Busted Ripped Knee Jean ဂျင်းဘောင်းဘီ အရေးအသား (၂)

ကွန်တော့်ပို့စ်တခု = BBC, VOA, RFA ဘီဘီစီ-ဗွီအိုအေ-အာရ်အက်ဖ်အေ
ကွန်မင့်တခု = Mg la Pyae ဆရာရယ် ကိုယ်နားလည်နေပြီပဲ။ ဘာလိုသေးလို့လဲ။ နှိမ်ကျပါတယ်ဆိုတဲ့စကားထက် ဘာကို ဝန်ခံစေချင်တာလည်းဗျာ။

ကွန်တော့်ပို့စ်တခု = ငွေစက္ကူတွေကပြောတဲ့ မြန်မာသတ်ပုံသမိုင်း
ကွန်မင့်တခု = ရဲရင့်ကျော်စွာနေမျိုးသူရ သတိုးမဟာဗလမင်းထင် ကျနော်ကတော့ လိုင်းပေါ်မှာ အဆင်ပြေသလို အများနားလည်အောင် ရေးပါတယ်။ ဆိုရှယ်မီဒီယာသည် စာမေးပွဲဖြေနေခြင်းမဟုတ်၊ လုပ်ငန်းခွင်လျှောက်လွှာ ရေးနေခြင်းမဟုတ်ပါ။ ထို့ကြောင့် အများနားလည်ပီး အဆင်ပြေဖို့ အရေးကြီးပါသည်။

သတ်ပုံ၊ မြန်မာစာအရေးအသားနဲ့ အသံထွက်အကြောင်းရေးတိုင်း လာနေကျကွန်မင့်မျိုးပါ။ ထပ်ပြောရအုန်းမယ်။ အားတော့နာတယ်။
- အင်္ကျီကြယ်သီးပေါက် အထက်အောက်မှားတပ်ထားပေမယ့် ရင်ပတ်လုံတာမှန်ပါတယ်။
- ဒူးပြဲဂျင်းဘောင်းဘီ ခေတ်မီတာလည်းမှန်ပါတယ်။
- လက်ဖက်ရည်ဖိုး၊ တံစိုးလက်ဆောင်၊ ကန်တော့ပစ္စည်း၊ လာဘ်ပေးရင် အဆင်ပြေတာလည်း မှန်ပါတယ်။
- ဆိုရှယ်မီဒီယာကို သာလာယံဇရပ်လိုသဘောထားကြတာလည်းမှန်ပါတယ်။

အများနားလည်မလည်တော့ ကျွန်တော်မသိပါ။ ကျန်းမာရေးမေးခွန်းတွေကို ဆိုရှယ်မီဒီယာကနေပဲ မေးကြတာက ၅ ပုံ ၄ ပုံရှိတယ်။ နားမလည်လို့ပြန်ပြန်မေးရတာ ၅ ယောက်မှာ ၂ ယောက်လောက်ရှိတယ်။ ဆေးကျောင်းစာမေးပွဲတွေမှာ မေးခွန်လွှာကိုသာ အာရုံထားရတယ်။ ဆရာဝန်ဖြစ်တော့ လူနာရဲ့ ဝေဒနာနဲ့ အသက်ကို ကြည့်ရတယ်။ ရောဂါဝေဒနာကို မှန်အောင်ပြောမှ ဆေးကလည်းမှန်မယ်။ လူနာကသူ့ဖါသာနားလည်ပေမယ့် ဆရာဝန်ကနားမလည်ပါ။ ဘီပိုး၊ စီပိုးကို လက်ဖက်ရည်ဖိုးနဲ့ မပျောက်ပါ။

မွေးရာပါရောဂါပါလာသူ၊ ဆွံ့အနားမကြားသူ၊ ရုပ်ဆင်းအင်္ဂါချို့တဲ့သူတွေကိုမနှိမ်ရတဲ့ ခွဲခြားဆက်ဆံမှုမပြုရတဲ့ ယဉ်ကျေးမှု ရှိပါတယ်။ စကားမပီသတာလည်း ပါတယ်။ ဒါပေမယ့် သတ်ပုံမှားတာ၊ အာရုံကြောကောင်းပါလျက်နဲ့ စကားကို ပီသအောင်မပြောတာ၊ စာသင်ထားတဲ့သူက စာလွဲမှားနေတာမျိုးကိုတော့ အဲတာမျိုးနဲ့ တတန်းတစားတည်း မထားသင့်ဘူး ထင်ပါတယ်။ အဲတာက ပညာရေးကိုတန်ဖိုးချတဲ့ခေတ်ရဲ့ အမွေဆိုးပါ။ အရပ်ဒေသအရ တမျိုးတမည်ပြောတတ်ကြတာကို ရီစရာသဘောထားလို့ ရပေမယ့် အဲလိုပြောသူမျိုးက အလုပ်ရဘို့ ခက်တတ်တာကိုသာ ပြောပါတယ်။ ကိုယ့်သားသမီး ရှေ့ရေးအတွက် (၁ဝ) သား ကလေးမိဘ သတိပြုကြစေချင်တဲ့ စေတနာတွန်းအားနဲ့ ရေးတဲ့စာသာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး