Giant-cell tumor of the bone (GCTOB) ကင်ဆာနဲ့တူတဲ့ အရိုး (ကျူးမား)

18/7/2016 4:11AM
ဆရာ မင်္ဂလာပါရှင်။ ကျွန်မသမီးရဲ့အသက်ကတော့ အခုဆို ၂၈နစ်ပြည့်ခါနီးပါပြီ။ ရောဂါကိုတော့ ဆရာဝန်တွေက Giant cell tumour osteosarcoma (T12-L1) လို့ သတ်မှတ်ထားပါတယ်။ စဖြစ်တဲ့အချိန်ကတော့ 2013 အောက်တိုဘာကပါ။ ကီမိုလည်းသွင်း ဓာတ်ရောင်ခြည်လည်းပေးပြီးပါပြီ။ အခုနောက်ဆုံး PET/CT ရိုက်ပါတယ်။ အကျိတ်က ကြီးလည်းမကြီး လာဘူး။ အခြားနေရာတွေလည်း မရောက်နေပါဘူး။ ကင်ဆာဆရာဝန်ကြီးကတော့ ဘာမှဆက်မလုပ်တော့ပါဘူး။ ခဏ နားထားမယ်လို့ပဲပြောပါတယ်။ အခုသမီးက ခါးတွေတောင့်လာတယ်။ ပေါင်လုံးတွေ နည်းနည်းတင်လာတယ်လို့ ဆိုပါတယ်။ ကျွန်မတို့ ဘာဆက်လုပ်သင့်သလဲဆိုတာ အကြံပြုပြောပြပေးပါလားဆရာ။

Fri, Aug 12, 2011 at 6:40 PM
ကျွန်မ၏ ဝမ်းကွဲညီမ ဖြစ်သူမှာ ချော်လဲရာမှ တင်ပါးဆုံမှ နာသည်ဆိုကာ ဆေးခန်းပြခဲ့ပါသည်။ ပထမဆုံးဆရာဝန်မှ ဆေးထိုးပေးခဲ့ရာ အနည်းငယ် သက်သာသယောင်ရှိရာမှ မသက်သာပြန်သဖြင့် ဒုတိယဆရာဝန်မှ စားဆေးများဖြင့် ကုပြန်ပါသည်။ နောက်ဆုံး မခံမရပ်နိုင်နှင့် ယခု လက်ရှိကုသနေသော ဆရာဝန်ဆီအရောက် MRI ဖြင့် စစ်ဆေးစေကာ ခွဲစိတ်ကုသခဲ့ပါသည်။ အကြိမ်ကြိမ် ခွဲစိတ်ခဲ့ရပါသည်။ ထိုစစ်ဆေးချက်ကို ယူဆောင်ကာ အခြားအရိုးဆရာဝန်အား ဘာရောဂါလည်းမေးရာ ကင်ဆာပိုးလုံးဝမရှိဟု ပြောပါသည်။ ယခု ကုသနေသောဆရာဝန်မှ အရိုးကင်ဆာဟုပင် ပေါ်တင်ပြောခဲ့ပါသည်။ Gient cell tumor ဟုတော့ ရေးထားပါသည်။ မိသားစုမှာ အလွန်စိတ်ဆင်းရဲရပါသည်။ ဘာရောဂါ ဆိုတာပင် ယခုထိသေချာမသိပါ။ ယခုနောက်ဆုံးအကြိမ် ခွဲစိတ်အပြီး တော်တော်သက်သာသည်ဟုပြောပါသည်။ ၇ဝ% လောက်သာ အောင်မြင်ပြီး ကျန်သေးသည်ကို ဆေးသောက်ရင်းကုရမည်ဟုပြောပါသည်။ ယခုလည်း မကြာမကြာ ကိုက်ခဲနေပြန်ပါသည်။ ဘယ်လိုဆက်ကုသရမည်၊ ဘယ်လိုစိတ်ထားနှင့် နေရမည်ကို လေးစားစွာမေးမြန်းအပ်ပါသည်။

Giant-cell tumor (ဂျိုင်းယင့်-ဆဲလ်-ကျူးမား) က ရှားတယ်။ (ကျူးမား) ဆိုတဲ့ ရောဂါဗေဒ အသုံးအနှုန်းဟာ အလုံး-အကျိတ် မှန်သမျှကို ခေါ်တယ်။ (၁) Benign tumor ကင်ဆာ-မဟုတ်တာနဲ့ (၂) Malignant tumor ကင်ဆာ ဖြစ်တာ ဆိုပြီး အုပ်စု ၂ ခု ခွဲတယ်။

အရိုး (ကျူးမား) တွေထဲမှာ Giant-cell tumor က ၄-၅% သာရှိတယ်။ Primary ဆိုတဲ့ (ကျူးမား) ဟာ အရိုးက စဖြစ်တာတွေကိုသာ တွက်တာပါ။ တခြားနေရာမှာ ကင်ဆာ ဖြစ်လို့ အရိုးကို ကူးစက်လာတဲ့ Secondary တွေမပါဘဲ တွက်တာပါ။ အရိုးကင်ဆာမဟုတ်တာထဲမှာ ၂ဝ% ရှိတယ်။

ဒီရောဂါက အာရှမှာ ပိုအဖြစ်များတယ်။ သူများဆီမှာ ၄-၅% ရှိပေမဲ့ တရုပ်ပြည်မှာ ၂ဝ% အထိရှိတယ်။ အမျိုးသမီးတွေက နဲနဲ ပိုဖြစ်တယ်။ အသက် ၃ဝ-၄ဝ နှစ်ကြားများတယ်။ ဗမာပြည်မှာတော့ စာရင်းဇယား ရှာမရသေးဘူး။ (ဒုတိယမေးတဲ့သူရဲ့ ညီမအသက်ကို ထည့်မရေးပါ။)

Benign ဆိုတာ အန္ကရာယ်မရှိဘူး ဆိုတဲ့သဘော သက်ရောက်တယ်။ ဒီရောဂါမှာ တခုရှိတာက ပြောမရဘူး၊ အမှန်းရ ခက်တယ်။ Malignancy ခေါ်တဲ့ (ကင်ဆာ) ဖြစ်တာ မများပါ။ ဖြစ်ရင်လဲ ၅% က အဆုပ်ကို ပြန့်တယ်။ ၁-၃% က Malignant sarcoma ဖြစ်နိုင်တယ်။ (ဆာကိုမား) ဆိုတာလဲ (ကင်ဆာ) ပါဘဲ။

Cancer ကင်ဆာ ဖြစ်ဖြစ် Tumor (ကျူးမား) ဖြစ်ဖြစ် ဘာလို့ ဖြစ်တယ်ဆိုတာ အသေအခြာမသိသေးပါ။ ဖြစ်နိုင်ခြေ များတာတွေတော့ ပိုသိကြတယ်။
- Lung cancer အဆုပ်-ကင်ဆာ တမျိုးဖြစ်တဲ့ Giant cell carcinomas ဟာ ဆေးလိပ်သောက်တာနဲ့ သိပ်ဆက်စပ်နေတယ်။
- Giant cell tumors of the bone ဆိုတာက Pagetís disease (ပေးဂျက်စ်) ရောဂါခေါ်တဲ့ အရိုး နာတာရှည် ပုံစံပြောင်းတာနဲ့ ဆက်စပ်နေတယ်။
- Anaplastic large cell lymphoma ဆိုတာက ယောက်ျား လူရွယ်တွေမှာ ဖြစ်တယ်။

အရိုး (ကျူးမား) တွေထဲမှာ Aneurysmal bone cyst, Chondroblastoma, Simple bone cyst, Osteoid osteoma, Osteoblastoma, Osteosarcoma, Giant-cell reparative granuloma နဲ့ Brown tumor of hyperparathyroidism တွေရှိတယ်။ အမျိုးအစား ခွဲတွေ ရှိတယ်။ Giant Cell Carcinoma နဲ့ Anaplastic Large Cell Lymphoma တွေက ကင်ဆာအုပ်စု ဖြစ်ပြီး Giant Cell Bone Tumors က ကင်ဆာ-မဟုတ်တာ ဖြစ်ပါတယ်။

ရောဂါလက္ခဏာတွေ
အစောပိုင်းမှာ ဘာမှ မခံစားရဘူး။ ကြာရင် အရိုးနေရာ ရောင်မယ်။ နာမယ်။ ကြွက်သားတွေ နာမယ်။ ခြေ-လက်တွေ နာမယ်။ ဗိုက်နာမယ်။ အာရုံကြောနဲ့ နီးရင် ဓါတ်လိုက်သလို ခံစားရနိုင်တယ်။ ဖြစ်တဲ့အရိုးနဲ့ နီးတဲ့ အဆစ်မှာ အရည်ပိုတွေ များလာလို့ အဆစ်က လှုတ်ရှားရတာ ခက်လာမယ်။ အရိုးကျိုးနိုင်တယ်။ ဒီလိုကျိုးတာက ထိခိုက်လို့ မဟုတ်ဘဲ Pathological fracture ရောဂါကြောင့် အရိုးကျိုးတာ ဖြစ်တယ်။

Anaplastic large cell lymphoma ဆိုရင် လည်ပင်း-ချိုင်း-ပေါင်ခြံတွေ ရောင်မယ်၊ အစားပျက်မယ်၊ ပိန်လာမယ်၊ အားယုတ်မယ်၊ ညချွေးထွက်မယ်၊ ဖျားမယ်။ Large cell lymphoma, Large cell carcinoma ဖြစ်ရင် အစပိုင်းမှာ ဘာမှမဖြစ်ဘူး။ နောက်မှာ အကြာကြီး ချောင်းဆိုးမယ်။ သွေးပါနိုင်တယ်။ ရင်ကြပ်မယ်။ အားယုတ်မယ်။

ရောဂါသေခြာအောင်
X-ray ရိုက်ရင် Soap bubble ဆပ်ပြာမြှုပ်လို တူတာ မြင်ရမယ်။ Chest x-ray နဲ့ CT ရိုက်ဘို့ လိုမယ်။ MRI ရိုက်နိုင်တယ်။ Biopsies အရိုးစ ထုတ်ယူစစ်ဆေးတာ နဲ့ Blood tests သွေးစစ်ရတယ်။ အနုကြည့်-မှန်ဘီလူးနဲ့ စစ်ဆေးမှ Multinucleated giant cells (နူကလီယပ်စ်) တခုမက ရှိတဲ့ (ကလပ်စည်း) အကြီးစားတွေကို တွေ့မယ်။ Anaplastic large cell lymphoma အတွက် Bone marrow စစ်ဆေးရမယ်။ Bone scans မှာ Giant cell bone tumors တွေ့မယ်။

(ဆဲလ်) ၃ မျိုး တွေ့နိုင်တယ်။ Giant-cell tumour stromal cells (GCTSC) တွေ့တာက Neoplastic cells (ကင်ဆာ-ဆဲလ်) တွေ။ Mononuclear histiocytic cells (MNHC) နဲ့ Multinucleated giant cell (MNGC) က ကင်ဆာ မဟုတ်ပါ။ ၅ဝ% မှာ ကင်ဆာ-မဟုတ်ဘဲ ပြန်ဖြစ်တတ်တယ်။

ကုသနည်းတွေဟာ လွန်ခဲ့တဲ့ အနှစ် ၃ဝ အတွင်း သိပ်မပြောင်းလဲပါ။ အရွယ်အစား၊ ဆိုး-မဆိုးအပေါ် မူတည်တယ်။
- Surgery ခွဲစိတ်လို့ ရနိုင်တာကို ခွဲစိတ်တာဘဲ။
- Curettage ခြစ်ပြစ်တာလဲ လုပ်တယ်။
- ဆေးကတော့ Bisphosphonates အုပ်စုထဲက Zoledronate ဖြစ်တယ်။ နောက်ပိုင်း စမ်းသပ်မှု ပြုနေတဲ့ ဆေးကတော့ Denosumab ဖြစ်ပြီး အဆင့် ၂ ရောက်နေပြီ။
- ခွဲစိတ် မခံနိုင်သူတွေကို Radiation therapy ဓါတ်ကင်ပေးမယ်။ သတိထားဘို့ကတော့ နောင်မှာ Malignant sarcoma phenotype ကင်ဆာကို ပြောင်းသွားသူတွေဟာ ဓါတ်ကင်သူတွေထဲကနေ ဖြစ်တာ များတယ်။
- အရိုးကျိုးရင် ကုသရတာ ပိုရှုတ်ထွေးလာမယ်။ ကျိုးတာကို Immobilize မလှုတ်နိုင်အောင် လုပ်ထားပြီး၊ ဆက်အောင် စောင့်ပြီးမှ ခွဲရတယ်။
- ခွဲစိတ်ပြီး Grafting အရိုး-အစားထိုးတာ လုပ်ဘို့ လိုရင် လုပ်မယ်။
- ခွဲစိတ်ပြီး Physical therapy (ဖီဇီယို) ဆက်လုပ်တာ ကောင်းတယ်။
- တချို့မှာတော့ Amputation ဖြတ်ပြစ်ရနိုင်တယ်။
- Giant cell carcinoma ဖြစ်ရင် အရွယ်သေးသေးရင် ခွဲတာကောင်းတယ်။
- တချို့ အဆုပ်တစိတ်တပိုင်းပါ ထုတ်ရမယ်။
- Surgical resection ခွဲပြီးရင် Radiation ဓါတ်ကင်တာ၊ Chemotherapy ဆေးပေးတာတွေ ဆက်လုပ်ရနိုင်တယ်။
- တခြားနေရာတွေအထိ ပြန့်နေသူတွေကို Chemotherapy ဆေးပေးတာ နဲ့ Radiation therapy ဓါတ်ကင်တာ လုပ်တယ်။
- Giant cell carcinoma, Anaplastic large cell lymphoma တွေကို Chemotherapy ဆေးပေးတာ နဲ့ Radiation therapy ဓါတ်ကင်တာ လုပ်တယ်။

Dr. တင့်ဆွေ
၁၂-၈-၂ဝ၁၁
၁၈-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး