မြန်မာပြည်မှာ ငတာတွေကများ

ကျွန်တော့်ပို့စ်တခုထဲမှာ သတ်ပုံမှန်မှ စားကောင်းတယ်လို့ ရေးပါတယ်။

ကွန်မင့်တခု = တာဝန်ရှိသူတွေ ခေါ်ပြီး ပြောပြလိုက်ပါဆရာ။ ဘိုးရာဇာနဲ့ ဖိုးရာဇာလိုဖြစ်နေဦးမယ် :)

စာတိုငညို ခေါ် ဝန်ဇင်မင်းရာဇာ ခေါ် ဖိုးရာဇာဆိုတာ အင်းဝခေတ် မင်းကြီးစွာစော်ကဲ လက်ထက်မှာပေါ်ထွန်းခဲ့ပါတယ်။
မိတ္ထိလာကန်ဆည်စဉ်က တူးဖေါ်တွေ့ရှိတဲ့ ရွှေရုပ်ငွေရုပ်သမိုင်းကို ပြောပြနိုင်လို့ နန်းတော်ထဲရောက်ခဲ့တဲ့စာဆိုဖြစ်ပါတယ်။ ရာဇဓမ္မသင်္ဂဟကျမ်းပြုစုခဲ့တဲ့ ဦးဘိုးလှိုင်က မင်းတုန်းမင်းနဲ့ သီပေါမင်းတို့ လက်ထက်မှာ အမှုထမ်းခဲ့ပါတယ်။

တခါက (တစ်ခါက မဟုတ်) ယောအတွင်းဝန် ဦးဘိုးလှိုင်ကနေ မြင်းထိန်းငတာကို ရော့ရော့ ဒင်္ဂါး ၁၆ ပြားယူသွား။ အဲဒီငွေနဲ့ ပုဆိုးဝယ်ဝတ်။ နောက်ဆို ငါ့ကျမ်းတွေ ကောင်းကြောင်း လျှောက်မပြောလေနဲ့လို့ ဆုံးမရပါသတဲ့။

ယောအတွင်းဝန် ဦးဘိုးလှိုင်ကို ရွှေပြည်ဝန်၊ ယောမင်းကြီး၊ ရွှေပြည်မင်းကြီး၊ ဝက်မစွတ်မြို့စား၊ မကွေးမြို့စား ဝန်ရှင်တော်မင်းကြီး၊ သတိုးမင်းကြီး မဟာမင်းခေါင်သီဟသူ၊ မြန်မာ့နိုင်ငံရေးသုခမိန်ကြီး၊ ပထမသိပ္ပံစာပေ ပြုစုသူလို့ ခေါ်ဆိုခဲ့ကြပါတယ်။ ခုခေတ်လူတွေကလည်း ဦးဘိုးလှိုင်ကို ချီးမွမ်းကြပါရဲ့ နာမည်သတ်ပုံမှန်အောင် မရေးတတ်ကြပါ။ မြန်မာပြည်မှာ ငတာတွေက များတယ်။

ခုခေတ်စာရေးသူတွေက သခင်ကိုယ်တော်မှိုင်းကိုလည်း ချီးမွမ်းခန်းဖွင့်ကြပါတယ်။ သခင်ကိုယ်တော်မှိုင်းရေးခဲ့တဲ့ စာတွေကိုတော့ သတ်ပုံပြင်ကြတယ်။ ၃၁-၁-၁၉၅၅ နေ့က သခင်ကိုယ်တော်မှိုင်းရေးတဲ့စာမှာ ထိုမှတပါးလည်း၊ မှန်ကင်းတလှဲ့ ထင်းတလှဲ့၊ ရေစီးတခါ ရေသာတလှဲ့၊ အင်္ဂလိပ်တရန်၊ တထီးတနန်း တခမ်းတနား၊ ကဗျာစွယ်စုံကျမ်း တစောင်၊ သင်တမ်းတခုလို့ရေးတယ်။ နောက်တပုဒ်မှာ တကာတဦးက၊ တရက်အတွက်၊ ဒဏ်ငွေတကျပ်လို့ရေးတယ်။ ဝိသေသနိဒါန်းစာထဲမှာ တစ်ဖန် မဟုတ်။ ပုဂ္ဂိုလ်ထူးတစ်ပါးပါဘဲ မဟုတ်။ စစ်ကိုင်း မဟုတ်။ တစ်ပဲ့မတို့က မဟုတ်။ တစ်ချို့က မဟုတ်။ တစ်ပူပူ တစ်မှောင့်မှောင့် မဟုတ်။ တစ်ခါလာတွေ့ရတော့ မဟုတ်ပါ။

မြန်မာပြည်မှာ ငတာတွေကများတယ်။ (ကန်တော့ပါ)

ဒေါက်တာတင့်ဆွေ
၁၉-၁၁-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး