Perforated eardrum နားစည်ပေါက်ခြင်း

၁။ မင်္ဂလာပါဆရာ အသက်၂၅ပါ။  နားစည်ပေါက်တာ ဆယ်လနီးပါးလောက်ရှိပါပြီ။ နားထဲဆူညံသံတွေ အူနေပါတယ်။ အဝါရည်တော့ မနက်ပိုင်းအိပ်ရာကထလို့ စမ်းကြည့်ရင် နည်းနည်းရှိပါတယ်။ ဖြစ်စကလို တောက်လျောက် စီးကျမနေတော့ပါဘူး။ ပျောက်ကင်းအောင် ဘယ်လိုကုသရမလဲရှင့်။ နားနှာခေါင်းလည်ချောင်းဆေးရုံကြီးတွင် ပြသဖူးပါသည်။ (တေကို တွေလို့ပြင်လိုက်တယ်။)

၂။ မင်္ဂလာပါဆရာ။ ကျွန်တော်အသက် ၂၄နှစ်၊။ ညာဘက်နားကပြည်နဲနဲစို့ပါတယ်။ အလိုပဲ ဆေးခန်းသွားပြ ဆေးစားလိုက်ရင် ကောင်းသွားပါတယ်။ လအနည်းငယ်ကြာရင်ပြန်ဖြစ်လိုက် ပျောက် လိုက်နဲ့ပေါ့။ ပေါ့တန်တန်နေခဲ့တာ အခုဆို ၁၃ နှစ်လောက်အနည်းဆုံးရှိပါပြီ။ အခု့ အလုပ်လုပ်ရောက်မှ အတွင်းကနားစည်ပေါက်နေတယ်ဆိုတာ သိခဲ့မြင်ခဲ့ရတာပါ။ အခုထိ နာခြင်းကိုက်ခြင်းအောင့်ခြင်းမရှိသေးပါ။ ခွဲစိတ်ရမယ်လို့ ပြောပါတယ်ဆရာ။ မခွဲရင်တော့ ဘယ်လိုဖြစ်လာနိုင်မှာလဲဆရာ။ (ပြောက်ကို သတ်ပုံပြင်လိုက်ပါတယ်။)

နားကို ခန္ဓာဗေဒအရ အပိုင်း ၃ ပိုင်းခွဲထားတယ်။ အပြင်ပိုင်း၊ နားစည်နဲ့ နောက်မှာ လေနဲ့ပြည့်နေတဲ့ နားအလည်ပိုင်း ရှိတယ်။ နှာခေါင်းနဲ့ နားအလည်ပိုင်းက (ပြွန်) နဲ့ ဆက်နေတယ်။ နားထဲကလေဟာ အဲဒီလမ်းကနေ ပြန်ထွက်တယ်။ ဦးနှောက်နဲ့ဆက်နေတဲ့ နားအတွင်းဆုံးပိုင်း။

နားစည်က အလုပ် ၂ မျိုး လုပ်ပေးနေတယ်။
၁။ အသံလှိုင်းက လာရိုက်ခတ်ရင် အာရုံကြောကတဆင့် အသံကြားရတယ်။
၂။ အလည်နားပိုင်းကို အပြင်လောကကနေ အကာကွယ်ပေးထားတယ်။

နားစည် ဘာလို့ ပေါက်ရသလဲ -
• Otitis media နားအလည်ပိုင်းပိုးဝင်တာကနေထွက်တဲ့အရည်ရဲ့ဖိအားကြောင့် နားစည်ပေါက်ရတယ်။
• Barotrauma နားစည်ရဲ့အတွင်းပိုင်းနဲ့ အပြင်ဘက်မှာ လေဖိအား သိပ်ခြားနားတဲ့အခါမှာဖြစ်တယ်။ Airplane ear လို့ ခေါ်ကြတယ်။ Scuba diving လုပ်ရင်လဲ ဖြစ်တတ်တယ်။
• သေနတ်သံလို၊ ပေါက်ကွဲသံ၊ ကျယ်လွန်းတဲ့အသံကြောင့် ဖြစ်တယ်။
• နားထဲကို အပြင်ပစ္စည်း တခုခုဝင်ရာကနေ ဖြစ်တယ်။
• ခေါင်းကို အပြင်းအထန်ခိုက်မိရာကနေ ဖြစ်တယ်။
• သိပ်အေးလွန်းတဲ့ ဥတုကြောင့်လဲ အအေးမိရာကနေ ဖြစ်စေနိုင်သေးတယ်။

နားစည်ပေါက်နေရင် -
• နားက နာနေမယ်။ နောက် ရုတ်တရက် နာတာပျောက်သွားတယ်။
• နားကနေ အရည်-ပြည်-သွေးထွက်မယ်။
• နားအကြား ထိခိုက်မယ်။
• နားထဲ ဆူညံသံတွေ ကြားနေရမယ်။
• ခေါင်း ပတ်ခြာလည်မူးမယ်။
• မူးရာကနေ ပျို့-အန်ချင်မယ်။

ဆက်တွဲခံစားရမှာတွေကတော့ -
1. နားမကြားတာ၊
2. နားအလည်ပိုင်း ရောင်ရမ်းတာ၊
3. နားအလည်ပိုင်းအိတ် ဖြစ်လာတာ၊

တချို့မှာ ခွဲစရာမလိုဘဲ အပေါက်ကပိတ်ပြီး ပျောက်သွားမယ်။ ပျောက်ဘို့ ရက်သတ္တပါတ်နည်းနည်းကနေ လတွေအထိ ကြာနိုင်တယ်။ နားထည့်ဆေးတိုင်း နားစည်ပေါက်သူနဲ့ မတည့်ပါ။ နားအထူးကုဆရာဝန်ညွှန်တာကိုသာသုံးပါ။ CILOXAN Eye Drop မှာ Ciprofloxacin hydrochloride ပါတယ်။ ပိုးတွေကို နိုင်တဲ့ဆေးဖြစ်တယ်။ နာတာရှည် ပိုးဝင်နေရင် ရေချိုး-ရေကူးတိုင်း နားကို Ear plug ဆို့စရာ တပ်ရတတ်မယ်။

၆-၈ ပါတ်နဲ့ မပျောက်ရင် ခွဲစိတ်ဘို့ လိုနိုင်တယ်။ Paper patch တခုခုနဲ့ ဖါထေးတာရယ် Tympanoplasty ခွဲစိတ် ပြုပြင်နည်းရယ် ရှိတယ်။ ကံမကောင်းရင်တော့ နှစ်တွေကြာနိုင်တယ်။ တချို့ ပြန်မရတတ်ဘူး။ Tympanoplasty ခွဲစိတ်ကုသတာက ၈၅-၉ဝ% အောင်မြင်တယ်။ တချို့မှာ နောက်တခါ ထပ်ခွဲရတတ်တယ်။ ဆောရီး။

• Ear infections (1) နားပိုးဝင်ခြင်း (၁) http://dts-medicaleducation.blogspot.com/2011/04/ear-infection.html
• Ear Infections (2) နားပိုးဝင်ခြင်း (၂) http://dts-medicaleducation.blogspot.in/2012/06/ear-infections.html
• Earache နားကိုက်ရင် http://dts-medicaleducation.blogspot.com/2011/11/earache.html
• Fluid in the ear နားထဲမှာအရည်ရှိတာ http://doctortintswe.blogspot.com/2014/12/fluid-in-ear.html
• Otomycosis (ear fungus) နားမှို http://doctortintswe.blogspot.com/2016/02/otomycosis-ear-fungus.html
• Perforated eardrum နားစည်ပေါက်ခြင်း http://dts-medicaleducation.blogspot.com/2011/04/perforated-eardrum.html
• Ringing in the Ears နားအူခြင်း http://doctortintswe.blogspot.com/2014/12/ringing-in-ears_29.html

Dr. တင့်ဆွေ
၂-၄-၂ဝ၁၇
၈-၂-၂ဝ၁၈


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး