Saturday, July 30, 2016

Cheer or Fear လက်ညှိုးများ

စာအုပ်သစ်တွေပုံကို အားကျစရာဖြစ်အောင်တင်ကြတာ တွေ့ရတယ်။ သွားရည်ကျရမလား၊ မျက်ရည်ကျရမလား၊ မပြောတတ်ပါ။

တိုင်းပြည်အပြင်မှာသာနေရတာကြာတော့ စာအုပ်သစ်တွေနဲ့ပါ ရှင်ကွဲကွဲရတယ်။ ပိုးဟပ်စားခံထားရတဲ့ မြန်မာ့စွယ်စုံကျမ်းတစုံနဲ့ ဘာသာရေးစာအုပ်နည်းနည်းလောက်သာ လက်ထဲမှာရှိတယ်။ မနေ့ကတင် အဖုံးအနှောင့် ကွာနေတဲ့စာအုပ်ကို လူနာကပ်တဲ့ပလာစတာနဲ့ ဆေးထည့်ပေးရသေးတယ်။

စာအုပ်သစ်တွေထဲမှာ၊ ခေတ်ဟောင်းက စာအုပ်ကောင်းတွေကို ပြန်ထုတ်ကြတာ တန်ဖိုးတော့ရှိပါရဲ့။ ဒါပေမယ့် သတ်ပုံသစ်တွေနဲ့ ရိုက်ကြတာတွေဆိုတော့ စာအုပ်လက်ဆောင်မပေးကြပါနဲ့လို့ ပြောပါရစေ။

တ ကို တစ်လုပ်တာအပါအဝင် သတ်ပုံသစ်တွေဖြစ်လာတာ ၁၉၈ဝ ကျော်ကနေစခဲ့ပါတယ်။ ဦးနေဝင်းကလို့ပြောတာ အပြည့်အစုံမမှန်ပါ။ သူကနေ တပြေးညီအောင်လုပ်ကြလို့သာ မိန့်မှာတယ်။ အဲတာ လက်ညှိုးတချောင်းသာရှိသေးတယ်။

အဲတာကို အဲဒီခေတ်က ပညာရှိတွေ ပညာရှင်တွေက ဖိန့်ဖိန့်တုံကြောက်ပြီးသကာလ တစ်တွေချည်းလုပ်လိုက်ကြတယ်။ အဲသည်အထိမှာ ဆိုးတာက လက်ညှိုး နှစ်ချောင်းသာရှိသေးတယ်။

(နအဖ) စစ်အစိုးရလက်ထက်မှာ တစ်မရေးရင် ထုတ်ဝေခွင့်မပေးတာက ပိုဆိုးသွားစေတယ်။ လက်ညှိုးသုံးချောင်း ဖြစ်သွားတယ်။ သတ်ပုံကျမ်းတွေ၊ အဘိဓာန်တွေကိုလည်း အကုန်ပြင်စေတယ်။ လက်ညှိုးလေးချောင်းမကဖြစ်သွားတယ်။

အာဏာရှင်နဲ့ အာဏာရှိသူဆိုရင် ပြားပြားဝပ်တဲ့အကျင့်နဲ့ ဝသီကစွဲနေကြတယ်။ အဲတာကြောင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) လို့ စစ်ထောက်လှမ်းရေးကနေ နာမည်ပေးအုပ်ချုပ်ခဲ့တာဖြစ်တယ်။ အခုထိ ပိပြားနေကြသေးတဲ့ ပညာရှင်တွေကို ခေါင်းထောင်ကြစေချင်ပါတယ်။

ဦးနေဝင်း သြဇာသီးကြိုက်တယ်ပြောသံကြားတာနဲ့ ပြည်ကနေအပြန်မှာ တီအီးကားတစီးစာ ပို့ပေးတယ်တဲ့။ ဦးနေဝင်းအလွန်လား သြဇာခံတွေအလွန်လား။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Celebrity in Green ဆယ်လီ သို့မဟုတ် လီဆယ်

လူမှုရေးစည်းကမ်းအရ လူတဦး ကွယ်လွန်သွားရင် မကောင်းတာ ထုတ်မပြောအပ်ပါ။ နိုင်ငံရေးစည်းကမ်းအရတော့ ပြောချင်တယ်။ ပို့စ်တခု တွေ့တယ်။ ၈၈ ပြီးတော့ ...