US Election ကျွန်တော်တို့နဲ့ ဘယ်လိုကွာခြားသလဲ

RFA နဲ့ အမေး-အဖြေလုပ်ရပါတယ်။ အမေရိကန်ရွေးကောက်ပွဲအကြောင်း။ ဗဟုသုတရယ်လို့မဟုတ်ပါ။ ကျွန်တော်တို့ တိုင်းပြည်အတွက် ဘယ်လို ဆောင်ရန်-ရှောင်ရန်တွေရှိသလည်း။

ယူအက်စ်အေနဲ့ မြန်မာပြည်ကို နှိုင်းပြောရတာတိုင်းမှာ ဟို့း့ ထိပ်ဆုံးနဲ့ ဒီ့ အောက်ဆုံးချည်းတော့ မဟုတ်ပါ။ ကျွန်တော်တို့က သာတာလည်းရှိပါတယ်။ အဲတာ မျိုးချစ်စိတ်တို့ အမျိုးဘာသာစိတ်တို့နဲ့တော့ လုံးလုံးမဆိုင်ပါ။

သူတို့ဆီမှာ အနှစ် ၂ဝဝ ကျော်ပြီ။ ကျွန်တော်တို့ဆီမှာက လွတ်လွတ်လပ်လပ်မဲပေးရတာ လွတ်လပ်ရေး မရခင်ကနေ ၁၉၆၂ အထိနဲ့ ဒိနောက်မှာ (၁) ခါခွဲသာရှိသေးတယ်။

သူတို့ဆီမှာ ပါတီကိုကြည့်မဲပေးတယ်။ သမတလောင်းကိုကြည့်မဲပေးတယ်။ ကျွန်တော်တို့ဆီမှာ ၂ဝ၁၅ ရောက်တော့ ပါတီကြည့်မဲပေးပါလို့ ပြောတယ်။

သူတို့ဆီမှာ မီဒီယာနဲ့ လွတ်လပ်မှုက အပြည့်။ ကျွန်တော်တို့ဆီမှာ ဘက်လိုက်မှုက အပြည့်။ ရီပတ်ဘလီကင် သမတလောင်းဇနီးပြောတဲ့မိန့်ခွန်းထဲမှာ ဟိုအရင် မစ်ရှဲအိုဘားမားပြောခဲ့တဲ့ လိုင်းတွေပါနေလို့ မိန်းခွန်းရေးပေးသူက လူသိရှင်ကြားတောင်းပန်ရတယ်။ ကျွန်တော်ဆို့ဆီမှာ မပြောတာကို ပြောပါတယ်လို့လုပ်နေကြတာက တနာရီတခါ၊ အယောက်ပေါင်းများစွာ။

သူတို့ဆီမှာ မဲပေးသူအရေအတွက် အားရစရာမကောင်းပါ။ ကျွန်တော်တို့ဆီမှာက လက်ချောင်းမှာ မင်မပါသူဟာ စည်းအပြင်ဖက်ကလူ။ သူတို့ဆီမှာ အစိုးရကို သိပ်အားမထားကြပါ။ ကျွန်တော်တို့ဆီမှာ ဆယ်အိမ်ခေါင်းကအစ စိတ်ဝင်စားကြတယ်။ စကားလည်းများကြတယ်။ ညစ်ပတ်တာလည်းလုပ်ကြတယ်။ ဆောရီး။

သူတို့ဆီမှာ ပါတီတိုင်းမှာ စံတွေ၊ တန်ဖိုးထားမှုတွေရှိထားပြီးသား။ ရီပတ်ဘလီကင်ပါတီရဲ့စံတွေမှာ မိသားစုတန်ဖိုး၊ ဘာသာရေးတန်ဖိုး၊ အစဉ်အလာကိုတန်ဖိုးထားတာတွေ။ သေနတ်ကိုင်ခွင့်လည်းပါတယ်။ ဒီမိုကရက်တွေက ပွင့်လင်း လွတ်လပ်မှုကို တန်ဖိုးထားတယ်။ ကိုယ်ဝန်ဖျက်ချခွင့်ပြုတယ်။ လိင်တူ သဘောတူတယ်။

ကျွန်တော်တို့ဆီမှာ ဒီမိုကရေစီနဲ့ အာဏာရှင်။ အပြောင်းအလဲနဲ့ အစဉ်အလာစိုးမိုးမှု။ သေနတ်ခုခံခွင့်နဲ့ သေနတ်ကိုင်ခွင့်။

သူတို့ဆီမှာက ဒန်းကီး နဲ့ အဲလီးဖင့်၊ မြည်း နဲ့ ဆင်။ ကျွန်တော်တို့ဆီမှာ ခြင်္သေ့နဲ့ အကောင်စုံ။

ဒေါက်တာတင့်ဆွေ
၂၁-၇-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး