အာဏာ



ညမအိပ်ခင်က မေးတာ။ အခုမှသာ တင်အားတယ်။

ဆရာရှင့်။ ကျေးဇူးပြု၍ ဖြေကြားပေးစေချင်ပါတယ်ရှင့်။ အာဏာဆိုတဲ့စကားလုံးအဓိပ္ပါယ်ကို သိချင်လို့ပါရှင့်။ အာဏာကို ဘဟ်လိုလူတန်းစားမျိုးတွေ သုံးနိုင်လဲသိချင်ပါတယ်ရှင့်။ အာဏာကြောင့် ဖြစ်ပါလာတဲ့ အကောင်းအဆိုး အကျိုးအပြစ်ကို သိချင်လို့ပါ ဆရာရှင့် ။ အရပ်ဘက်ဆိုင်ရာ လူတန်းစားတွေမှာရော မိသားစုတစုမှာရော အာဏာဆိုတာ ဘယ်လိုလူမျိုး အသုံးပြုလဲ သိချင်လို့ပါရှင့်။

အာဏာစာလုံးက ပါဠိ။ အမိန့်လို အဓိပ္ပါယ်ပြန်တယ်။
အာဏာခေတ္တ = အာဏာတော်နှံရာ၊ အာဏာတော်နှံရာဖြစ်သော စကြာဝဠာ ကုဋေတသိန်း။
အာဏာစက္က = အာဏာစက်။
အာဏာဌာန = အာဏာတည်ရာအရပ်။

အသုံးမှာတော့ ကျယ်ပြန့်တယ်။ အာဏာပိုင်သူ၊ အာဏာရှိသူ၊ အာဏာရှင်၊ အာဏာပိုင်နယ်နိမိတ်၊ တန်ခိုးအာဏာပြသည်၊ စသဖြင့်။ လုပ်ပိုင်ခွင့်ကိုလည်း အာဏာလို့သုံးတာရှိတယ်။

အုပ်ချုပ်ခွင့်အာဏာကို အခြေခံဥပဒေအရ ရယူနိုင်သလို အာဏာသိမ်းခြင်းခေါ်တဲ့ လက်နက်နည်းနဲ့ရယူတာလည်းရှိတယ်။ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ထုတ်ခွင့်ရှိသူ သို့မဟုတ် မတရားရယူထားသူကထုတ်တဲ့ အမိန့်အရ ဆောင်ရွက်တာကိုလည်း အာဏာကျင့်သုံးတယ်လို့ ပြောနိုင်တယ်။ အဓိကကဥပဒေဖြစ်တယ်။

အာဏာသိမ်းအစိုးရတွေက ဥပဒေကဲ့သို့အာဏာတည်သောအမိန်လို့ သုံးလေ့ရှိတယ်။ တရားသဖြင့် ဟုတ်ချင်မှ ဟုတ်တယ်။ အဲလိုအမိန်ကိုငြ်းဆန်သူ မလိုက်နာသကို အပြစ်ပေးရာမှာလည်း တည်ဆဲ့ ဥပဒေအရသာ လုပ်ရတယ်။ တည်ဆဲဥပဒေမဟုတ်ရင် မာရှယ်လော ခေါ် စစ်ဥပဒေလို့သုံးတယ်။ စစ်ဥပဒေဆိုတာ ဥပဒေအစစ်မဟုတ်။ ထုတ်ချင်သလို လုပ်ချင်သလိုလုပ်တာကိုခေါ်ပါတယ်။

အစိုးရကနေခန့်အပ်ခြင်းခံရသူတွေက အစိုးရကိုယ်စား သတ်မှတ်ထားတဲ့လုပ်ပိုင်ခွင်တွေကို ကျင့်သုံးတာကိုလည်း အာဏာနဲ့ အာဏာအရလုပ်ဆောင်တယ်လို့ ပြောနိုင်တယ်။

အာဏာကြောင့် ဖြစ်ပါလာတဲ့ အကောင်းအဆိုး အကျိုးအပြစ်ဆိုတာ အာဏာရှိသူဟာ ဖွဲ့စည်းပုံအရရယူထားသူလား၊ အဲဒီအမိန့်တွေဟာ အာဏာမရှိသူ ခေါ် ပြည်သူပြည်သားတွေနဲ့ တိုင်းပြည်ကို အကျိုးဖြစ်စေသလား၊ ကာကွယ်ရာ ကျသလား ကြည့်ရမယ်။

အရပ်သားဖြစ်ဖြစ် စစ်သားဖြစ်ဖြစ် အာဏာရှင်လို့ လုပ်တာလည်း ရှိတယ်။ ဘုရင်တွေမှာလည်း အကန့်အသတ်မရှိ သေဆိုသေ ရှင်ဆိုရှင် တချက်လွှတ်သတ်စေလုပ်တဲ့ဘုရင်စနစ်နဲ့ စည်းမျဉ်းခံဘုရင်လို့ရှိတယ်။ အဲတာတွေကိုလည်း အာဏာမရှိသူ ခေါ် ပြည်သူပြည်သားတွေနဲ့ တိုင်းပြည်ကို အကျိုးဖြစ်စေသလား၊ ကာကွယ်ရာကျသလား ကြည့်ရမယ်။

တချို့သုံးသပ်ချက် ကောက်ချက်တွေက ချက်ချင်း မသိသာ။ သမိုင်းကို ဘက်မလိုက်ပဲ ရေးသားမှတ်တမ်းတင်တာကို လေ့လာမှ အကောင်းအဆိုး အကျိုးအပြစ် သိတယ်။ အများက မကောင်းဘူးပြောတာကို ကောင်းပါတယ် လုပ်သူတွေလည်း ရှိတယ်။

နိုင်ငံပါတီ တခုတည်းကနေ အုပ်ချုပ်တာကို တပါတီအာဏာရှင်စံနစ်လို့ ရေးကြတယ်။ အုပ်ချုပ်ခံ လူထုမှာလည်း အာဏာရှိတယ်လို့ ပြောတာမျိုးလည်းရှိတယ်။ ပြည်သူ့အာဏာ။

တိုင်းပြည်တွေမှာ အာဏာသုံးရပ်လို့ ခွဲထားတယ်။ တရားစီရင်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနဲ့ အုပ်ချုပ်ရေးအာဏာ။ အဲတာကို တချို့နေရာတွေမှာ မဏ္ဍိုင်လို့ သုံးတယ်။ အင်္ဂလိပ်အသုံးတွေ မထည့်တော့ပါ။

အခုလောက်သာ ခပ်တိုတိုရေးပါမယ်။ အိပ်ချင်ပြီ။ ည ၁ နာရီ ၅၅ မိနစ်။

ဒေါက်တာတင့်ဆွေ
၁၂-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး