Influenza (Flu) တုပ်ကွေး

အခုပဲ တုပ်ကွေးကာကွယ်ဆေးသွားထိုးခဲ့ပါတယ်။ Flu shot လို့ခေါ်တယ်။ တနှစ်တခါထိုးရတယ်။ အသက်ကြီးသူတွေ ပိုပြီးအချိန်မှန်ထိုးသင့်တယ်။ 

တုပ်ကွေးတွေကို အခုခေတ်မှာ လေးကောင်ဂျင်ရောဂါလား မေးရတော့မယ်။ အကောင်နာမယ်တွေနဲ့ ပြောကြတယ်။ ကြက်ငှက်တုပ်ကွေး၊ ဝက်တုပ်ကွေး၊ ဆင်တုပ်ကွေး၊ မျောက်တုပ်ကွေး။ ဘာနာမယ်ဖြစ်ဖြစ် ဗိုင်းရပ်စ်တွေကနေ ဖြစ်တာချည်းပါဘဲ။ ဆရာဝန်တွေ ဒီအကောင်မျိုးကို မနိုင်ပေမဲ့ မကူးစေအောင်နဲ့၊ ခံချနိုင်အောင်လောက်တော့ရပါတယ်။ 

တုပ်ကွေးကို Influenza (Flu) (ဖလူး) လို့လဲ ခေါ်တယ်။ အင်မတန် ကူးစက်မြန်လှတယ်။ RNA virus အုပ်စုထဲက ဗိုင်းရပ်စ်တွပါ။ လူတွေအပြင် ငှက်တွေရော နို့တိုက်သတ္တဝါတွေမှာလည်း ကူးတယ်။ အေ၊ ဘီ၊ စီ ဆိုပြီး မတူတာလေးတွေ ရှိသေးတယ်။ Influenzavirus A ထဲကနေမှာ နာမည်ကြီးလာတာက H1N1 ဆိုတဲ့ အကောင်ဘဲ။ ၁၉၁၈ တုံးက စပိန်မှာ စနာမည်ကြီးခဲ့တယ်။ ၁၉၅၇ မှာ အာရှတိုက်၊ ၁၉၆၈ မှာ ဟောင်ကောင်၊ အခုဖြစ်နေတာက တကမ္ဘာလုံး။ 

မူလလက်ဟောင်း တုပ်ကွေးအကြောင်းပဲ ရေးပါမယ်။ မလွဲမသွေဖြစ်မှာက ဖျား၊ ချောင်းဆိုးနဲ့ နှာခေါင်းပွစိပွစိဖြစ်၊ ချမ်း၊ ကိုယ်ပူ၊ လည်ချောင်းနာ၊ ကြွက်သားနာ၊ ခေါင်းကိုက်၊ အားယုတ်၊ မအီမသာဖြစ်၊ ပျို့-အန်ဖြစ်မယ်။ ဝမ်းပျက်ရင် အစာအိမ်-တုပ်ကွေးလဲ ခေါ်တယ်၊ ၂၄ နာရီ တုပ်ကွေးလည်းခေါ်တယ်။ သူနဲ့ ရုပ်ချင်းခွဲမရအောင်တူတဲ့ အအေးမိတာထက် ပိုဆိုးသွမ်းတယ်။ အပူချိန် ပိုများတယ်။ အားပိုယုတ်တယ်။ 

ရောဂါကူးနည်း (၃) နည်း ရှိတယ်။ (၁) ဖြစ်နေသူ ချောင်းဆိုး-နှာခြေလို့ ထွက်တာတွေ လေထဲပါနေတာကို ရှူမိရင်၊ (၂) ချောင်းဆိုး-နှာခြေတာတွေက တခြားလူရဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်ထဲ ဝင်မိရင်၊ (၃) လက်ကနေ မျက်စိ-နှာခေါင်း-ပါးစပ်ထဲ ဝင်တာကြောင့်ပါ။ လူတယောက် နှာချေတာထဲမှာ ဝ့၅ ကနေ ၅ μm သာရှိတဲ့ အမှုံပေါင်း လေးသောင်း ပါနိုင်တယ်။ μm ဆိုတာ တမီတာရဲ့ တသန်းပုံတပုံသာရှိတာကို ခေါ်တယ်။ ဒါ့အပြင် ရောဂါသည် ငှက်က ချေးပါချတာ ခံရရင်။ ကံအတော်မကောင်းသူပေါ့ဗျာ။

တုပ်ကွေးအတွက် (ပါရာစီတမော) တခုထဲတော့ မဟုတ်ပါ။ ဆရာဝန်တွေ ဒိထက်မက တတ်ပါတယ်။ နှာစေးနေရင်၊ (အင်တီဟစ်စ်တမင်း) ပါတဲ့ဆေး၊ ချောင်းဆိုးပျောက်ဆေး။ တခါတည်းပြောပါအုံးမယ်၊ ချောင်းဆိုးပျောက်ဆေးဆိုတာ အမျိုးမျိုးရှိတယ်။ တံဆိပ်ကိုပြောတာ မဟုတ်ဘူး။ ချောင်းခြောက်ဆိုးတာအတွက်၊ ချွဲတွေ ထွက်အောင်အတွက်၊ လေပြွန်ကျဉ်းပြီး ပန်းနာလို ကြပ်နေတာအတွက်၊ ချွဲပျော်စေအောင်၊ ချောင်းဆိုးပျောက်ဆေး၊ ၃-၄ မျိုးရှိတယ်။ အားယုတ်ရင် ဗီတာမင်နဲ့ အစားအသောက်။ အနေအထိုင် ဂရုစိုက်ဘို့ကလည်း အရေးပါသေးတာ။ ကိုယ့်ဆီကနေ သူများ၊ သူများဆီကနေ ကိုယ့်ဆီ မကူးအောင်။ မရသေးရင် ကျောင်းတွေ ပိတ်ခိုင်းတာလဲ လုပ်ရသေးတယ်။ ကာကွယ်ဆေး ရှိတာမျိုးကြ ထိုးပေါ့။ 

တုပ်ကွေးကာကွယ်ဆေးလည်း ထိရောက်သင့်သလောက် ထိရောက်နေပါပြီ။ ကူးစက်ခံရနိုင်လောက်သူတွေကို ထိုးပေးသင့်တယ်။ ပေါ်တာ သိပ်မကြာသေးတဲ့ ဗိုင်းရပ်စ် ကုသဆေးကို စောစောပေးရင် ကောင်းတယ်။ Neuraminidase inhibitors နဲ့ M2 inhibitors (Adamantanes) ၂ မျိုးသုံးနေတယ်။ 

ကိုက်တာ၊ ဖျားတာအတွက် (ပါရာစီတမော) Acetaminophen/Paracetamol သောက်။ ကလေးဖြစ်ဖြစ်၊ လူကြီးမှာ လေနာရှိရှိ သောက်နိုင်လို့ပါ။ သွေးလွန်တုပ်ကွေး အတွက်လဲ စိတ်ချရတယ်။ ကလေးနဲ့ လူငယ်တွေကို Aspirin မပေးသင့်ဘူး။ ပဋိဇီဝဆေးမတိုးပါ။ တခုတော့ရှိတယ် တုပ်ကွေး မိနေရင်း ဗက်တီရီးယားကြောင့် နူမိုးနီးယားရရင်တော့ ဒါပါပေးရမယ်။ 

အရက်လျှော့-ရှောင်၊ ဆေးလိပ်လျှော့-ရှောင်ပါ။ တုပ်ကွေးမိရင် နေရောင်က ကောင်းတယ်။ ပိုးကို သေစေနိုင်တယ်။ လက်ဆေး-ကိုယ်လက် သုတ်သင်တာ မကြာမကြာ လုပ်တာ ကောင်းတယ်။ တုပ်ကွေးမိသူ ရေများများ သောက်ရတယ်။ 

အပြင်းစားနဲ့ ညားရင် နူမိုးနီးယား ဖြစ်တတ်သေးတယ်။ အသက်ငယ်လွန်း၊ ကြီးလွန်းရင် ကံမကောင်း၊ အကြောင်းမလှ ဖြစ်ရတတ်တယ်။ တုတ်ကွေးကင်းတဲ့ ရာစုနှစ်ရောက်ဘို့ ဆရာဝန်တွေ စိတ်ကူးမယဉ်နိုင်ကြသေးပါ။ အမေရိကားမှာတော့ Flu shot တုပ်ကွေးကာကွယ်ဆေးကို အခမဲ့ထိုးပေးရုံသာမကပါ ဖုန်းမက်ဆေ့ခ်ျနဲ့လဲ ကြုံသလို အသိပေးတယ်။ လမ်းဆုံနေရာတွေမှာလဲ ကြော်ငြာထားတယ်။ 

1. Bird flu ကြက်ငှက်တုပ်ကွေး (၁) http://doctortintswe.blogspot.com/2016/03/bird-flu_1.html
2. Chikungunya ဆင်ဖြူတော် တုပ်ကွေး http://dts-medicaleducation.blogspot.com/2010/10/chikungunya.html
Bird flu ကြက်ငှက်တုပ်ကွေး (၂) http://doctortintswe.blogspot.com/2016/03/bird-flu.html
3. Dengue Haemorrhagic Fever (DHF) သွေးလွန်တုပ်ကွေး http://doctortintswe.blogspot.com/2014/10/dengue-haemorrhagic-fever-dhf.html
4. FAQs H5N1 influenza လူတွေမှာဖြစ်တဲ့ ကြက်ငှက်တုပ်ကွေး အမေး-အဖြေများ http://doctortintswe.blogspot.com/2015/02/faqs-h5n1-influenza.html
5. H1N2 ကြက်ငှက်တုပ်ကွေး http://doctortintswe.blogspot.com/2016/04/h1n2_16.html
6. Healthy culture ချောင်းဆိုး-လက်ဆေး ယဉ်ကျေးမှု http://doctortintswe.blogspot.com/2015/06/healthy-culture_18.html
7. Influenza (Flu) တုပ်ကွေး http://doctortintswe.blogspot.com/2014/10/influenza-flu.html
8. Influenza vaccine တုပ်ကွေးကာကွယ်ဆေး http://doctortintswe.blogspot.com/2014/12/influenza-vaccine.html
9. Respiratory tract infections (1) အသက်ရှူလမ်း ပိုးဝင်ခြင်း (၁) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-1.html
10. Respiratory tract infections (2) အသက်ရှူလမ်း ပိုးဝင်ခြင်း (၂) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-2-pleurisy.html
11. Respiratory tract infections (3) အသက်ရှူလမ်း ပိုးဝင်ခြင်း (၃) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-3.html
12. Respiratory tract infections (4) အသက်ရှူလမ်း ပိုးဝင်ခြင်း (၄) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-4.html

Dr. တင့်ဆွေ
၁၁-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး