Enforced Practice အလေ့အကျင့်ကို ရိုက်သွင်းခြင်း
(လွန်ခဲ့တဲ့ ၂ နှစ်တိတိကစာ)
လက်အုပ်ချီတယ်လို့ပြောရင် ကန်တော့တာလို့ နားလည်ကြမယ်။ ကိုယ့်ထက် အသက်အရွယ်၊ ဂုဏ်ကြီးတဲ့သူကို အရိုအသေပေးတာ၊ ပူဇော်တာ၊ ကန်တော့တာဖြစ်နိုင်တယ်။ လက်အနေအထား၊ လူကိုယ်ဟန်ပါ ခြားနားနိုင်တယ်။ Saluting ဂါရဝပြုတာ၊ Greeting နှုတ်ဆက်တာ၊ Prostration ကန်တော့တာတွေက မတူကြပါ။ မြန်မာနိုင်ငံသား အများစု နားလည်ထားတာက ဗုဒ္ဓဘာသာထုံးစံဖြစ်တဲ့ အရိုအသေပေးသူက ကြမ်းပြင်မှာထိုင်ချပြီးမှ လက်အုပ်ချီရတယ်။ ထိခြင်းငါးပါနဲ့ပြည့်စုံမှသာ စနစ်ကျတယ်လို့ သတ်မှတ်ထားတယ်။
ထိုင်းနိုင်ငံကလဲ ထေရဝါဗုဒ္ဓဘာသာပေမဲ့ မတ်တတ်ရပ်နေရင်း လက်အုပ်ချီကြတယ်။ မဟာယာနတိဘက်တွေ ဘုရားရှေ့ဝတ်ပြုတာက တရားထိုင်နည်း (ကျင့်နည်း) တခုအနေနဲ့ ဝမ်းလျားမှောက် ဒိုက်ထိုးသလိုလုပ်ရတယ်။ လက်နှစ်ဖက်ကို ခေါင်းပေါ်အထိမြှောက်ပြီး လက်အုပ်ချီ၊ လူကိုယ်က ကြမ်းပေါ်မှာမှောက်ချရတယ်။ တိဘက်လားမားတွေ မတ်တတ်ရပ်ရင်း လက်အုပ်ချီတာကတော့ အိန္ဒိယယဉ်ကျေးမှုအရလုပ်တဲ့သဘောဖြစ်တယ်။
လက်နှစ်ဖက်ကို တခုနဲ့တခုဆုပ်ကိုင် ရင်မှာအပ်၊ ခေါင်းကိုငုံပြီး၊ အပြန်အလှန်လုပ်နည်းက တရုပ်ရှေးယဉ်ကျေးမှုတခု ဖြစ်ပါတယ်။ အပြန်အလှန် လေးစားသမှုနဲ့ ဂါရဝပြုတာဖြစ်တယ်။ Zhou Dynasty ဇောင်မျိုးဆက်မှာ စခဲ့တယ်။ Rites of Zhou နည်းနာတွေမှာ အဆင့်အတန်းအရ မတူတာတွေရှိတယ်။ ခရစ်ယန် Bible ဘိုင်ဘယ်မှာ လက်အုပ်ချီရမယ်လို့ မပါဘူးဆိုပြီး ထောက်ပြတာရှိတယ်။ God ဘုရားသခင်ကို အရိုအသေပေးနည်းတွေတော့ အမျိုးမျိုးကျင့်သုံးနေကြပါတယ်။
လက်အုပ်ချီတာကို ဘာသာရေးအရ၊ ယဉ်ကျေးမှုအပြင် အိန္ဒိယအဖြစ်အပျက်တခုအရ စည်းကမ်းဖြစ်နေပြန်တယ်။ ၂ဝ၁၃ အောက်တိုဘာလထဲမှာ ဘယ်ဘာသာမှမကိုးကွယ်သူ အင်္ဂလိပ်စာဆရာတဦးဟာ သူ့လစာတိုးတာကို အဖြတ်ခံရလို့ ကျောင်းကိုတရားမစွဲခင်မှာ လက်အုပ်ချီ နှုတ်ဆက်တာကို မလုပ်ဘဲဆန္ဒပြခဲ့တယ်။ ကျောင်းက ဒါဟာ စည်းကမ်းဖေါက်တာလို့ မြင်ခံရတယ်။ အိန္ဒိယမှာက အဲလိုလုပ်တာကို Namaste နာမာစတေးလုပ်တယ်လို့ခေါ်တယ်။ Namaskar နာမာစကားလို့လဲ မူကွဲရှိတယ်။ Greeting နှုတ်ဆက်နည်းတခုပါ။ nama = bow နဲ့ te = you ဆိုတဲ့ Sanskrit ဆန်းစ်ခရစ်၊ သက္ကတစကားလုံး ၂ ခု ပေါင်းထားတာ ဖြစ်တယ်။
လက်ဝါးဖြန့်ထာ၊ ပူးကပ်ထာတဲ့လက်က နှလုံးနေရာမှာ ကပ်ထားရတယ်။ I am glad to meet you and I am saying this from heart သင့်ကိုတွေ့ရတာ ဝမ်းသာပါတယ်။ ဒီလိုပြောတာက ကျွန်ုပ်ရဲ့နှလုံးကနေပါလို့ ဆိုလိုတယ်။ လူကြီးသူမကို အရိုအသေပေးရာမှာလဲ သုံးတယ်။ Humility ရဲ့ သင်္ကေတလို့လဲ ဆိုပါတယ်။ လူသားဆန်တယ်။ ရိုသေသမှုနဲ့ဆိုရင် ကြီးတဲ့သူရဲ့ ခြေထောက်ကိုလာထိရတယ်။ ဒါကြောင့် ဒီလိုလုပ်နည်းဟာ ဘာသာရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ စည်းကမ်းတွေအရ မူကွဲကြတယ်။
မြန်မာပြည်မှာ လူလူချင်း (ဘုန်းကြီးရဟန်းမဟုတ်ဘဲ) မတ်တတ်ရပ်ရာကနေ လက်အုပ်ချီရတာကို ယဉ်ကျေးမှုလို့ပြောရင် မမှန်ပါ။ ဓလေ့ထုံးစံလဲ အရင်ကမရှိခဲ့ပါ။ ဘာသာရေးအရဆိုလဲ ထိခြင်းတွေကင်းလွတ်နေတယ်။ စစ်အစိုးရတက်တော့မှ လုပ်လာတာဖြစ်တယ်။ တိတိကျကျပြောရရင် အတင်းရိုက်သွင်းပေးထားတဲ့ ဥပဒေကဲ့သို့ အာဏာတည်သောစနစ်တခုသာ ဖြစ်ပါတယ်။ သင်နဲ့ကျွန်ုပ် အတူတူပါဘဲလို့ သဘောဆောင်တယ်။ အသင်သည်၊ အရှင်သည်၊ ဗိုလ်ချုပ်မှူးကြီးသည် ကျွန်ုပ်ထက် မြတ်ပါပေ၏လို့ မဆိုလိုပါ။
(ယူနီဖေါင်းဝတ်ထားသူတွေကို အစိုးရဝန်ထမ်းတွေ၊ ဆရာဆရာမတွေ၊ ကျောင်းသားတွေက လက်အုပ်ချီနေကြရတဲ့ပုံကို ကျေးဇူးပြုပြီး ကွန်မင့်မှာလာမတင်ပါနဲ့ခင်ဗျား။)
ဒေါက်တာတင့်ဆွေ
၃၁-၇-၂ဝ၁၄

Comments
Post a Comment