IUCD ကိုယ်ဝန်တား သားအိမ်ထဲထည့်ထားရတဲ့ပစ္စည်း

၁။ သားအိမ်အတွင်းထဲပစ္စည်းထည့်ပြီး သားဆက်ခြားတဲ့အကြောင်းလေး ရှင်းပြပေးပါဆရာ။ ကျွန်မဆေးတွေ မသောက်ချင်လို့ပါ။ တချို့က အဆင်မပြေဘူးပြောကြလို့ပါ။ ကျွန်မအခုအသက် ၃၀ပါရှင့် ကိုယ်ဝန် ၇လပါ ခွဲမွေးမှာပါ ဆရာဝန်က မွေးရင်း တစ်ခါတည်းထည့်ပေးမယါပြောပါတယ်။ ကျွန်မညီမလေးတုန်းက ရာသီတွေ တလလုံး လာနေပါတယ်တဲ့။ ပြီးတော့ကြိုးစထွက်နေတာ စမ်းမမိလို့ တဲ့ဆရာ။ အဲ့အကြောင်းလေးရှင်းပြပေးပါလားရှင်

၂။ ကျနော့် ဇနီး အသက် ၃၂ နှစ်။ သမီး ၁ ယောက်ရှိ။ ၁၈.၆.၂၀၁၇ နေ့က သားအိမ်အတွင်း IUD ထည့်ပါတယ်ခင်ဗျ။ ၁၃.၈.၂၀၁၇ နေ့က ပြန်ပြတော့ IUD ကို သားအိမ်အတွင်းမှာ မတွေ့တော့ ultrasound ရိုက်ရပါတယ်ခင်ဗျ။ IUD က သားအိမ်အပြင်ရောက်နေတယ်။ ဆေးရုံတက်ပြီး ဗိုက်ခွဲထုတ်ရမည်လို့ ဆရာဝန်ကပြောပါတယ်။ ကျနော်သိချင်တာက အဲဒီ IUD က တကယ် ဗိုက်ခွဲထုတ်မှ ရမယ့်အနေအထားလား ဒါမှမဟုတ် ဗိုက်မခွဲပဲ တခြားနည်းနဲ့ ထုတ်လို့ ရမယ့် အနေအထားရှိလား သိချင်လို့ပါခင်ဗျ။ ကျနော့်ဇနီးက ဗိုက်ခွဲရမှာ တအားကြောက်နေလို့ပါ ဆရာ။ ကျေးဇူးပြု၍ ကူညီပေးပါဆရာ။ သမီးလေးမွေးတုန်းက ဗိုက်ခွဲမွေးတာပါဆရာ။

၃။ ဆရာ IUD ကိုဘယ်မှာသွားလုပ်လို့ရနိုင်လဲမသိဘူး။ အကုန်အကျကော ဘယ်လောက်ဝန်းကျင်လောက်ရှိလဲ မသိဘူး။ ပြီးတော့ IUD နဲပက်သက်ပြီးရေရးထားတဲ့ ဆောင်းပါးလေးများရှိလား ဖတ်ချင်လို့ပါ။ ကျေးဇူးပြုပြီးဖြေကြားပေးပါဆရာ။

၎။ ဆရာရှင့် သားအိမ်ထဲ ပစ္စည်းထည့်ရင် တပါတ်အတူနေတာကို ရှောင်ထားရတယ်ဆိုတာ ဟုတ်ပါသလားရှင့်။

၅။ ဆရာရှင့် ကျွန်မ အသက် ၃၃နှစ်ရှိပါပြီရှင့်။ ကလေးက တနှစ်နဲ့သုံးလရှိပါပြီ။ သားအိမ်အတွင်းထည့်ပစ္စည်းထည့်တာ ၃ ရက်ပဲရှိပါသေးတယ်။ အပြင်ဆေးခန်းတစ်ခုမှာပါရှင်။ OG က သူနာပြုလေးကိုမေးလိုက်ပါတယ်။ Copper T ရှိလားလို့ မေးတော့ multiload ပဲရှိတယ်လိုဖြေပါတယ်ရှင့်။ Multiload နဲ့ copper T က ဘယ်လိုကွာပါသလဲရှင်။ ပြီးတော့ သားအိမ်တွင်းပစ္စည်းထည့်ချိန်မှာ ပစ္စည်းပုံစံကို မမြင်ဖူးလိုက်လို့ပါရှင်။ Multiload က ကြိုးစထွက်ပါသလားရှင်။ ကန့်တော့ပါဆရာ ကြည့်ကြည့်လိုက်တော့ ကြိုးစမမြင်ရလို့ပါရှင့်။ စမ်းလည်းမကြည့်ရဲပါဘူးရှင်။ နားမလည်လို့ ဆရာ့ကို မေးရတာပါရှင့်။ ဆရာကျန်းမာ ချမ်းသာပါစေ။

ကိုယ်ဝန်တားဘို့ သားအိမ်ထဲ ထည့်ထားရတဲ့ပစ္စည်း Intra-Uterine Contraceptive Device ကို အတိုကောက် IUCD ခေါ်တယ်။ IUD လို့လည်းခေါ်တယ်။ အင်္ဂလိပ်စာလုံး (တီ) နဲ့ တူတယ်။ အောက်ဖျားမှာ နိုင်လွန်ကြိုးလေး ၂ ချောင်းက သားအိမ်ထဲထည့်ပြီးနောက် ဗဂျိုင်းနားထဲမှာ တိုတိုလေးကျန်အောင် ဖြတ်ပေးလိုက်တယ်။ ဒီပစ္စည်းလေး ရှိနေ-မနေ စစ်လို့ရအောင်ဖြစ်ပါတယ်။

ကိုယ်ဝန်တား သားအိမ်ထဲထည့်ထားရတဲ့ပစ္စည်း နှစ်မျိုးနှစ်စားရှိတယ်။
၁။ Copper IUD ကော်ပါးတီကို အများဆုံးသုံးတယ်။ ၃ နှစ်နဲ့ ၅ နှစ်ခံတွေအသုံးများတယ်။ Paragard က ၁ဝ နှစ်ကြာ ထားနိုင်တယ်။ ကြေးနီဓါတ်ဟာ သုက်ပိုးအတွက် အဆိပ်ဖြစ်တယ်။

၂။ Hormonal IUD ဟော်မုန်းပါပစ္စည်း။ Mirena လို့ခေါ်တာထဲမှာ Levonorgestrel ခေါ်တဲ့ Progestin ပါနေတယ်။ ပိုထိရောက်တယ်။ ဟော်မုန်းပါနေလို့ ဟော်မုန်းသတ္တိနဲ့ ဘေးထွက်ဆိုးကျိုးတွေတော့ ရှိလိမ့်မယ်။ သားအိမ်ထဲမှာ ၅ နှစ်ကြာ ထားနိုင်တယ်။ သားအိမ်ဝက အချွဲကိုစေးပျစ်စေလို့ သုက်ပိုးဝင်မလာအောင်လဲ တားပေးနိုင်တယ်။ သားအိမ် အတွင်းနံရံကိုလဲ ပါးလွှာစေလို့ မျိုးစပ်မှုဖြစ်ဦးတော့ တွယ်ကပ်မှုမဖြစ်စေနိုင်ဘူး။ ရာသီဆင်းတာကိုလဲ နည်းစေနိုင်တယ်။ ဗိုက်နာတတ်တာလဲ သက်သာစေမယ်။

နှစ်မျိုးလုံးကနေ သုက်ပိုးနဲ့ မ-မျိုးဥ မတွေ့စေအာင်လုပ်ပေးတယ်။ မျိုးဥနဲ့သုက်ပိုး တွေ့ကြအုံးတော့ သားအိမ်အတွင်းနံရံမှာ လာမတွယ်စေနိုင်ဘူး။ ဒီပစ္စည်းရှိနေလို့ သားအိမ်နဲ့ သားအိမ်ပြွန်တွေကနေ အရည်တမျိုးထွက်တယ်။ ဒီအရေထဲမှာ သွေးဖြူဥ၊ ကေားပါး၊ အင်ဇိုင်းမ်တွေနဲ့ Prostaglandins ဟော်မုန်းတွေပါတယ်။ နှစ်မျိုးလုံးကို ကိုယ်ဝန်မရှိတာ သေချာရင် ထည့်နိုင်တယ်။ ကလေးဖွါးဘူးတဲ့ အမျိုးသမီးကိုထည့်ပေးရတာ ပိုလွယ်ကူတယ်။

Copper IUD သုံးတဲ့ အမျိုးသမီး ၁ဝဝဝ ယောက်မှာ ၆ ယောက် ကိုယ်ဝန်ရတာ တွေ့ရတယ်။ Hormonal IUD သုံးတဲ့ အမျိုးသမီး ၁ဝဝဝ ယောက်မှာ ၂ ယောက် ကိုယ်ဝန်ရတာ တွေ့ရတယ်။ အဲလိုဖြစ်ရတာရဲ့ အများဆုံးအကြောင်းရင်းက ပစ္စည်းထွက်ကျတာ မသိလိုက်လို့ဖြစ်တယ်။ မွေးပြီးကာစ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ ထည့်ပြီးနောက် တနှစ်အတွင်းမှာ ဖြစ်တာများတယ်။ ကလေး မမွေးဘူးသေးသူတွေလဲ ဖြစ်တယ်။

Hormonal IUD သုံးသူတွေ ၉ဝ% မှာ ရာသီဆင်းတာ နည်းစေမယ်။ ဗိုက်နာတတ်တာလဲ သက်သာမယ်။ တချို့မှာ ရာသီ မဆင်းတာလဲ ရှိတယ်။ ရောဂါမဟုတ်ပါ။ Endometrial hyperplasia သားအိမ်ရောဂါနဲ့ Endometrial cancer သားအိမ်ကင်ဆာဖြစ်တာ သက်သာစေနိုင်တယ်။ Endometriosis သားအိမ်ရောဂါရှိနေသူတွေလဲ ခံစားရတာတွေ သက်သာစေနိုင်တယ်။ သားအိမ်ပြင်ပသန္ဓေတည်တာဖြစ်တာလဲနည်းတယ်။ လူ ပိုမဝစေနိုင်ဘူး။

သတိထားစရာတွေ
ပိုက်ဆံပိုကုန်ကျတယ်။ ရာသီဆင်းတာ များတတ်တယ်။ တချို့မှာ ဗိုက်နာတာပိုနိုင်တယ်။ ကြားရက် သွေးနည်းနည်း ဆင်းချင်ဆင်းမယ်။ လူ ၁ဝဝဝ မှာ ၁ ယောက် သားအိမ်ကနေ ပေါက်ထွက်သွားတတ်တယ်။ လူ ၁ဝဝ မှာ ၂ ယောက်ကနေ ၁ဝ ယောက်လောက် ထွက်ကျတတ်တယ်။ ထည့်ကား ပဌမနှစ်အတွင်း အဖြစ်များတယ်။ Hormonal IUD သုံးသူတွေမှာ ကင်ဆာမဟုတ်တဲ့ မျိုးဥအိမ်အကျိတ် ဖြစ်နိုင်တယ်။ မခွဲရဘဲ ပျောက်သွားတတ်ပါတယ်။ တားဆေးစားဆေးတွေလိုဘဲ ဟော်မုန်းသတ္တိတွေရှိမယ်။ ရင်သားတင်းတာ-နာတာ၊ စိတ်မူပြောင်းတာ၊ ခေါင်းကိုက်တာ နဲ့ ဝက်ခြံထွက်တာတွေ ဖြစ်တယ်။ သိပ်မများလှပါ။ တကယ်လို့ ပစ္စည်းထည့်ထားရင်း ကိုယ်ဝန်ရရင် ထုတ်ရမယ်။ PID တင်ပါးဆုံတွင်း အင်္ဂါတွေရောင်ခြင်း ဖြစ်မလား စိုးရိမ်တာရှိပေမဲ့ ထည့်စဉ်ကရှိနေခဲ့လို့ဖြစ်တာများတယ်။ လိင်ကတဆင့် ကူးစက်ရောဂါတွေ ရှိနေစဉ် မထည့်ပါနဲ့။ STDs တွေကို မကာကွယ်နိုင်ဘူး။

ကောပါးတီကို အရေးပေါ်တားနည်းအဖြစ်သုံးနည်း
ကျားသုက်ပိုးနဲ့ မမျိုးဥတွေဆုံပြီးနောက် သားအိမ်နံရံမှာသန္ဓေကပ်ခြင်းဟာ မျိုးဥထွက်ပြီးနောက် ၆ ရက်ကနေ ၁၂ ရက် အတွင်းမှာ ဖြစ်နိုင်တယ်။ IUDs ထည့်တာကို မျိုးဥထွက်ပြီးနောက် ၅ ရက်အတွင်း လုပ်နိုင်တယ်။ မျိုးဥမထွက်ခင် ၃ ရက် လောက်အတွင်း အတူနေခဲ့တာကိုပါ ကာကွယ်မယ်။ အဲဒီရက်ဟာ အတူနေခဲ့ပြီး ၈ ရက်အထိအချိန်ကြာဖြစ်နိုင်တယ်။ ဒါပေမဲ့ မျိုးဥထွက်ရက်ကို မစိမ်းဘဲ မသိနိုင်လို့ အကာကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် ၅ ရက်အတွင်း IUD ထည့်သင့်တယ်။ WHO ကတော့ ရာသီရက် ၁၂ ရက်မြောက်နေ့အထိ သုံးနိုင်တယ်လို့ ဆိုတယ်။ Copper IUD ကို ၁၂ နှစ်အထိထားနိုင်တာ ပေါ်လာပြီ။ သတိထားဘို့က လိင်ကတဆင့်ကူးစက်ရောဂါ ရှိနေသူတွေ မသုံးသင့်ဘူး။

ချက်ချင်းအကာအကွယ်ပေးမယ်။ ရက်ရှောင်နေဘို့မလိုပါ။ ၄-၆ ပါတ်နေရင် ထည့်ပေးတဲ့ တခါခေါ်စစ်ပါမယ်။ ဒိနောက်မှာတော့ တနှစ်တခါသာ စစ်ဘို့လိုမယ်။ ရာသီလာတိုင်း ထွက်ကျ-မကျ ကိုယ့်ဖါသာစစ်ပါ။ ကြားထဲမှာလဲ ကိုယ့်ဖါသာ ကိုယ့်လက်နဲ့ကို စစ်နေနိုင်တယ်။ ခက်တာရှိမယ်။ လွယ်တာလည်း ရှိတယ်။ လိုအပ်တိုင်း ဆရာဝန်ကို တိုင်ပင်ပါ။

လေ့လာမှုတခုလုပ်ထားတာရှိတယ်။ အမျိုးသမီး ၃ဝဝ ကိုလေ့လာခဲ့တယ်။ ကလေးမွေးပြီး ၄၈ နာရီအတွင်းထည့်ပေးတယ်။ ၁၅ဝ ကို Cupper T380 (Cu T380) နဲ့ ကျန် ၁၅ဝ ကို Multiload 375 IUD ထည့်ပေးတယ်။ ၆ ပါတ်နဲ့ ၆ လတွေမှာ အာလ်ထွာဆောင်းရိုက်ပြီး စစ်ဆေးတယ်။ Cu T380 ထည့်ထားသူတွေမှာ ထည့်ထားတာပြန်ထွက်နှုန်း ၁၅% နဲ့ Multiload 375 ထည့်ထားသူတွေမှာ ၁၄့၉% ရှိတာတွေ့ရတယ်။ သုံးသပ်ချက်ကတော့ Cu T380 IUD နဲ့ Multiload 375 IUD ၂ မျိုးလုံးဟာ စိတ်ချရတယ်။

IUCD ကိုယ်ဝန်တား သားအိမ်ထဲထည့်ထားရတဲ့ ပစ္စည်း http://doctortintswe.blogspot.com/2014/11/iucd.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး