First Lady ရမည်းသင်းသူ

အခုပဲ ရမည်းသင်းကနေ သူ့ဇနီးနားအူနေတဲ့ရောဂါအကြောင်းမေးလို့ အမှတ်ရသွားတာရှိတယ်။ ရမည်းသင်းသူ ဒေါ်တင့်တင့်။ အိန္ဒိယနိုင်ငံသမတကြီး (ကေ၊ အာရ်၊ နာရာယန်း) ဇနီးဖြစ်ပါတယ်။ အခုတော့ နှစ်ယောက်လုံး ကွယ်လွန်သွားကြပါပြီ။ ဒီမိုကရေးရေးကြိုးပမ်းကြသူတွေကို စာနာမှုအပြည့်နဲ့ ကူညီခဲ့ကြသူတွေပါ။

အမေရိကန်ရွေးကောက်ပွဲသတင်းတွေက ပူလောင်နေပါတယ်။ မကြာခင်ကပြီးသွားတဲ့ ရီပတ်ကဘလီကင် နေရှယ် ကွန်ဗင်းရှင်းမှာ သမတလောင်း (ဒေါ်နယ်ထရမ့်) နဲ့အတူ သူ့မိသားစုဝင်တွေကိုပါ ပွဲထုတ်တယ်။ ရီပတ်ဘလီကင်တွေက မိသားစုတန်ဖိုးထားတာကိုလည်း ပြသချင်လို့ပါ။ ဘီလီယန်နာသူဌေးကြီးရဲ့ လက်ရှိဇနီးက (မလီနာ ထရမ့်) က ဆလိုဗေးနီးယားမှာမွေးတဲ့ မော်ဒယ်တယောက်ဖြစ်ပါတယ်။ သူ့မိန့်ခွန်းထဲမှာ (မစ်ရှယ် အိုဘားမား) ပြောခဲ့တဲ့မိန့်ခွန်းထဲက (လိုင်း) တချို့နဲ့တူနေလို့ မိန့်ခွန်းရေးပေးသူ (မာရီဒစ်သ် မက်အိုင်ဗာ) က တောင်းပန်လိုက်ရပါတယ်။

အိန္ဒိယသမတ (နာရာယန်း) ရဲ့ အရေးပါတဲ့မိန့်ခွန်းတွေကိုတော့ ဒေါ်တင့်တင့်ကနေ ရေးပါတာပါ။ ဒေါ်တင့်တင့်က ရန်ကုန်တက္ကသိုလ်ကနေ BA ဘွဲ့ရပြီး၊ မြန်မာစာဌာနမှာ ကျူတာလုပ်ခဲ့တယ်။ MA ရတယ်။ ရန်ကုန် အိန္ဒိယသံရုံးက (မစ္စတာ နာရာယန်း) နဲ့တွေ့ဆုံပြီး ၈-၆-၁၉၅၁ မှာ လက်ထပ်တယ်။ သူတို့လက်ထပ်တာကို တရားဝင်ဖြစ်ဖို့ ဝန်ကြီးချုပ် (နေရုး) ကနေ အထူးဥပဒေကို ချွင်းချက်လုပ်ပေးရတယ်။ (အူရှာ နာရာယန်း) နာမည်နဲ့ အိန္ဒိယနိုင်ငံသူဖြစ်လာတယ်။ MA ဘွဲ့ထပ်ရတယ်။ ဆိုရှယ်လုပ်ငန်းတွေမှာ တက်တက်ကြွကြွလုပ်တယ်။ (ကေ၊ အာရ်၊ နာရာယန်း) သမတဖြစ်လာတော့ သူ့ကို အိန္ဒိယရဲ့သားမက်တော်လို့ မီဒီယာကသုံးစွဲလေ့ရှိတယ်။

ဒေါ်တင်တင့်က ၁၉၉၈ မှာ သိန်းဖေမြင့်ရဲ့ဝတ္ထုတိုတွေကို Sweet and Sour နာမည်နဲ့ အင်္ဂလိပ်လိုဘာသာပြန်စာအုပ် ထုတ်ခဲ့တယ်။ ဒေါ်တင့်တင့် မကွယ်လွန်ခင်မှာ ဇရာသဘောအရ ကျန်းမာရေးခြူခြာ၊ စကားနည်းပြီး သိပ်မမှတ်မိတော့ဘူး။ သူ့သမီးတွေကနေ သူတို့အမေကို မြန်မာပြည်က အငွေ့အသက်လေးတွေ ပြန်ရစေချင်လို့ ကျွန်တော့်ဇနီးအပါအဝင် မြန်မာအမျိုးသမီးတွေကို သူတို့အိမ်ဖိတ်ပြီးခေါ်တွေ့ပေးတာ ၂-၃ ကြိမ်ရှိတယ်။ မြန်မာအမျိုးသမီးတွေတွေ့ရင် ဒေါ်တင့်တင့်ကပြုံးနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၃ နေရုး နိုင်ငံတကာနားလည်မှုဆုချီုးမြှင့်ရေး ဘုတ်အဖွဲ့မှာ ဒုသမတ (မစ္စတာ နာရာယန်း) က ဥက္ကဋ္ဌဖြစ်တယ်။ ဒေါ်စုအတွက်ဆုပေးပွဲ တရားဝင်ညစာစားပွဲကို ဖိတ်လို့တက်ရပါတယ်။ ဒေါ်စုကိုယ်စား ဆုလာယူတဲ့ ဒိုရာသန်းအေးကလွဲရင် မြန်မာပြည်ကဆိုလို့ ကျွန်တော်ပဲတက်ခွင့်ရပါတယ်။ ဒေါ်တင့်တင့်ဟာ အသက် ၈၆ နှစ်အရွယ် ၂၄-၁-၂ဝဝ၈ နေ့မှာ ကွယ်လွန်သွားတယ်။ ခရစ်ယန်ဘုရားကျောင်းတခုမှာကျင်းပတဲ့ တရားဝင်ဈာပနအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

ဗိုလ်ခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေးကနေထုတ်တဲ့ မြက်ခင်းသစ်မှာ ဒေါ်တင့်တင့်ကို ရစရာမရှိ မဟုတ်မဟပ်တွေ ရေးခဲ့ပါတယ်။ ဗီဇာလည်းပိတ်ခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး