Auspicious quotation မင်္ဂလသုတ်

ကျွန်မကိုယ်ဝန်နဲ့ကတည်းက ဆရာ့ဆီ ခဏခဏ မေးခဲ့ရတာပါရှင့်။ ကိုယ်ဝန် ၂၀ ပတ်နဲ့ အူအတက်ရောင်တုန်းကဆိုရင် ဆရာဖြေပေးတဲ့အတိုင်း ဆင်ခြင်နေပြီး ဆေးရုံ မြန်မြန်သွားလိုက်လို့သာ မခွဲခဲ့ရတာပါ ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။ ဆရာလဲ သက်ရှည်ကျန်းမာပျော်ရွှင်ပါစေရှင့်။ ဆရာ့ post တခုထဲမှာ ရေးထားတဲ့ မင်္ဂလသုတ်ထဲက ယှဉ်ပြိုင်လာသူ အားလုံးကို အနိုင်ရရပါလို၏ဆိုတဲ့ အပိုဒ်ကိုလဲ ခဏခဏ ရွတ်ဖြစ်ပါတယ်။

အခုပဲရတယ်။ သူ့စာထဲက နောက်ဆုံးစာကြောင်းအတိုင်း ကျွန်တော်ရေးခဲ့သလား ဘလော့မှာတင်ထာားတာတွေ လိုက်ရှာ စစ်ပါတယ်။ ယှဉ်ပြိုင်လာသူအားလုံးကို အနိုင်ရရပါလို၏ဆိုတာတော့ မဟုတ်ပါ။

၁၉၉ဝ ခုနှစ်နိုဝင်္ဘာလထဲမှာ ထောက်လှမ်းရေးက ပုလဲအိမ်အထိလာဖမ်းလို့ ထွက်မပြေးခင် မြန်မာပြည်ထဲမှာ ပုန်းနေရတုန်းက ဇာတိရွာဆရာတော်ကနေ ဗလာစာအုပ်ထဲက ဆုတ်ယူထားတဲ့စာရွက်ပေါ်မှာ သူ့လက်ရေးနဲ့ ခဲတံနဲ့ ရေးပေးထားတဲ့ မင်္ဂလသုတ်ထဲကတပိုဒ်ကို ကျွန်တော်ရွတ်ဆိုပါတယ်။ အခုလည်း ညစဉ်နီးပါး ရွတ်ပါတယ်။

ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ နကမ္ပတိ၊ အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။

ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ လာဘ်ရခြင်၊ လာဘ်မရခြင်၊ အခြွေအရံများခြင်း၊ အခြွေအရံနည်းခြင်း တည်းဟူသော လောကဓံတရား (၈) ပါးတို့နှင့်တွေ့ကြုံသော်ငြားလည်း၊ ဘုရား၊ ရဟန္တာတို့၏စိတ်သည် တုန်လှုပ်ခြင်းမရှိ၊ ကြောက်ရွံ့ခြင်းမရှိ၊ ရမက်လဲမရှိ၊ ဘေးရန်လဲမရှိဖြစ်တော်မူပါပေ၏။ ဤမှန်သောစကားကြောင့့် ရပါလို၏။

အဲဒီအကျိုးတရားကများတယ်။ နိုင်ငံရေးအလုပ်ထဲမှာ ပုဂ္ဂိုလ်ရေးတိုက်တာခိုက်တာတွေ ခံရတိုင်းလည်း တခုပြီးတခု ကျော်လွှားနိုင်ခဲ့တယ်။ ပတ်စ်ပို့အတု၊ နာမည်အတု၊ အဖေအမေနာမည်အတုတွေနဲ့ နိုင်ငံတကာထွက်ခဲ့ရတာ အကြိမ်ပေါင်း မရေမတွက်နိုင်ပါ။ အင်မီဂရေးရှင်းကောင်တာ အဝင်တိုင်း၊ အထွက်တိုင်းမှာ ရွတ်ခဲ့ရတယ်။ ပြဿနာပေါ်လည်း ကျော်နိုင်ခဲ့တယ်။ ဒါကြောင့် ယူအက်စ်အေကိုရောက်တာတာ ဘာထူးသလဲမေးရင် မိဘတွေပေးတဲ့နာမည်နဲ့ လူမျိုးအမည်ကို အမှန်အတိုင်းပြောနိုင်တဲ့ဘဝ ရောက်ပြီလို့ ဖြေပါတယ်။

ဆရာတော်ပျံလွန်တော်မူပြီးလို့သာ အခုလိုထုတ်ရေးနိုင်လာတာပါ။ အခုလည်း ညစဉ်နီးပါး ရွတ်ပါတယ်။ တလောက မြန်မာပြည်ကဆရာတော်တပါးကြွလာစဉ်က လျှောက်ထားရင်း တုန်လှုပ်ခြင်းမရှိအချက်ကအရေးအကြီးဆုံးဖြစ်တယ်လို့ ဖြေပါတယ်။ ကျွန်တော်က ကျော်လွှားနိုင်ရပါလို၏လို့သာ ဆုတောင်းပါတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၂-၂ဝ၁၆
၂၆-၂-၂ဝ၁၇
၂၉-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး