Amor အရေးပေါ် မယဉ်ကျေးမှု

ဒီစာကို ကန်တော့ပါနဲ့ စပါမယ်။ အရင်ရေးထားတာက Ecee-2 အီးဇီးတူး မယဉ်ကျေးမှုဖြစ်ပါတယ်။ ဒီအကြောင်း မေးခွန်းတွေက များတယ်။ နောက်ဆုံးရမေးခွန်းသာ ထည့်ပါမယ်။

ဆရာခင်ဗျ ကျွန်တော့ အသက်က၂၅ပါ ခင်ဗျ ဒီဆေးအကြောင်းလေးကိုသိချင်ပါတယ်ခင်ဗျ အရေးပေါ်တားဆေးပါပဲ အသစ်ထွက်တာလို့ပြောပါတယ်။့

ပို့ပေးတဲ့ AMOR ဆေးဗူးမှာ ဆေးအလေးချိန်မတွေ့ပါ။ မြန်မာပြည်မှာသုံးနေတဲ့ အရေးပေါ်ကိုယ်ဝန်တားဆေးဆိုတာ Ecee 2 ဖြစ်တယ်လို့ နေ့တိုင်းလာတဲ့ မေးခွန်းတွေအရ သိရပါတယ်။ Levonorgestrel 1.5 mg တလုံး တကြိမ်တည်း၊ ဒါမှမဟုတ် 750 μg စီနှစ်ခါခွဲပြီး၊ ၁၂ နာရီတခါ သောက်ရတယ်။ အတူနေပြီး ၇၂ နာရီအတွင်းသောက်ရင် စိတ်အချရဆုံးဖြစ်တယ်။ WHO အဆိုအရ နာရီ ၁၂ဝ အထိလည်းရတယ်။ % ပြည့်တော့မဟုတ်ပါ။

Plan B, Emergency contraception (EC), Emergency contraceptive pills (ECPs), Morning-after pill, Day after pills လို့နာမည်အမျိုးမျိုးနဲ့လာတာတွေလည်းရှိတယ်။ မြန်မာပြည်မှာ ဝယ်ရတယ်လို့သိရတဲ့ Postinor ဆိုတာက Postinor-2, Postinor Duo နာမယ်တွေနဲ့ တချို့နိုင်ငံတွေမှာရှိတယ်။ ဆေးတွေက ခပ်ဆင်ဆင်တွေပါ။ ဆေးတကပ်မှာ ၂ လုံးပါတယ်။

သူများတိုင်းပြည်တွေမှာ မေးလေ့မရှိတဲ့မေးခွန်းတွေပါ ကျွန်တော်ကရတယ်။ တခါသောက်ပြီး နောက်ဘယ်နှစ်နာရီအတွင်း အတူနေရင် ထပ်သောက်ဖို့ လို မလိုမေးတယ်။ ခဏခဏသောက်ရင် ဘာဖြစ်မလဲ။ သူများတိုင်းပြည်တွေမှာ ခဏခဏ မသောက်ကြလို့ ဆေးသုတေသနမလုပ်ကြပါ။ မြန်မာပြည်မှာ သုတေသနလုပ်ရင် မပြောကြလို့ခက်တယ်။ ဒါပေမယ့် ကျွန်တော့်ဆီလာတဲ့ မေးခွန်းတွေက အရေအတွက်အတော်ကိုများတယ်။ အချိန်မရလို့သာ မလုပ်နိုင်တာပါ။ အရေးပေါ်ကို ပဲလှော်လို သဘေားထားသူလို့ ငေါ့မိပါသေးတယ်။

သေချာတာက အရေးပေါ်ကိုယ်ဝန်တားဆေးသောက်ရင် ဟော်မုန်းတွေပြောင်းမယ်။ ရာသီပြောင်းမယ်။ တခါသောက် တခါ ပြောင်းမယ်။ ရေရှည် ဘာဖြစ်မလည်း မပြောနိုင်ပါ။ နောင်မှာ ကလေးမရလည်း မဖြစ်လောက်ပါ။ အခွင့်အလမ်းတော့ နည်းနိုင်တယ်။ ကင်ဆာမဖြစ်လောက်ပါ။ ကလေးမရသေးလို့ အရင်အဲတာတွေသုံးလို့လားဆရာလို့ မေးလာသူ ၄-၅ ယောက်ရှိနေပြီ။

အဲလိုဆေးသုံးကြသူတွေမှာ သတိထားစရာတွေရှိတယ်။ လိင်ကတဆင့်ကူးစက်ရာဂါရတာ များကြတယ်။ ပွင့်လင်းမှုနည်းကြပြီး၊ အသက်ကငယ်ကြသေးတော့ ကျန်းမာရေးအသိကို သိပ်ဂရုမစိုက်ချင်ကြသေးပါ။ အဖေါ်ကို သတ်သတ်မှတ်မထားသူတွေ၊ အဖေါ်တယောက်မက ထားသူတွေလည်း မနည်းပါ။ ကျွန်တော်က မေးခွန်းမေးသူ အစုံဆီကရလို့ သိတာပါ။ ဆေးအတုကြောင့်နဲ့ ဆေးသောက်နည်းမမှန်လို့ ကိုယ်ဝန်ရသွားလို့ မေးလာတာတွေလည်း ရှိတယ်။ အိမ်ထောင်ကျပြီးသူတွေ တနေရာစီနေရလို့ အရေးပေါ်တားဆေးသုံးတာ မနည်းလှပါ။ အဲဒီနည်းကို မသုံးသင့်ကြပါ။ ဟန်းနီးမွန်းဆီးအောင့်ခြင်းရောဂါက အဲလိုမိန်းကလေးတွေမှာပါဖြစ်တယ်။

အဲလိုဆေးမျိုးကို အတက်ရပ်ဆေး၊ တီဘီဆေးနဲ့ HIV ဆေးတွေနဲ့ တွဲမသောက်သင့်ပါ။ သွေးကြောထုံးရောဂါရှိနေသူ၊ သွေးမခဲပြဿနာရှိနေသူတွေလည်း မသင့်ပါ။ ကိုယ်ဝန်ရှိနေသူနဲ့ ကိုယ်ဝန်ဆောင်ဘို့စိတ်ကူးရှိသူတွေလည်း မသင့်ပါ။

ဒေါက်တာတင့်ဆွေ
၂၁-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး