Body hair တလွဲဆံပင်ကောင်းသူများ


ညကမအိပ်ခင် ဆံပင်နဲ့ဆိုင်တဲ့စာတွေတင်တယ်။ ဒီတပုဒ်တော့ မတင်ခဲ့ပါ။ အခု တင်ရတော့မယ်။

မင်္ဂလာပါဆရာ။ သမီးအကူအညီလိုအပ်တယ်ထင်လို့ပါ။ hair loss in women post လေးဖတ်ရပါတယ်။ ခုဖြစ်နေတာက တကိုယ်လုံးပုံမှန်ထက် အမွေးတွေသန်လာလို့ပါ။ အသက် ၂၈ နှစ်ပါ။ ဆံပင်အရမ်းကျွတ်တာကြောင့် နာမည်
လည်းကြီး ကြော်ငြာအားလည်းကာင်းတဲ့ aesthetic clinic တခုမှာ ဦးရေပြားဆေးထည့်ပေးတဲ့ Mesotheraphy ကို တပတ်တခါ ၆ ကြိမ်ခံယူခဲ့ပါတယ်။ ရပ်လိုက်တာ ၅ ပတ်ကျော်ပါပြီ။ သောက်ဆေးလဲပေးပါတယ် ဘာဆေးလဲမေးတော့လဲ တိတိကျကျ မဖြေပါဘူး။ သတိထားမိလာတာ မျက်နှာတခုလုံးကအစသိသိသာသာ အမွေးတွေရှည်လာတာပါ။ ဆေးခန်းမှာပြောတော့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဖြစ်နိုင်တယ်လို့ဘဲ ပြောပါတယ်။ ကြိုတင်သတိပေးထားခြင်းလဲမရှိပါဘူး။ ဘေးလူတွေပါ သတိထားမိအောင် အမွေးတွေသန်လာရှည်လာတာပါ။ ဆေးခန်းက မျက်နှာကို IPL hair removing လုပ်ပေးမယ်ဆိုတော့ လက်တလောအဆင်ပြေအောင် လုပ်လိုက်ပါတယ်။ ခုလုပ်ထားတာ ၁ လနီးပါးရှိပါပြီ။ ဘာဆက်လုပ်သင့်သလဲနဲ့ ဘာလုပ်လို့ရမလဲဆိုတာကို ညွှန်ကြားပေးပါရှင်။ ကျော ပခုံးကအစ မြင်သာထင်ရှားနေတော့ အရှက်ရနေလို့ပါ။
ဆရာအဆင်ပြေတဲ့အချိန် ဖြေကြားပေးစေလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

၂။ မင်္ဂလာပါဆရာ သမီးအသက်က ၃၀ ပါ။ ငယ်ငယ်ကတည်းက လက်တွေ ခြေထောက်တွေမှာ အမွေးတွေရှိပေမယ့် အခု နှုတ်ခမ်းမွေးတွေပါပေါက်လာတယ်ဆရာ။ မိန်းကလေးတယောက်က မျက်နှာမှာ နှုတ်ခမ်းမွေးတွေပေါက်နေတာဟာ တကယ်ကို အမြင်ဆိုးလှပါတယ်။အဲဒီဟာကြောင့်ပဲ စိတ်ဖိစီးမှုလည်း ဖြစ်တယ်ဆရာ။ရိတ်လိုက်ရင်လည်း ပိုသန်လာမှာ စိုးတယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆရာ့အကြံဉာဏ်လေးသိပါရစေ။

၃။ မင်္ဂလာပါဆရာ။ ကျွန်တော်နှာခမ်းမွေးအရမ်းထူအရမ်းများပြီး မများအောင် မထွက်အောင်ဘယ်လိုလုပ်ရမလဲဆရာ။

၎။ ကျွန်တော့ အသက် ၃၅ နှစ်ရှိပါပြီ၊ နှုတ်ခမ်းမွေး ကျိုးတို့ကျဲတဲသာ ပေါက်ပါတယ်။ အဲဒါ နှုတ်ခမ်းမွေး သန်သန်မာမာ ပေါက်ချင်လို့ပါ။ ဘာလုပ်ရမလဲခင်ဗျာ။

ခန္ဓာကိုယ်မွေးဆိုတာ ကိုယ်ဝန် ၁ဝ ပါတ်လောက်မှာကတည်းက စခဲ့တယ်။ ၅ လ အရွယ်ရှိရင် အမွေးအိတ် အရေအတွက် ၅ သန်းရှိနေပြီ။ နောက်ထပ် ဖြစ်မလာတော့ပါ။ ကျား-မ အပေါ်မူတည်ပြီးတော့ ပျက်စီးသွားတာတွေသာ ရှိလိမ့်မယ်။ အမွေးဆိုတာ ကိုယ်အပူချိန်ထိန်းရာမှာ အသုံးကြတယ်။ နို့တိုက်သတ္တဝါတွေရဲ့ ထူးခြားမှုလဲ ဖြစ်တယ်။ ဝန်ရိုးစွန်းဒေသမှာ နေတဲ့ အကောင်တွေ ကြည့်ပါလား။ နှုတ်ခမ်းမွေးနဲ့ လိင်အင်္ဂါတဝှိုက်က ဆီးစပ်မွေးတွေကတော့ အာရုံကြောတွေနဲ့ ဆက်စပ်နေလို့ အာရုံခံအင်္ဂါများသဘောဆောင်ကြတယ်။ ထိတာ ကလိတာနဲ့ စိတ်ကို တမျိုးတမည် ဖြစ်စေနိုင်တယ်။ ဟော်မုန်းများလာတဲ့ အရွယ်ရောက်ချိန်မှာ ဆီးစပ်မွေးက အစဦးဆုံးပေါက်လာတယ်။ ယောက်ျားလေးတွေဆိုရင် ပိုသိသာတယ်။ မျက်နှာ၊ ရင်ပတ်၊ ဗိုက်၊ ပေါင်၊ ခြေထောက်၊ လက်မောင်း နေရာတွေမှာပါ များလာတယ်။ အရွယ်ရလာရင် အမွေးတွေ ရင့်-သန်-များ လာတယ်။

လူတွေမှာ ဆံပင်၊ Vellus hair ကိုယ်မွေးနု၊ ထူးခြားတဲ့အမွေးတွေဆိုပြီး သုံးမျိုးရှိတယ်။ နှုတ်ခမ်း၊ လက်ဖဝါး၊ ခြေဖဝါး၊ နားနောက်၊ ချက်၊ လိင်အင်္ဂါနေရာတချို့နဲ့ အမာရွတ်နေရာတွေက လွဲရင် အဲဒီအမွေးသုံးမျိုးထဲက တမျိုးမျိုးပေါက်နေတယ်။ အထူအပါးတော့ မတူခြားနားကြတယ်။ အရွယ်ရောက်ချိန်လောက်စပြီး ကိုယ်ခန္ဓာမှာပေါက်လာတဲ့ အမွေးတွေက Androgens အင်ဒရိုဂျင်ဆိုတဲ့ ကျားဟော်မုန်းနဲ့ ဆက်စပ်နေလို့ အင်ဒရိုဂျင်မွေးလို့လဲ ခေါ်တယ်။ ဒီဟော်မုန်းက ကျားရော မ, ပါရှိကြပေမဲ့ ယောက်ျားတွေမှာ ပိုများတယ်။ ဆံပင်ကလဲ အင်ဒရိုဂျင်ကို လိုက်ပြီး များတာ၊ ထူတာရှိတယ်။ မျိုးဗီဇက အထူ-အပါး၊ အနဲ-အများနဲ့ အရောင်၊ အမျိုးအစား ကိုပါ အများကြီး လွှမ်းမိုးတယ်။ အာရပ်တွေ ကုလားတွေက အမွေးလဲများ၊ အမွေးလဲ ကြိုက်ကြတယ်။

Minoxidil ဆေး၊ Anabolic steroids ဆေး၊ Testosterone ဆေးနဲ့ Cyclosporine ဆေးတွေကနေလည်း ကိုယ်မွေး များစေနိုင်တယ်။ အမွေးများတာကို Hirsuitism ခေါ်တယ်။ မိသားစုလိုက်နိုင်တယ်။ အမျိုးသမီးတွေ မျက်နှာ၊ ရင်ပတ်၊ ဗိုက်တွေမှာ အမွေးများနေရင် ကျားဟော်မုန်းတွေ လိုတာထက်များနေလို့ပါ။ ဂရိ၊ အီတလီနိုင်ငံသူတွေက တခြား မိန်းမတွေထက် အမွေးများကြတာ ပုံမှန်ပါ။ အမျိုးသမီးတွေမှာ အမွေးများတာနဲ့အတူ ဝက်ခြံပေါက်တာ၊ ရာသီမမှန်တာ၊ ကလေးမရနိုင်တာတွေပါ တွဲနေတတ်တယ်။ ၄ဝ%လောက်မှာ (အဒြီနယ်) အိတ်ကနေထွက်မဲ့ ကျားဟော်မုန်းများတာက (အင်ဇိုင်း) တမျိုး နည်းနေလို့ ဖြစ်တယ်။

တချို့လူတွေမှာ ဆီးချိုထိန်းဆေး အင်စူလင်ကို ခံနိုင်ရည်ဖြစ်နေလို့ မျိုးဥအိမ်၊ (အဒြီနယ်) နဲ့ သရက်ရွက်တွေ အလုပ် လုပ်တာ ထိခိုက်စေတယ်။ အမွေးများသူတွေကို Androgen ဟော်မုန်း ဆန့်ကျင်ဆေး Spironolactone နဲ့ Aldactone ပေးတတ်တယ်။ Proscar ဆေးက အသစ်ဖြစ်တယ်။ ဒီဆေးတွေပေးရင် သွေးစစ်နေရမယ်။ Cortisone ပေးကုတယ်။ မျိုးဥအိမ်ကနေဖြစ်ရတာဆိုရင် ကိုယ်ဝန်တားဆေး ပေးကုနိုင်တယ်။ ဆေးအမျိုးအစား ရွေးဘို့တော့ လိုတယ်။ ဥရောပမှာ Diane or Dianette ဆေးတွေ သုံးတယ်။ Ethinyl estradiol နဲ့ Cyproterone acetate တွေပါတယ်။

မွေးရာပါ Hirsutism ဆိုတာကြတော့ အမျိုးသမီးနဲ့ ကလေးတွေမှာ ရင်ပတ်နဲ့ ကျောဘက်မှာ အမွေးတွေများတာကို ခေါ်တယ်။ တလွဲဆံပင်ကောင်းသူတွေပေါ့။ တချို့မှာ ကင်ဆာရောဂါနဲ့ တွဲနေတတ်တယ်။ Minoxidil ဆိုတဲ့ ဆံပင်ပေါက်ဆေးကြောင့် ကွက်ပြီး အမွေးတွေ များလာတတ်တယ်။ မွေးရာပါ Hypertrichosis ရှိသူ ခုထိ အလယ်ခေတ်ကတည်းက ရေတွက်တာ လူပေါင်း ၁ဝဝ တောင် မရှိသေးဘူးတဲ့။ မွေးရာပါဆိုရင် ကုမရပါ။ Hypertrichosis ဆိုတာက ကိုယ်ခန္ဓာမှာ အမွေးတွေ ပုံမှန်မဟုတ်ဘဲ များလွန်းနေတဲ့ အခြေအနေကို ခေါ်တယ်။

Petrus Gonzales မိသားစုက ၁၇ ရာစုမှာ အစောဆုံး မှတ်တမ်းတင် ခံရတယ်။ Fedor Jeftichew ကို Jo-Jo the Russian Dog Faced Boy ခွေးမျက်နှာနဲ့လူလို့ ခေါ်တယ်။ Stephan Bibrowski ကို Lionel the Lion-Faced Man ခြင်္သေ့မျက်နှာနဲ့လူလို့ ခေါ်တယ်။

Hypertrichosis အမွေးများခြင်းကို Ambras syndrome လို့လည်းခေါ်တယ်။ တကိုယ်လုံး ထူးထူးခြားခြား ကိုယ်မွေး များလွန်းတာကိုတော့ Werewolf syndrome လို့ခေါ်တယ်။ အမျိုးသမီးတွေမှာ PCOS မျိုးဥအိမ်မှာ အကျိတ်လေးတွေ အများအပြားရှိနေရင်ဖြစ်နိုင်တယ်။ ဝကြတယ်။ adrenal cancer ကင်ဆာ၊ adrenal tumors အကျိတ်၊ congenital adrenal hyperplasia ရောဂါနဲ့ Cushing disease ရောဂါ တွေနဲ့တွဲနေမလား စစ်ဆေးရမယ်။

ဖြစ်စေတဲ့ရောဂါကို ကုသရမယ်။ anti-androgen ဆေးနဲ့ ကိုယ်ဝန်တားဆေးတွေလည်း သုံးရတတ်တယ်။ ၃-၆ လနေမှ သိသာမယ်။ ရေရှည်ပေးရတယ်။ မျက်နှာမွေးများသူကို eflornithine cream လိမ်းရနိုင်တယ်။ ကိုယ်အလေးချိန် ချသင့်တယ်။

ချိုင်းမွေး မရိတ်ပါနဲ့။ ဖြတ်ပေးပါ။ ရင်ပတ်မွေး ရှိတာ-များတာကို မကြိုက်သူများပေမဲ့ ထူးပြီးကြိုက်တဲ့သူတွေ ရှိတယ်။ တချို့က Don't go Brazilian ယောက်ျားတွေ အမြဲ ဆီးစပ်မွေးရိတ်တာ မကောင်းပါလို့ ပြောကြတယ်။ ဒါပေမဲ့ ပခုံးမွေး၊ ကျောမွေး မကြိုက်သူ များတယ်။ တို-ဖြတ်ပေးပါ။ အမွေးကို ပုံစံသွင်း ပြုပြင်တာ ရှောင်ပါ။ တချို့က အရောင်ချွတ်ဆေး သုံးတယ်။ ဈေးချိုတဲ့နည်းက ရိတ်ရတာ။ ဖယောင်းနည်းက ကုလားမတွေ အများဆုံး သုံးကြရတယ်။ အမျိုးသမီးများ ချိုင်းမွေး နဲနဲပါးပါးရှိနေတာကို မော်ဒယ်မဟုတ်ရင် မရိတ်-မဖြတ်ပါနဲ့။

ထူးထူးခြားခြား အမွေးများတဲ့လူမျိုးက ရှားပြီး လူတွေကို စိတ်ဝင်စားစေတာမို့ ဆပ်ကပ်တွေမှာ သုံးတတ်ကြတယ်။ ဥပမာ Julia Pastrana မုတ်ဆိပ်မွေးနဲ့ အမျိုးသမီး၊ သူ့မှာ လက်ဝါးတွေမှာပါ အမွေးတွေ ပေါက်နေတယ်။ အမေရိကန် Dime Museum ပြတိုက်မှာ ပြောစမှတ်တခုရှိတယ်။ မနေ့ညက ဟို မုတ်ဆိတ်နဲ့ မိန်းမ သေသွားတာ ကြားလား။ ကြားတယ်၊ စိတ်မကောင်းစရာ အစစ်ဘဲ။ သူ့မှာ မိန်းမနဲ့ ကလေးသုံးယောက် ကျန်ရစ်တယ်လေ။

မြန်မာပြည်ကလဲ ဒီနေရာမှာ ကမ္ဘာကျော်ပါတယ်။ ကိုလိုနီခေတ်က အင်းဝမှာနေခဲ့တဲ့ ရွှေမောင်းမိသားစုဆိုတာရှိတယ်။ သူ့ရဲ့ ကလေးသုံးယောက်ထဲက သမီး မဖုံးနဲ့ သူ့သား ဖိုးဆက်၊ မြေး မမဲတို့ဟာ Hypertrichosis ရောဂါ ရှိကြတယ်လို့ အိန္ဒိယဘုရင်ခံ ဂျွန်ကရောဖို့ဒ်က မှတ်တမ်း တင်ထားတယ်။

Dr. တင့်ဆွေ
၂၈-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး