Lie မုသားမပါ လင်္ကာမချော

မင်္ဂလာပါ ဆရာရှင့်။ မုသားမပါ လင်္ကာမချောရဲ့အဓိပ္ပါယ်လေး သိပါရစေရှင့်။ စာအုပ်တအုပ်ထဲမှာ ဖတ်ဖူးတယ် မုတမပါ လင်္ကာမချောတဲ့။ အဓိပ္ပါယ်လေး သိပါရစေရှင့်။

မုသားမပါ လင်္ကာမချောတဲ့။ ဟုတ်ကြရဲ့လားလို့ရေးတာတခု ဖတ်ရတယ်။ မုသားမပါ လင်္ကာမချောမဟုတ်ပါဘူးတဲ့။ မုတမပါ လင်္ကာမချောပါ။ မုတဆိုတာ မြန်မာလိုပြောရင် စိတ်ပေါ့။ အင်္ဂလိပ်လိုဆိုရင်တော့ mood လို့ခေါ်ပါတယ်။ ဆိုလိုတာက စိတ်ထဲကမပါရင် စကားပြောရင်တောင် ချောချောမောမောမရှိဘူးလို့ အဓိပ္ပါယ်ရပါတယ်။ စသဖြင့် ရေးထားတယ်တဲ့။

နောက်တခုကို ဘုန်းကြီးဘွဲနဲ့ ရေးထားတာလည်းဖတ်ရတယ်။ အဲတာမှာတော့ အင်္ဂလိပ်စာလုံးကို ကိုးကားမထားပါ။ လူတိုင်း အာရုံခြောက်ပါးရှိသည်။ မြင်ခြင်းကို ဒိဋ္ဌခေါ်သည်။ ကြားခြင်းကို သုတခေါ်သည်။ ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့၊ သိရှိုခြင်းကို မုတဆိုသည်။ မြင်ကာမျှဖြင့် စာဖွဲ့ပါလျှင် လင်္ကာမညက်ညောနိုင်ပါ။ ကြားရုံသက်သက်ဖြင့် စာစီပါက လင်္ကာ မညက်ညောနိုင်ပါ။ အမြင်၊ အကြားတို့သာမက ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့၊ သိရှိပြီးမှ ရေးသားလျှင် သို့မဟုတ် ပြောဆိုလျှင် စကားညက်ညောသည်၊ လင်္ကာမြောက်သည်ဟု ပြောရမည်၊ စကားပြေပြစ်သည်တဲ့။

ကျွန်တော်က မြန်မာစာဆရာမဟုတ်ပါ။ အဲလိုရှင်းလင်းတာတွေ မှန်ပါ့မလား စဉ်းစာပါတယ်။ အင်္ဂလိပ်စာကနေယူတာ မဟုတ်လောက်ပါ။ Mood ဆိုတာ စိတ်အခြေအနေဖြစ်တယ်။ ယာယီစိတ်ခံစားမှုဖြစ်တယ်။ ခံစားမှုဆိုတာ လူတိုင်းမှာ ပြောင်းလဲနေကြတယ်။ အဲတာနဲ့ စကား သို့မဟုတ် လင်္ကာ ဆက်စပ်မလို့မရပါ။

မုသားကို လိမ်ညာခြင်းလို့ ဘာသာပြန်ပါတယ်။ အမှန်နဲ့ လိမ်ပြောခြင်းကြားမှာ စကားတွေရှိတယ်။ လှည့်ပတ်ပြောတာ၊ ကွေ့ရှောင်ပြောတာ စသဖြင့်ရှိတယ်။ ရှေ့နေတွေက ကျွမ်းကျင်ကြတယ်။ ခုံတော်မောင်ကျပမ်းစာလေး ရေးထားတယ်။ မုသာဝါဒ ကမ္မပထမြောက်သော အင်္ဂါ ၄ ပါးလို့ဖတ်ရတယ်။ မဟုတ်မမှန်သော ဝတ္ထုလည်းဖြစ်ခြင်း၊ မှားယွင်းစေလိုသော စိတ်လည်းရှိခြင်း၊ ထိုစိတ်အားလျော်စွာ လုံ့လပယောဂပြုသည်လည်းဖြစ်ခြင်း၊ ထိုပယောဂကြောင့် သူတပါးတို့ အမှားကို အမှန်၊ အမှန်ကို အမှားဟု သိသည်လည်းဖြစ်ခြင်း။

စကားပြောရာမှာ တခါတရံ အတိအကျမပြောအပ်တာ မပြောသင့်တာတွေရှိပါတယ်။ စာရေးတာ ကဗျာစပ်ဆိုတာမှာလည်း တိုက်ရိုက်မရေးဖွဲ့သင့်တာမျိုးရှိတယ်။ ဘုန်ကြီးကို လျှောက်ထားရာမှာလည်း ဝိနည်းအရ စကားရွေးရတာမျိုးရှိတယ်။ နှုတ်ကောင်းလျှင်ပြည်စိုးစာ ရေးထားတယ်။ စကားအမျိုးအစား (၄) မျိုး၊ စကားအရာ အင်္ဂါ (၁ဝ) ပါး၊ စကားကြီး (၁ဝ) မျိုး၊ စကားကြီး (၆) ခွန်း လူ၌ထွန်း (၄) ခွန်းကိုပယ်၊ (၂) ခွန်းလွယ်၊ ဝစီဒုစရိုက် (၄) ပါးနဲ့ စကားစကားပုံတွေပါတယ်။

ကျွန်တော်ကတော့ မုသားမပါ လင်္ကာမချောဆိုစကား အမှန်ရှိတယ်လို့ ယူဆပါတယ်။ ဆရာဝန်တွေ ဆေးကုရာမှာလည်း လူနာကိုပြောဆိုတဲ့အခါ စကားရွေးပြောရတာမျိုး တကယ်ရှိပါတယ်။ ယဉ်ကျေးမှုလည်းဖြစ်တယ်။ အကျိုးလည်းရှိတယ်။

Speech နှုတ်ကောင်းလျှင် ပြည်စိုး https://doctortintswe.blogspot.com/2016/01/powerful-speech.html

ဒေါက်တာတင့်ဆွေ
၂ဝ-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး