Ovulation မျိုးဥဘယ်ရက်ထွက်သလဲ

ဆရာရှင့် ကျွန်မအသက် ၃၈ပါရှင့်။ အမျိုးသားက့ မှာအလုပ်လုပ်နေရတော့ ကျွန်မတို့ ၁နှစ်မှာမှ ၄ကြိမ်လောက်သာ ဆုံဖြစ်ပါတယ်ရှင့်။ သားသမီးယူရာမှာ မရသေးပဲ လွဲချော်နေလို့ပါရှင့်။ ကျွန်မသိချင်တာက သားဥကြွေရက်ပါဆရာ။ ကျွန်မသားဥကြွေရက်ကို သေချာမတွက်တက်လို့ပါရှင့်။ ဒီလမှာ ၁၂.၁၁.၂၀၁၇ မှာ ရာသီစလာပါတယ်ရှင့်။ ပြီးခဲ့တဲ့လ ၁၀လပိုင်းတုန်းက ၁၁.၁၀.၂၀၁၇ မှာ ရာသီလာသွားပါတယ်ဆရာ။ ၁၁ လပိုင်း ၁၃.၁၁.၂၀၁၇ ကစပြီး ၅ရက်ဆက်တိုက် သားဥကြွေဆေးလည်း စားထားပါတယ်။ သားဥကြွေမကြွေ တိုင်းကြည့်တာအခုထိ မကြွေသေးလို့ပါဆရာ။ အခု အမျိုးသားရှိတဲ့နိုင်ငံမှာ ရောက်နေပါတယ်ဆရာ။ သဘက်ခါ မြန်မာနိုင်ငံပြန်ရတော့မှာမို့ သားဥမကြွေမှာ စိုးရိမ်နေလို့ပါ ဆရာ။ ကျေးဇူးပြုပြီး သားဥကြွေရက်လေး ဖြေကြားပေးပါဆရာ။ ကျေးဇူးတင်ပါတယ်။

ပုံမှန်အားဖြင့် အပျိုဖြစ်ကတည်းက သွေးမဆုံးခင်အထိ လစဉ် မျိုးဥထွက်တယ်။ အပျိုဖြစ်စမှာ ရာသီဆင်းပေမယ့် မျိုးဥမထွက်တာလည်းရှိတယ်။ အိမ်ထောင်ကျလို့ သားသမီးမရသေးရင် ရာသီလမှန်လားနဲ့ မျိုးဥမထွက်တာလားကို စဉ်းစားရတယ်။

၃ဝ% သော အမျိုးသမီးတွေက လလယ်ရက် အတိအကျမှာ မျိုးဥထွက်တယ်။ ၆ဝ% က လလယ်ရက်ထက် ၁ ရက် စောထွက်တယ်။ အားလုံးကို ခြုံလိုက်ရင် ၇၈%က လလယ်ရက်ထက် ၂ ရက် စောထွက်တယ်။ ကိုယ်ဝန်ရနိုင်-မရနိုင်ဆိုတာ ဒီမျိုးဥ ထွက်-မထွက်အပေါ် မူတည်တယ်။ ကိုယ်ဝန်မရအောင် တားနည်းတခုဖြစ်တဲ့ ရက်တွက်ပြီး အတူနေနည်းကလဲ ဒီရက်ကိုသိမှသာ စိတ်ချနိုင်တယ်။ မစမ်းပဲတော့ မသိနိုင်။

မျိုးဥထွက်-မထွက် စမ်းသပ်တဲ့ကရိယာကို Ovulation test ခေါ်တယ်။ Ovulation Predictor Kits လို့လည်း ခေါ်တယ်။ မျိုးဥဟာ မျိုးဥအိမ်ကနေထွက်ပြီး ၂၄ နာရီအထိခံတယ်။ လအလယ်မှာ မျိုးဥထွက်ဘို့ (LH) ဟော်မုန်း နည်းနည်း ပိုထွက်လာရတယ်။ စမ်းသပ်ကိရိယာတစုံထဲမှာ စမ်းသပ်ချောင်းလေး ၅ ခုကနေ ၇ ခုအထိပါတယ်။ ရာသီလကိုသိရမယ်။ ဥပမာ ၂၈ ရက်မှာ တခါလာသူအတွက် အရင်လက ရာသီစလာတဲ့နေ့ကနေတွက်ရင် ၁၁ ရက်မြောက်နေ့ကနေစရမယ်။ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅ ရက်တွေမှာ စမ်းသင့်တယ်။ ဆီးကို စမ်းရမဲ့အကွက်လေးမှာ ထည့်လိုက်ရင် အရောင်ပြောင်းလာမယ်။ အပေါင်းပြတယ်ဆိုရင် နောက် ၂၄ ကနေ ၆ နာရီအတွင်း မျိုးဥထွက်မယ်။ အပေါင်းပြပါမယ်။

ဆီးမစမ်းခင်မှာ ရေ-အရည် အများကြီးမသောက်သင့်ပါ။ တခြားဆေးတွေလဲ မသောက်ဘဲနေဘို့လိုနိုင်တယ်။ Estrogens, Progesterone, Testosterone ခေါ်တဲ့ ဟော်မုန်းဆေးတွေဖြစ်တယ်။ ကိုယ်ဝန်တားဆေးထဲမှာပါတယ်။ Clomiphene citrate (Clomid) မျိုးဥထွက်ဘို့ပေးတဲ့ဆေးဆိုရင် LH levels ကိုပိုများစေတယ်။ စမ်းသပ်မှုမှာ သေချာစေအောင် ဒီဆေးမျိုးကို မစမ်းခင် ၃ ရက်စောပြီး မသောက်ဘဲနေသင့်တယ်။

မျဉ်း ၂ ကြောင်းရှိမယ်။ Test line စမ်းသပ်လိုင်းက Reference line မှီးရမဲ့လိုင်းတက် နဲနဲမှိန်တယ်။ ကိရိယာတွေက မတူတတ်ပါ။ အညွှန်းကိုအရင်ဖတ်ပါ။ ဆီးကို မနက် ၁ဝ နာရီကနေ ည ၈ နာရီအတွင်းသွားတာကိုယူတာကောင်းတယ်။ နေ့ ၂ နာရီကအကောင်းဆုံး။ အဖြေကို ၅ မိနစ် အနည်းဆုံးစောင့်ပါ။ တချို့က ၁ဝ မိနစ်အထိစောင့်ခိုင်းတယ်။
ကွန်ထရိုးမျဉ်းနဲ့ နောက်ပေါ်လာမယ့်မျဉ်းကို ယှဉ်ကြည့်ရမယ်။ နောက်ပေါ်မျဉ်းက ကွန်ထရိုးလိုအရောင်တူနေရင် အပေါင်း။ ပိုပြီးထင်းနေတာလည်းရှိမယ်။ ပိုမှိန်နေရင် အနုတ်။ စမ်းတဲ့ဟော်မုန်းနည်းလွန်းရင် မမြင်ရအောင်အထိ မှိန်နေမယ်။ မှားပြီး အပေါင်းပြတာ ရှားတယ်။ နေ့ဆက်စမ်းရတာမို့ အချိန်တူမှာစမ်းပါ။

မျိုးဥထွက်ခန့်မှန်းရက်ထက် ၂ ရက်စောပြီး နေ့တိုင်း စမ်းသင့်တယ်။ ရာသီလာပြီး ၁၃ ရက်ကနေ ၂ဝ ရက်အတွင်း ဖြစ်ဘို့များတယ်။ ၁၁ ရက်ကစစမ်းပြီး ၂ဝ ရက်နောက်ဆို မစမ်းပါနဲ့တော့။ နောက်တလကြမှ ပြန်စမ်းပါ။ တလမှာ ၅ ရက် စမ်းသူ ၈ဝ% နဲ့ ၁ဝ ရက်ကြာစမ်းသူ ၉၅% မှန်နိုင်တယ်။ အပေါင်းလက္ခဏာပြတာနဲ့ ဆက်စမ်းစရာမလိုပါ။ စမ်းသပ်ကရိယာ ၉၉% စိတ်ချရတယ်။ Cassettes အမျိုးအစားက Strips ထက်ကောင်းတယ်။ အိန္ဒိယမှာ ၅ ခုပါ Cassette ကို ၁၄၅ဝ ရူးပီးပေးရတယ်။ ဆေးဘူးတခုထဲမှာ Cassette တခု၊ Pipette တခုနဲ့ အထားခံအောင် စမ်းရာမှာ မလိုအပ်တဲ့ Desiccant ဆိုတာပါတယ်။ ၃ မိနစ်နဲ့ အဖြေထွက်တယ်။

LH blood test သွေးစမ်းနည်းလဲရှိတယ်။ အရွယ်ရောက် အမျိုးသမီးတယောက်မှာ ပုံမှန် 5 to 25 IU/L (6 and 30 U/L) ရှိတယ်။ ယောက်ျားတွေပုံမှန် = 7 and 24 U/L ရှိရမယ်။ 2 mIU/ml ထက်နည်းနေရင် Hypogonadotropic hypogonadism ရောဂါရှိနေမယ်။ LH တွေ ပုံမှန်ထက်များနေတာဟာ Anorchia ယောက်ျားအစိမရှိသူ၊ Hypogonadism ရောဂါ၊ Klinefelter syndrome ရောဂါ၊ သွေးဆုံးပြီးချိန်၊ မျိုးဥအိမ်အလုပ်မလုပ်ခြင်း၊ PCOS မျိုးဥအိမ်အကျိတ်များရောဂါ၊ အသက်ငယ်လွန်းပြီး အရွယ်ရောက်သူ၊ Turner syndrome ရောဂါတွေကနေဖြစ်စေနနိုင်တယ်။ LH တွေ ပုံမှန်ထက် နည်းနေတာဟာ မျိုးဥမထွက်ဘဲ ရာသီသာဆင်းသူ၊ ကလေးမရနိုင်သူ၊ Multiple endocrine neoplasia (အင်ဒိုခရိုင်မ်) ရောဂါ၊ Ovarian cysts မျိုးဥအိမ်အကျိတ် တွေကနေ ဖြစ်စေနိုင်တယ်။

LH urine tests မျိုးဥအတွက် ဟော်မုန်းတက်လာမှု စမ်းသပ်နည်းဟာ Home fertility monitors မျိုးပွါးနိုင်စွမ်း စောင့်ကြည်ခြင်းနည်းနဲ့ မတူပါ။ Fertility monitors ဆိုတာ Digital handheld devices လက်ကိုင် ဒစ်ဂျစ်တယ်ကိရိယာ ဖြစ်တယ်။ မျိုးဥထွက်မှာကို တံတွေးထဲက ဓါတ်ဆားအနည်းအများ၊ ဆီးထဲက ဟော်မုန်းအနည်းအများနဲ့ ကိုယ်အပူချိန်တွေကို စောင့်ကြည့်နည်းဖြစ်တယ်။

ကိုယ်ဝန် ရှိ-မရှိ စမ်းတဲ့ hCG pregnancy test နဲ့လည်းမတူပါ။ ကိုယ်ဝန်ကိုစမ်းရင် မနက်ခင်းသွားတဲ့ ဆီးကိုစမ်းတာ ကောင်းပေမဲ့ မျိုးဥထွက်တာ စမ်းရင်တော့ နေ့ ၂ နာရီလောက် သွားတဲ့ဆီးက အကောင်းဆုံးဖြစ်တယ်။ မနက် ၁ဝ နာရီ နောက်ပိုင်းသွားတဲ့ဆီးလဲ ရပါတယ်။ ဒီဟော်မုန်းတက်လာတာမို့ မျိုးဥထွက်သူဟာ ကိုယ်ဝန်ရချင်ရင် အဲဒီရက်တွေမှာ အကာအကွယ်နည်း တခုမှမသုံးပဲ အတူနေရမယ်။ တလနဲ့မရသေးရင် နောက်လ၊ နောက်လတွေမှာ ဆက်စမ်းပါ။ လတွေကြာလို့မှ မရသေးရင် နည်းလမ်းသစ်ကို ကြံဆရပါမယ်။

• ရာသီလာပြီး ၈ ရက်မြောက်နေ့ကနေ ၁၉ ရက်အတွင်းဟာ ကိုယ်ဝန် အရနိုင်ဆုံးရက်တွေ ဖြစ်တယ်။
• ရာသီလာပြီး ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း မဆက်ဆံသူတွေထဲက ၄့၇% ကိုယ်ဝန်ရကြတယ်။
• ရာသီလာပြီး ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း ဆက်ဆံသူတွေထဲက (ကွန်ဒွမ်) နည်း၊ သုတ်ရည် အပြင်ထုတ်နည်း သုံးသူတွေမှာ ၅့၆% ကိုယ်ဝန် ရကြတယ်။
• ရာသီလာပြီး ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း ဘာအကာအကွယ်မှ မသုံးသူတွေထဲက ၁၁့၉% ကိုယ်ဝန် ရကြတယ်။
• မျိုးဥထွက်ရက်အတိမှာ အတူနေရင် ၈-၁ဝ% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၅ ရက် အလိုမှာ အတူနေရင် ၄% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၄ ရက်အလိုမှာ အတူနေရင် ၁၅% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၂ ရက်အလိုမှာ အတူနေရင် ၂၅-၂၈% ကိုယ်ဝန်ရကြတယ်။

- Clomiphene Citrate ကလေးမရနိုင်သူများအတွက်ဆေး http://doctortintswe.blogspot.com/2014/11/clomiphene-citrate.html
- Ovulation test မျိုးဥ ထွက်-မထွက် စမ်းနည်း http://doctortintswe.blogspot.com/2014/11/ovulation-test.html
- Clomiphene Brand Name မျိုးဥထွက်ဆေး http://doctortintswe.blogspot.com/2014/11/fertomid.html
- Fertomid မျိုးဥကျွေဆေး http://doctortintswe.blogspot.com/2015/04/clomiphene-brand-name.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး