တဒက်ဒက် တဒိုင်းဒိုင်း သတ်ပုံ


မေ့ပျောက်၍မရနိုင်သော အောင်ဆန်း
(တပ်မတော်မော်ကွန်းတိုက်မှ ကျေးဇူးပြုသည်)

၁၃ဝ၉-ခု ဝါခေါင်လဆန်း ၂-ရက် စနေနေ့။
ကြည်မမွေ့နိုင်ဘူ့၊ သည်တဖေ့တွက်တာ၊ ဆည်ယနေ့ရက်ခါဝယ်။ ပြည်ထွက်ခါတောင်ခြေသို့၊ ရှောင်ရွှေလှမ်းချင်တော့တယ်လေး။
သြော့့် လမြတ်ဝါခေါင် မျှော်ယောင်သာပန်းတော့၊ သောင်ကမ်းတဲ့ပြည့်လျှံ၊ နဒီငယ်ခြံသည်၊ ပြည်မင်းစံရွှေဘုံက၊ အကုန်ထူးတဲ့လပေပ။
နေမိန္ဒရ၊ ဝါခေါင်လမို့၊ ခါသမယ သည်ချိန်ခါမှာ၊ ပန်းခတာခိုင်ညှာပွင့်တို့သည်လည်း ဖူးကြလေပြီ။
တိုင်းပြည်သူတို့ လှူစာရေးတံ သဘင်စုံခံဆဲမို့ လွမ်းရန်ပွဲသည်ချိန်ကို ဒေဝရိန် ပဇ္ဇုန်မှူးကလည်း မြူးလှပါပေ၏။
ရာသီဘာဝ ထူးလှဖူးကြွ မြူးကြအားသော်လည်း နှောင်းခဲ့သည့် ၁၂-နှစ်က ဗမာတမျိုးသားလုံး (တစ်မျိုးသားလုံး မဟုတ်) မီးအုံးကြိမ်အတွင်းသို့ ဖြေမရွှင်ဆွေးစေဘို့ အရေးတော်ကြုံခဲ့ရလေသည်။

ခရစ်သက္ကရာဇ်အားဖြင့်ဆိုသော် ၁၉၄၇-ခုနှစ် ဇူလိုင်လ ၁၉-ရက်ဖြစ်၏။ ထိုနေ့သည်ကား ဗမာ့သမိုင်းစဉ်တွင် နေလုံးကွယ်ပျောက် အမှောင်ကြီးဆိုက်ရောက်သောနေ့ပေတည်း။ နံနက်ခင်းအချိန်မှစ၍ ရန်ကုန်မြို့၏ ထက်ကောင်းကင် အာကာဘုံမှာ သုံမှုန်အုံ့ဆိုင်းလျက်ရှိပေသည်။ မိုးရေပေါက်များလည်း မကြည်တလှည့် ကြည်တလှည့်နှင့် ရွာလိုက်စဲလိုက် ရှိချေသည်။

နံနက် ၈ နာရီခွဲအချိန်ခန့် - အင်းယားကန်စောင်း အေဒီလမ်းရှိ ခြံဝင်းတခုထဲမှ (တစ်ခုထဲမှ မဟုတ်) စစ်တာရပတ်များ မိုး၍ထားသည့် နံပတ် R.A. 3123 ၃-တန် ထရပ်ကားတစီး (ထရပ်ကားတစ်စီး မဟုတ်) ရုတ်တရက်ထွက်လာကာ ပြည်လမ်းမကြီး ပေါ်သို့ မောင်းနှင်သွားလေသည်။

ခြံဝင်းနှင့်ကပ်လျက်ရှိသော တဖက်ခြံအတွင်းရှိ (တစ်ဖက်ခြံအတွင်းရှိ မဟုတ်) ရေတွင်းဘောင်တွင် မှီရပ်နေသော အရပ်ဝတ်နှင့် စုံထောက်အရာရှိတဦးမှာ (တစ်ဦးမှာ မဟုတ်) ထို ၃-တန်ထရပ်ကားပေါ်တွင် လမ်းလျှောက်ရင်း စကားပြောသတင်းပို့သည့် ဝိုင်ယာလက်စက် အငယ်စားလေးတခုနှင့် (အငယ်စားလေးတစ်ခုနှင့် မဟုတ်) ဝိုင်ယာလက်သမား ၂-ဦး ပါသွားသည်ကို ရိပ်မိသိရှိလိုက်ခြင်းမရှိပေ။

စုံထောက်အရာရှိကား ဇွဲကောင်းကောင်းနှင့် စောင့်ကြည့်မြဲစောင့်ကြည့်နေ၏။ နံနက် (၁ဝ-၅) မိနစ်အချိန်တွင် နံပတ် R.C. 1814 အစိမ်းရောင်ဂျစ်ကားတစင်းသည် (ဂျစ်ကားတစ်စင်းသည် မဟုတ်ပါ) ထိုခြံထဲမှပင် ထွက်လာပြန်ကာ ပြည်လမ်းမကြီးပေါ်သို့ တက်ရောက်ပြီး မြို့ထဲဘက်ဆီသို့ ခပ်သုတ်သုတ်မောင်းနှင်သွားသည်ကို တွေ့ရလေသည်။ ထိုဂျစ်ကားပေါ်တွင်ကား မိုးကာအင်္ကျီများကို ခြုံထားသည့် လူ ၅-ယောက်တို့ပါရှိသွားလေသည်။ ဤဂျစ်ကားနှင့် လူတစုသည် (လူတစ်စုသည် မဟုတ်) မြန်မာပြည် တပြည်လုံးအား အကြီးဆုံးသော ပရိဒေဝမီးမွှေးမည့်သူများ ဖြစ်သည်ကိုလည်း ထိုစုံထောက်ခမျာ မသိရှာသေးချေ။

နံနက် ၁ဝ-နာရီ ၃၅-မိနစ်ရှိပေပြီ။ အတွင်းဝန်များရုံး ဒုတိယထပ် အနောက်ဘက်မျက်နှာစာထက်မှ သေနတ်သံတို့သည် တဒက်ဒက် တဒိုင်းဒိုင်း (တစ်ဒက်ဒက် တစ်ဒိုင်းဒိုင်း မဟုတ်)့

ဒေါက်တာတင့်ဆွေ
၁၉-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ