ချက်ဆွဲလို့မရပါ။ (လူးပတ်စ်) ရောဂါမှာ တိုးတက်စေတယ်လို့သိရတယ်။ ဒါပေမယ့် ရေရှည်သုံးရင် ဘေးထွက်ဆိုးကျိုးကို တိတိကျကျ မပြောနိုင်သေးပါ။

DHEA 200 mg/day ပေးရင် ၂၄ ပါတ်နေရင် အင်ဒရိုဂျင်သက်ရောက်မှုရစေတယ်။ 400 mg/day ကို ၈ ပါတ်ပေးတော့ ဘေးထွက်ဆိုးကျိုးပိုတွေ့ရတယ်။ 50 mg ကို ၁၂ လကြာပေးတာလည်းရှိတယ်။ အဆိုးကြီးမဟုတ်ပါ။

များရင် စိတ်ကြမ်းမယ်။ စိတ်တိုမယ်။ အိပ်ရေးပျက်မယ်။ ကိုယ်မွှေးတွေပေါက်မယ်။ ရာသီမဆင်းပဲရပ်မယ်။ HDL ကောင်းတဲ့ ကိုလက်စထောနည်းစေလို့ နှလုံးရောဂါကိသတိထားရမယ်။ ဝက်ခြံပေါက်မယ်။ နှလုံးခုန်မမှန်တာ်၊ အသည်းထိခိုက်နိုင်တာ်၊ ဆံပင်ကျွတ်တော၊ အဆီပြန်တာတွေဖြစ်နိုင်တယ်။ ကိုယ်ဝန်နဲ့ ကလေးနို့တိုက်ချိန်မှာ မသုံးရပါ။

7-Keto-DHEA (7-Keto, 7-ketodehydroepiandrosterone, or 7-oxodehydroepiandrosterone ဆိုတာက စတီရွိုက်ဟော်မုန်း နောက်တမျိုးဖြစ်တယ်။ သူကနေ testosterone တက်စတိုစတီရုန်းနဲ့ estrogen အိစထိုဂျင်ကို တိုက်ရိုက်ပြောင်းမပေးပါ။ အတဲတာကြောင့် အသုံးပိုများတယ်။ ကြွက်သားကြီးချင်သူတွေသုံးကြတယ်။ အားကစားမှာ မသုံးဘို့တားမြစ်ထားတယ်။

အထူးကုဆရာဝန်မညွှန်ပဲတော့ ဒီဆေးကို မသုံးသင့်ပါ။

DHEA ဆေးဆိုတာ https://doctortintswe.blogspot.com/2015/12/dhea.html

ဒေါက်တာတင့်ဆွေ
၁၆-၇-၂ဝ၁၅
၂၂-၁၂-၂ဝ၁၅
၁၅-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး