Water everywhere ရေကြီးတဲ့နှစ်

(မနှစ်က ဒီနေ့မှာရေးတဲ့စာ)

မာနယ်ပလောကိုသွားရတဲ့ ဒုတိယအခေါက်က မုတ်သုန်ကာလမှာ မြစ်ရေတွေကြီးတဲ့အချိန်ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ဒေလီကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်ကို လေယာဉ်နဲ့သွားပြီး၊ မဲဆောက်ရောက်အောင် ကားစီးရတယ်။ အဲသည်နှစ်က မဲဆောက်မှာ ရေကြီးနေတယ်။ (မဲဆရီးယန်း) ကိုဆက်သွားတဲ့ ပုံမှန်ကားလမ်းက ပိတ်ထားတယ်။ သောင်ရင်းမြစ်နဲ့ အပြိုင်ဖေါက်ထားတဲ့ ကားလမ်းလေးတခုရှိတယ်။ (ကေအင်ယူ) ထဲက တာဝန်ရှိသူတယောက်နဲ့ ကားကြုံလိုက်ရလို့ ခုထိ ကျေးဇူးတင်နေတုံးပဲ။

ဒလဝေါစီးနေတဲ့ သောင်ရင်းမြစ်ဘေးကနေ ခက်ခက်ခဲခဲကားမောင်းရတာကို မှတ်မိနေတယ်။ မဲဆရီးယန်းကနေ ရေကြီးနေတဲ့ သောင်းရင်းမြစ်မှာ စက်လှေနဲ့ သွားရတာလည်း သက်စွန့်ဆံဖျားပဲ။ မြန်မာပြည်မြေပေါ်ကို ပြန်ခြေချနိုင်တဲ့ စိတ်လှုတ်ရှားမှုထပ်ဖြစ်ပါတယ်။ အော် ဒါတို့ပြေ၊ ဒါတို့မြေ တို့မပိုင်တဲ့မြေ။

မာနယ်ပလောကတော့ တဝေါဝေါရွာနေတဲ့မိုးနဲ့အတူ ခရီးဝေးကလာတဲ့သူကို ကြိုဆိုတယ်။ အဝေးရောက်အစိုးရရုံးမှာ ပြည်ပြေး ၁၉၉ဝ အမတ်တွေနဲ့ ကြမ်းတပြေးတည်း အိပ်ကြရတယ်။ မျှစ်စိမ်းဟင်းက ထမင်းမြိန်လှတယ်။ NCGUB ရုံး ခေါင်းရင်းက ဗုံးခိုကျင်းလည်း ရေနစ်နေတယ်။

နှစ်ပေါင်း ၂ဝ ကျော်ကြာတဲ့အခါ မြန်မာပြည်ကြီးပါ ရေနစ်နေတယ်။ မာနယ်ပလောမှာလွှင့်ထားခဲ့တဲ့ NCGUB အလံကတော့ နေပြည်တော်မှာ လွှင့်ထားပါတယ်။

ဓါတ်ပုံ = ၂ဝဝဝ ပြည့်နှစ်က အိုင်ယာလန်နိုင်ငံ၊ ဒပ်ဗလင်မြို့တော်မှာ NCGUB ကက်ဘိနက်သစ် အလံကိုင်ပြီး ကျမ်းသစ္စာကျိန်ဆိုကြစဉ်က။ ဦးတက်ဒီဘူးရီ၊ ဦးဘိုလှတင့်။ ဦးသိန်းဦး၊ ဦးမောင်မောင်အေး၊ ဒေါက်တာတင့်ဆွေ၊ ဒေါက်တာစိန်ဝင်း၊ ဦးမြဝင်း၊ ဒေါက်တာစန်းအောင်၊ ဦးသာနိုး၊ ဦးခွန်မာကိုဘန်း။

ဒေါက်တာတင့်ဆွေ
၃၁-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ