MI magazine မြက်ခင်းပုပ်

အိန္ဒိယ (ဖတ်စ်လေဒီ) ရမည်းသင်းသူ ဒေါ်တင့်တင့်အကြောင်းစာထဲမှာ စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ခင်ညွန့်ရဲ့ မြက်ခင်းသစ်မှာ ဂုဏ်အရေဖျက်တဲ့ မုသားတွေရေးခဲ့တယ်လို့ ကျွန်တော်ထောက်ပြခဲ့ပါတယ်။ ပြည်ပရောက်အမတ် တယောက် ဒေါ်တင့်တင့်အိမ်ကို အကူအညီတောင်းဘို့ရောက်လာကြောင်း၊ ဒေါ်တင့်တင့်က ဖျော်ရည် အအေးစတာနဲ့ ဧည့်ခံတဲ့အခါ၊ အခုတလော မြန်မာပြည်ကမော်ဒယ်တယောက် ဓါတ်ပုံအရိုက်ခံနေတဲ့ ဗီဒီယိုထဲကလို ဝတ်စားပြုမူပုံမျိုး ရေးထားပါတယ်။ အဲဒီအချိန်မှာ ဒေါ်တင့်တင့်က အသက် (၇ဝ) ရှိပြီ။ မြက်ခင်းသစ်ထဲက အမတ်ဆိုသူ အခုထိ အိန္ဒိယကို မရောက်ဖူးပါ။

အဲလိုရေးထားတဲ့ မြက်ခင်းသစ်မဂ္ဂဇင်းကို အရင်ဆုံးရလာသူက ဦးမောသီရိဖြစ်ပါတယ်။ သူနဲ့ သူ့ဇနီးတို့ဟာ မြန်မာ့ ဒီမိုကရေစီအရေးကို အစွမ်းကုန်ကူညီခဲ့သူတွေဖြစ်ကြပါတယ်။ ၁၉၆၃ မှာ ဗိုလ်ချုပ်နေဝင်းကနေ နိုင်ငံခြားသားတွေကို နှင်ထုတ်လို့ မြန်မာပြည်ကနေထွက်လာခဲ့ရသူတွေဖြစ်ပါတယ်။ ဒိအရင်က ကျောက်မဲနဲ့ ညောင်ရွှေမှာ ကျောင်းဆရာ၊ ဆရာမတွေလုပ်ခဲ့ကြတယ်။

ဦးမောသီရိက ဘာသာပြန်စာပေဆု ရခဲ့သူဖြစ်တယ်။ ဦးနုရေးတဲ့ တာတေစနေသားကို ဦးလောရုံ (နေးရှင်း) က အင်္ဂလိပ်လိုရေးတယ်။ မူရင်းလက်ရေးမူကို ဦးမောသီရိကနေ ဦးနုမိသားစုခွင့်ပြုချက်ယူ၊ ဒီမိုကရေစီရေးထဲက ကျောင်းသားတွေကို ကွန်ပြူတာစာစီလုပ်စေပြီး၊ မြန်မာစာအုပ်အဖြစ် ထုတ်ပေးပါတယ်။ သူထုတ်ပေးသွားတဲ့ မြန်မာစာအုပ်တွေက မနည်းပါ။

သူတို့အိန္ဒိယနာမည်တွေက CP Prabhaka နဲ့ Kiren Prabhaka တို့ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဆရာနဲ့ ဆရာမကြီးလို့သာခေါ်ပါတယ်။ ဆရာမကြီးက အိမ်မှာနေရင် မြန်မာထဘီသာဝတ်တယ်။ မြန်မာပြည်က စားစရာတွေ ရောက်လာရင် ကျွန်တော့်ဇနီးကို ခေါ်ခေါ်ပေးပါတယ်။

သူတို့မိသားစု မြန်မာပြည်ကနေထွက်လာရတော့ ပိုက်ဆံအစိတ်သာယူလာခွင့်ရလို့ သားသမီးတွေအများကြီးနဲ့ ဒေလီမှာ ရုန်းကန်ကြရတာတွေပြောပြောပြတယ်။ နောက်မှာ ဒေလီမြို့မှာ Oxford Seconday Senior School ကျောင်းပိုင် ဖြစ်လာတယ်။ အင်ဒီရာဂန္ဒီ ကျေးဇူးလည်းမကင်းပါ။ သူတို့ကျောင်းမှာ မြန်မာဒုက္ခသည်ကလေးတွေ စာသင်နေကြတယ်။ ဒေါ်စုအိန္ဒိယလာတုံးက ကွန်မြူနတီနဲ့တွေ့တဲ့ပွဲကို သူတို့ကျောင်းမှာ လုပ်ခွင့်ပေးခဲ့တယ်။ ဆရာမရှိတော့ပါ။

ဦးမောသီရိဟာ (အေအိုင်အာ) မြန်မာပိုင်းအစီစဉ်ဌာနမှူးလုပ်ခဲ့ပါတယ်။ ၁၉၈၈ အရေးအခင်းမှာ (ဘီဘီစီ) နဲ့ တန်းတူ အရေးပါခဲ့တယ်။ ၁၉၉၂ နောက်ပိုင်း အိန္ဒိယအစိုးရရဲ့ မြန်မာစစ်အစိုးရဆက်ဆံရေးပေါ်လစီသစ်အရ ဒီမိုကရေစီဖက်ကနေ ထုတ်လွှင့်ချက်တွေကို ပိတ်ပင်ကတည်းက ဘယ်သူမှ နားမထောင်ကြတော့ပါ။ အခုထိတော့ ဆက်လွှင့်နေပါသေးတယ်။ ကျွန်တော့်ရုံးမှာတာဝန်ထမ်းခဲ့သူတယောက်က အဲဒီမှာ ဘာသာပြန်နဲ့ သတင်းဖတ်သူ လုပ်နေပါတယ်။

မြန်မာပြည်ပြန် ဦးမျိုးမြင့်ခေါ် (ဗွီဂျေအက်စ် ဂရိဝေါလ်) ဆိုတာ အိန္ဒိယစစ်ထောက်လှမ်းရေးမှာ ဗိုလ်မှူးဖြစ်လာတယ်။ တမူး-ကလေးလမ်းဖေါက်တော့ သူ့ကိုထည့်ထားတယ်။ အဲဒီမှာ မြန်မာစစ်ထောက်လှမ်းရေးက ဆွဲစားတယ်။ သူကလည်း ပြန်စားပါတယ်။ သူနဲ့ ဗိုလ်ခင်ညွန့်တို့ ပူးပေါင်းလုပ်ကြံမှုကြီးတခုဖြစ်ခဲ့ပါတယ်။ ရခိုင်နဲ့ ကရင်လူမျိုးအဖွဲ့ကိုလှည့်စားမှုကြီးပါ။ အိန္ဒိယရေပိုင်နက်မှာ ကျွန်းတကျွန်ပေးမယ်ဆိုပြီး လှည့်စားတာကိုယုံမိကြတယ်။ ကျွန်တော်က အရင်အလိမ်ခံထားရလို့ လှမ်းသတိပေးတာ နောက်ကျသွားတယ်။ သူတို့လက်ထဲရောက်တာနဲ့ အဖွဲ့ခေါင်းဆောင် (၆) ဦးကို အနီးကပ်ပစ်သတ်ပြီး၊ ကျန်လူတွေ အကုန်ဖမ်းတယ်။ ပါလာတဲ စက်လှေတွေနဲ့ လက်နက်တွေ အကုန်သိမ်းတယ်။ ရခိုင်နဲ့ ကရင် စုစုပေါင်း (၃၄) ယောက်ဟာ (ပို့တ်ဘလဲယား) နဲ့ ကာလကတ္တားထောင်ထဲမှာ စုစုပေါင်း (၁၃) နှစ်ကျော်ကြာ ကျခံရတယ်။ သူတို့အားလုံး လွတ်မြောက်ရေးမှာ တတတ်တအားကူညီခွင့်ရခဲ့ပါတယ်။ အဲဒီအဖွဲ့ကမှ (အေအေ) ဖြစ်တယ်။ အခုသတင်းတွေထဲက (အေအေ) နဲ့ နာမည်တော့တူတယ်။ အရင်လူတွေက အခု နယ်သာလန်မှာရောက်နေကြပါတယ်။

အဲဒီအမှုကြီးစတော့ ရခိုင်နဲ့ကရင်တပ်သားတွေကို စစ်ဆေးမေးမြန်းရာမှာ ဦးမောသီရိက စကားပြန်အဖြစ် ဒေလီကနေ စစ်ရဟတ်ယာဉ်နဲ့ လိုက်သွားရတယ်။ အဲဒီကနေ ပြန်ရောက်ရောက်ချင်း ဦးမောသီရိက ကျွန်တော့်ကိုခေါ်ပြီး ဇာတ်စုံခင်းပြတော့ သူမျက်ရည်လည်နေတာကို ကျွန်တော်အခုထိမမေ့ပါ။ နောက်ရက်မှာ သူလည်း နှလုံးရောဂါနဲ့ ဆေးရုံတက်ရတယ်။

ကျွန်တော် အိန္ဒိယကိုရောက်တော့ တနှစ်တိတိနယ်စပ်မှာနေပြီးနောက် ဒေလီကို ၁၉၉၂ နှစ်စမှာတက်လာတော့ ဦးမောသီရိနဲ့ ဝန်ကြီးချုပ်ဦးနုသမီး ဒေါ်သန်းသန်းနုရဲ့ခင်ပွန်း ဦးအောင်ငြိမ်းတို့က ဘူတာရုံမှာလာကြိုကြပါတယ်။ ကျွန်တော့်မှာ ဘာဝင်ငွေမှမရှိ၊ ဘာအထောက်အပံ့မှမရစဉ်က ပဌမဆုံး (၄) လ၊ ဦးမောသီရိက အိမ်တလုံး ပေးထားခဲ့ပါတယ်။ ကျွန်တော့်ကို (ကေအာရ် နာရာယန်) အထက်လွှတ်တော်အမတ်ဖြစ်စဉ်ကစပြီး ဦးမောသီရိက မိတ်ဆက်ပေးထားပါတယ်။ ဆရာနဲ့ ဆရာမကြီးတို့ ကောင်းရာဘုံကိုရောက်နေကြမှာ သိပါတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၇-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ