Foreign လူသစ်များသို့ပေးစာ (၂)
သို့မဟုတ် နိုင်ငံခြားသွားဇာတာ
ကျနော်ငယ်ငယ်ကတည်းက နိုင်ငံခြားဆိုတာ သွားရလိမ့်မယ်လို့ ထင်မထားခဲ့ပါ။ ကျွန်တော့်လက္ခဏာမှာလည်း အဲဒီမျဉ်းကြောင်း ပါ-မပါကို မကြည့်တတ်ပါ။ ဒါပေမယ့် ပြည်ပမှာနေရတာတော့ နှစ်အစိတ်ကျော်နေပြီ။
အထက်တန်းကျောင်းသားဘဝ မြန်မာပညာတော်သင်တွေအကြောင်း သံရုံးတွေကထုတ်တဲ့ စာစောင်တွေထဲမှာ ဖတ်ရရင် အတော်တော့ အားကျတာအမှန်ပါ။ အဲဒါက အမေရိကန်နဲ့ ဗြိတိန်သံရုံးတွေကနေ မှာပြီးဖတ်တဲ့ စာအုပ်တွေထဲမှာ တွေ့တာပါ။ အထက်တန်းကျောင်းသားဘဝမှာ သံရုံးတိုင်းကနေ စာစောင်တွေ စာအုပ်တွေ လှမ်းမှာတဲ့ ဝါသနာရှိလို့ စာအမျိုးစုံကို ဖတ်ခဲ့ရတယ်။ စာတိုက်ကနေ ပို့ပေးသမျှ အကုန်ပါပဲ။ အနောက်ဂျာမနီ (ဂျာမနီနိုင်ငံက ဒုတိယကမ္ဘာစစ်ကြီး ပြီးကတည်းက နှစ်နိုင်ငံဖြစ်ရာကနေ ၃-၁ဝ-၁၉၉ဝ ရောက်မှ တနိုင်ငံတည်းပြန်ဖြစ်တယ်) သံရုံးက စာအုပ်တွေက စာရွက်အရည်အသွေး အကောင်းဆုံးဖြစ်တယ်။ ဆိုဗီယက်၊ တရုတ်၊ ယူဂိုဆလားဗီးယားစတဲ့ လက်ဝဲနိုင်ငံတွေကလာသမျှ စာရွက် အတော်ညံ့တယ်။ လက်ဝဲအယူအဆနဲ့ အမိန့်နာခံမှုကိုသာ ဖတ်ရပြီး သူတို့တိုင်းပြည်တွေမှာ တိုးတက် အောင်မြင်နေကြောင်း၊ ကိုယ့်ကိုယ်ကို ချီးမွမ်းထားတာတွေသာ ပါတယ်။ ကျွန်တော့်ကလေးဘဝ နိုင်ငံတကာအရေး အကဲဖြတ်ချက်က သည်လောက်သာ ရှိပါတယ်။
ဆိုရှယ်လစ်ဘက်ယိမ်းတဲ့ (မဆလ) ရေဒီယိုနဲ့ သတင်းစာတွေမှာ အဲဒါတွေသာပါတယ်။ အမေရိကန်သံရုံးက ထုတ်ဝေနေတဲ့ လင်းရောင်ခြည်ဂျာနယ် ပိတ်ခံရတာလည်းသိတယ်။ ဘီဘီစီ ငွေဗျိုင်းဖြူကဏ္ဍ၊ လူရည်ချွန်ကဏ္ဍ ပိတ်ခံရတာလည်း မှတ်မိတယ်။ ဘာလို့လဲတော့ သိပ်မသိခဲ့ပါ။
ဆေးကျောင်းရောက်တော့ နည်းနည်းနားလည်လာတယ်။ ဗိုလ်ချုပ်နေဝင်းအစိုးရကို မကြိုက်တာ မှန်ပေမယ့် တရုတ်ပြည်ကနေ အသံလွှင့်နေတဲ့ (ဗကပ) ရေဒီယိုက အလွန့်အလွန် တဖက်သတ်ဆန်တဲ့ အပြောအဆို အသုံးအနှုန်းတွေကို နားကြားပြင်းကပ်ရာကနေ ၁၉၆၇ တရုတ်အရေးအခင်းမှာ အမှတ်မထင်ပါသွားတယ်။ မန္တလေးနန်းတွင်းထောင်ထဲမှာ တနေ့တာထိန်းသိမ်းတာ ခံရတယ်။ ဗိုလ်ချုပ်နေဝင်းဆန့်ကျင်ရေးလုပ်တာလို့ မပြောလိုပါ။ ကွန်မြူနစ်ဆန့်ကျင်ရေးလို့လည်း တံဆိပ်ကပ်လို့ မရပါ။ ဒီမိုကရေစီလည်း မကြားဖူးသေးပါ။
ဆေးကျောင်းအပြီးမှာ သူငယ်ချင်းတချို့က နိုင်ငံခြားထွက်ကြတော့ နည်းနည်းအံ့သြမိတယ်။ ဘယ်လိုကဘယ်လိုတော့ မမေးမိပါ။ ဆရာဝန်တွေ မလေးရှား၊ ဂျမေကာ စတဲ့နိုင်ငံတွေကို သွားအလုပ်လုပ်ကြတာလည်း ကြားရတယ်။ အဲဒါလည်း မစပ်စုဖြစ်ပါ။ ကျနော်က တောနယ်ဆေးရုံတွေမှာသာ တာဝန်ကျနေပြီ။ နိုင်ငံခြားသွားအိပ်မက် မမက်နိုင်ပါ။
နိုင်ငံရေးထဲရောက်တော့ နိုင်ငံခြားအကူအညီနဲ့ အဆက်အသွယ်ကို တားမြစ်တာသိတယ်။ ကိုယ်က နယ်မှာသာနေရလို့ ဘယ်သံရုံးကိုမှလည်း အဝင်အထွက်မရှိပါ။ ကျနော်က အိန္ဒိယကို သွားခဲ့ရတာ မှန်ပေမယ့်၊ ၁၉၈၈ အရေးအခင်းကာလမှာ အိန္ဒိယသံရုံးကနေ ကူညီတယ်ဆိုတာကို အိန္ဒိယရောက်မှသာ သိတာပါ။ စင်ပြိုင်အစိုးရဖွဲ့ဖို့ရာ စိုင်းပြင်းကြတုန်းက အမေရိကန်သံရုံးကို သွားစကားပြောဖို့ ဖြစ်လာပါတော့တယ်။ အစည်းအဝေးကနေ ရွေးချယ် တာဝန်ပေးထားသူက မသွားတော့ ဗြဟ္မာကြီးဦးခေါင်းက ကျနော့်ပခုံးပေါ် ကျလာပါရော။ တာဝန်ယူရဲတဲ့သတ္တိရှိပေမယ့် အမေရိကန်သံရုံးကို မသွားဖို့ နောက်ဆုံးမိနစ်မှာ ကိုယ်တိုင်ပဲဆုံးဖြတ်လိုက်ပါတယ်။ ကံတရားကနေ ဖယ်မပေးတာလို့ မှတ်ယူပါတယ်။ သွားလိုက်တာနဲ့ အင်းစိန်ထောင်ထဲ အစောဆုံးဝင်ရတဲ့အမတ် ဖြစ်နိုင်တယ်။
အိန္ဒိယကို ထွက်ရတာကလည်း ဇာတာအရသာဖြစ်မယ်။ သွားဖို့တာဝန်ရှိတာက ထိုင်းနယ်စပ်ပါ။ ၁၉၉ဝ ဒီဇင်ဘာလထဲမှာ ထောက်လှမ်းရေးတွေက အိမ်ကိုလာဖမ်းတော့ လွတ်အောင်ရှောင်နိုင်လို့ နောက်နေ့မနက်ထုတ် လုပ်သားပြည်သူ့နေ့စဉ် နောက်ကျာဖုံးမှာ ဓာတ်ပုံနဲ့အတူ တရားခံပြေးအဖြစ်ပါလာတယ်။ စင်ပြိုင်အစိုးရဖွဲ့ဖို့ ကိုယ့်လူတွေက ထိုင်းနယ်စပ်ကို သွားနေကြပြီ။ ကျနော်ပုန်းအောင်းနေတဲ့ နေရာကနေ ထိုင်းနယ်စပ်ကို သွားဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်မယ်မထင်ပါ။ အဲလောက်ထိ မစွန့်စားဘို့ ဆုံးဖြတ်လိုက်ပြီး အနီးဆုံးဖြစ်တဲ့ အိန္ဒိယကိုသာ ရွေးချယ်လိုက်ပါတယ်။ နယ်စပ်ရောက်အောင် ဘယ်ကားမှ ငှားရမှာမဟုတ်လို့ ကိုယ့်ကားကိုသာ ကားလမ်းအဆုံးဖြစ်တဲ့ ဟားခါးအထိမောင်းတယ်။ နောက်ထပ် ၆ ရက်နဲ့ ၅ ည ခြေလျင်ခရီးနဲ့ ချင်းတောင်တန်းကိုကျော်ဖြတ်အပြီးမှာ အိန္ဒိယ-မြန်မာနယ်စပ်ကို ရောက်ပါတော့တယ်။ မမေ့ပါ အဲတာ ၂၁-၁၂-၁၉၉ဝ နေ့မှာ။
အမျိုးသားညွန့်ပေါင်းအစိုးရကို အဝေးရောက်အစိုးရလို့ မီဒီယာတွေက သုံးပါတယ်။ စစ်အစိုးရကတော့ ပြည်ပြေးလို့ ခေါ်ပါတယ်။ တိုင်းပြည်တွေ ရှိသမျှကို ပြေးရတော့မှန်တယ်။ ကျနော်ငယ်တုန်းက စာအုပ်တွေမှာယူဖတ်ခဲ့တဲ့ သံရုံးတွေရဲ့ နိုင်ငံတွေကို တကယ်ရောက်ရပါတော့တယ်။ စာရွက်သားအကောင်းဆုံးထုတ်တဲ့နိုင်ငံတွေကို အခေါက်ခေါက် ရောက်တယ်။ မော်စကိုမြို့ကိုတော့ ထရန်ဆစ်သာ ရောက်တယ်။ လင်းရောင်ခြည်မဂ္ဂဇင်း ထုတ်ဝေခဲ့တဲ့နိုင်ငံမှာ အခြေချလိုက်ရပါတော့တယ်။ အခုတော့ ကျနော်ဟာ နိုင်ငံခြားရောက် ရွှေမြန်မာ လေးသန်းကျော်ထဲက တယောက်သာ ဖြစ်ပါတယ်။ တမြန်နှစ်က စာရင်းချုပ်ကြည့်ပါတယ်။ ကျွန်တော် စုစုပေါင်း (၃၁) နိုင်ငံကို ရောက်ခဲ့တယ်။
၂ဝ၁၂-၂ဝ၁၅ မှာ ရွေးချယ်ခံရတဲ့လူသစ်တွေကတော့ ကံကောင်းကြပါတယ်။ ပါတီကိုယ်စားပြုပြီး ပြည်တရားဝင်ခရီးတွေ သွားလာနိုင်ကြတယ်။ ကျနော်တို့တုန်းက အန်အယ်လ်ဒီကို ကိုယ်စားပြုပြီး ပြောတာပါလို့ ပြောရပေမယ့် အန်အယ်လ်ဒီ ခေါင်းဆောင်မှုနဲ့ အဆက်အသွယ်လုပ်လို့ မရပါ။ လုပ်လိုက်ရင် အထဲကလူတွေ ထောင်ထဲရောက်ကြမယ်။ ပါတီပါ အဖျက်ခံရနိုင်သေးတယ်။ လူသစ်တွေကနေ နိုင်ငံတကာစင်မြင့်တွေမှာ တိုင်းပြည်အကျိုးသယ်ပိုးဖော်ဆောင်နိုင်ကြပါစေ။
ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂ဝ၁၅
၂၈-၁၁-၂ဝ၁၇

Comments
Post a Comment