Chindwin River ချင်းတွင်းမြစ်

ပို့စ်တခု = 31.7.2016 နံနက် 6:30 AM မုံရွာမြို့ချင်းတွင်းမြစ် ရေအမှတ် 1052 cm (ခန့်မှန်း)

ချင်းတွင်းမြစ်ဟာ ၇၅ဝ မိုင် (၁၂ဝ၇ ကီလိုမီတာ) ရှည်တယ်။ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထဲကို ဖြတ်ပြီးစီးဆင်းတယ်။ အိန္ဒိယ-မြန်မာနယ်စပ် ပတ်ကွိုင်တောင်တန်းနဲ့ ကူးမွန်တောင်တန်းတွေကနေမြစ်ဖျားခံတယ်။ ဟူးကောင်းချိုမ့်ဝှမ်း တနိုင်း၊ တဗြဲ၊ တဝမ်၊ တရွန်မြစ်တွေ 26°26′18″N 96°33′32″E လောက်မှာ ပေါင်းဆုံပြီး ချင်းတွင်းဖြစ်လာတယ်။ တနိုင်းမြစ်က ဟူးကောင်းချိုင့်ဝှမ်းဒေသက တရွန်မြစ်ဝှမ်းကထွက်လာပြီး၊ မတ်စောက်တဲ့ရေလမ်းမှာ ရေစီးကြမ်းတယ်။ ဥရုချောင်းဟာ ချင်းတွင်းမြစ်ရဲ့ အကြီးဆုံးရေဝေဖြစ်ပြီး ဟုမ္မလင်းမြို့ အောက်ဖက်နားမှာ ချင်းတွင်းမြစ်ထဲစီးဝင်တယ်။ ယုမြစ်ဟာ ကဘော်ချိုမ့်ဝှမ်းကိုဖြတ်သန်းပြီး၊ ချင်းတွင်းမြစ်အတွင်း စီးဝင်တယ်။ မြစ်သာမြစ်က ကလေးချိုမ့်ဝှမ်းကိုဖြတ်ပြီး၊ ကလေးဝမြို့ အနီးမှာ ချင်းတွင်းမြစ်နဲ့ ပေါင်းဆုံတယ်။ ချင်းတွင်းမြစ်ဟာ ပခုက္ကူမြို့အထက်နား 21°30′N 95°15′E မှာ ဧရာဝတီမြစ်နဲ့ ပေါင်းဆုံတယ်။ မဏိပူရပြည်နယ်မှာ ချင်းတွင်းကို (နိုင်းထိ) မြစ်လို့ ခေါ်တယ်။

ထမံသီဘေးမဲ့တောနဲ့ ဟူးကောင်းချိုင့်ဝှမ်း ကျားဘေးမဲ့တောတွေကို ချင်းတွင်းမြစ် ဖြတ်သန်းစီးဆင်းပါတယ်။ အဲဒီမှာ ရှားပါး ပျောက်ကွယ်တော့မယ့် တိရစ္ဆာန်မျိုးစိတ်တွေဖြစ်တဲ့ ကျား၊ ဆင်နဲ့ မြန်မာနိုင်ငံမှာသာရှိတဲ့ အခွံမာလိပ်မျိုးတွေနေထိုင်တယ်။ ဧရိယာစတုရန်းမိုင် ၂၁၈ဝဝ ရှိလို့ အရှေ့တောင်အာရှမှာအကြီးဆုံး ဖြစ်တယ်။

ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် မြို့ရွာတွေကတော့ ခန္တီး၊ ကောင်းဟိန်၊ မင်းစင်၊ နမ်ပုဂံ၊ ထမံသီ၊ တာစုံ၊ မောင်းခမ်း၊ ကောရာ၊ ဟုမ္မလင်း၊ ဖေါင်းပြင်၊ စစ်တောင်း၊ တငါ၊ မော်လိုက်၊ ကဒူး၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာ၊ မအူ၊ နဲ့ ရေစကြိုမြို့တွေ ဖြစ်ကြတယ်။ ဥရုမြစ်ညာမှာ နာမည်ကျော် မြန်မာ့ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသရှိတယ်။ ယုမြစ်က တငါ အောက်၊ မော်လိုက် အထက်၊ ဒေသအခေါ်ယူးချောင်းဝ/ယူးဝဆိုပြီးမော်လိုက်နယ်ထဲရှိပါတယ်။

သမိုင်းထဲက ချင်းတွင်း
ကဘော်ချို့ဝှမ်းမှာ စစ်ပွဲတွေဖြစ်ခဲ့တယ်။ မြန်မာမင်းတွေဟာ ချင်းတွင်းမြစ်ကို အသုံးပြုမှုနည်းပါးခဲ့ပေမယ့် မဏိပူရကသည်းတွေ ညောင်ရမ်းခေတ်ရဲ့ နောက်ဆုံးကာလမှာ မြန်မာနိုင်ငံထဲကို ကျူးကျော်ဝင်ရောက်တော့ ချင်းတွင်းမြစ်ကို အသုံးချခဲ့ကြတယ်။ ကသည်း ခေါ် မဏိပူဘုရင် (ဂါရီဘန်နီဝါ့ခ်ျ) (၁၇ဝ၉-၁၇၄၈) က ချင်းတွင်းနဲ့ မူးမြစ်ကိုဖြတ်ပြီး အင်းဝနဲ့မဝေးတော့တဲ့ မြေဒူးအထိရောက်ခဲ့တယ်။ အလောင်းဘုရားတက်လာတော့ ကသည်းနယ်၊ အာသန်နယ်တွေကိုသိမ်းယူခဲ့တယ်။ ဗြိတိသျှပိုင်နယ်နဲ့ ကပ်နေပြီ။

ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်တွေက ရေလမ်းတွေအားလုံးကိုပိတ်ဆို့ထားနိုင်လို့ ဗြိတိသျှနဲ့ မဟာမိတ်တွေဟာ ကုန်းလမ်းကိုသာ အားကိုးကြရတယ်။ ဗိုလ်ချုပ်ကြီး ဂျိုးဇက် စတီးဝဲလ် ဦးစီးပြီးဖေါက်လုပ်တဲ့ လီဒိုလမ်းမကြီးကနေ တရုပ်ကို ကူညီရတယ်။ ဂျပန်တပ်တွေကလည်း ဗြိတိသျှပိုင် အိန္ဒိယကိုချီတက်ရာမှာနဲ့၊ မဟာမိတ်တပ်တွေ ဂျပန်နောက်က လိုက်တိုက်တာနဲ့ မြန်မာနိုင်ငံထဲ ပြန်ဝင်လာရာမှာ ချင်းတွင်းမြစ်ကိုပဲ အသုံးပြုခဲ့ကြတယ်။ ချင်းတွင်းမြစ်ရေကြီးချိန် မိုးကာလကို ဗိုလ်ချုပ်စတီးဝဲလ်က ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။

ခမည်းတော် အဘိရာဇာနတ်ရွာစံတဲ့အခါ ကံရာဇာကြီးနဲ ကံရာဇာငယ် ညီအကိုနှစ်ပါး နန်ဆက်ခံဘို့အရေး ကံစမ်းကြတော့ ကံရာဇာကြီးကရှုံးတယ်။ အဲတာနဲ့ သလ္လာဝတီမြစ်ကိုဆန်တက်ပြီး ကလေးတောင်ညိုအရပ်မှာ ရာဇဂြိုလ်မြို့တည်တယ်။ ၆ လကြာတော့ ကစ္ဆပနဒီမြစ်အရှေ့ဖက်ပြောင်းပြီး ကျောက်ပန်းတောင်းမြို့တည်တယ်။ အဲဒီမှာ ၇၄ နှစ်နန်းစံတယ်။ နောက် ရှေးမာလာယုမင်းတွေတည်ထောင်ထားတဲ့ ဓညဝတီမြို့ဟောင်းကို သိမ်းယူပြီးပြင်ဆင်တယ်။ ကံရာဇာကြီးရဲ့သားတော် မုဒုစိတ္တဟာ သုနာပန္တရတိုင်းက ပျူ၊ ကမ်းယံ၊ သက်လူမျိုးတွေက မင်းလောင်းတောင်းတဲ့အခါ ပျူမင်းဖြစ်လာတယ်။ (မြန်မာ့စွယ်စုံကျမ်း၊ အတွဲ။ စာမျက်နှာ (၄၅၇)

အရင်က မော်လိုက်ကို အထက်ချင်းတွင်းခရိုင်နဲ့ မုံရွာကို အောက်ချင်းတွင်းခရိုင်လို့ သတ်မှတ်ခဲ့ပါတယ်။ ချင်းတွင်းမြစ် အနောက်ဖက်ကလူတွေကို အနောက်ဖက်သားတွေလို့ အလွယ်ခေါ်ကြတယ်။ ကျွန်တော် မုံရွာဆေးရုံမှာ တာဝန်ကျစဉ်က အလှည့်ကျသွားရတဲ့ ကနီဆေးရုံကို ချင်းတွင်းမြစ်သွားသင်္ဘောနဲ့ ခရီးသွားခဲ့ရတာကို မမေ့ပါ။ သင်္ဘောပေါ်မှာ ထမင်းတနပ် စားရတယ်။ ချင်းတွင်းမြစ်ကို သလ္လာဝတီမြစ်လို့လည်းခေါ်တယ်။ မြား၏အဟုန်ကဲ့သို့ရေစီးသန်တယ်လို့ ဆိုလိုတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး