Cervical Cancer (2) သားအိမ်အဝ ကင်ဆာ (၂)

သားအိမ်အဝကင်ဆာ (သားအိမ်ခေါင်းကင်ဆာ) ကို စောစောသိပြီး ဆေးကုသရင် အလွန်သက်သာရာရတယ်။ ပျောက်အောင် ကုနိုင်တယ်လို့တောင် ပြောနိုင်တယ်။ ရောဂါလက္ခဏာတွေကတော့ ဗဂျိုင်းနားကနေ တခုခုဆင်းမယ်၊ ကြားရက်သွေးဆင်းမယ်၊ သွေးဆုံးပြီးပေမဲ့ သွေးဆင်းလာမယ်၊ လိင်ဆက်ဆံစဉ်မှာ နာစရာမဟုတ်ဘဲ နာမယ်၊ သွေးဆင်းမယ်၊

အများဆုံးဖြစ်စေနိုင်တဲ့ တရားခံ
Human papillomavirus (HPV) ခေါ်တဲ့ ဗိုင်းရပ်စ် အုပ်စုဖြစ်တယ်။ အမျိုးအစား ၄ဝ ရှိတယ်။ တချို့က ပိုဖြစ်စေနိုင်တယ်။ Genital HPV infections လိင်လမ်းကို ဒီပိုးမျိုးဝဝင်ပေမဲ့ အများအားဖြင့် သူ့ဖါသူပျောက်နိုင်ပါတယ်။ မပျောက်ဘဲ နာတာရှည်ဖြစ်လာရင်တော့ သားအိမ်အဝက (ဆဲလ်) တွေ မူပြောင်းလာမယ်။ ဒါကနေ ကင်ဆာဖြစ်လာနိုင်တယ်။ ၉ဝ% သော သားအိမ်အဝ-ကင်ဆာက ဒါကနေဖြစ်တယ်။

ပိုးဝင်တာခံရပေမဲ့ ဘာမှမဖြစ်သလိုနေနိုင်တယ်။ သူ့အလိုလိုလဲ ပျောက်နိုင်တယ်။ တချို့အမျိုးအစားတွေက လိင်လမ်း ကြွက်နို့ဖြစ်စေတယ်။ ဒီအမျိုးအစားတွေက ကင်ဆာ ဖြစ်စေတာတွေနဲ့ မတူကြပါ။ လိင်လမ်း-ရေယုံ ကနေလဲ ဆေးမကုပေမဲ့ ကင်ဆာကို ပြောင်းမသွားစေပါ။ ဘာမှ ဒုက္ခမပေးသေးတဲ့ အကောင်တွေကသာ ကင်ဆာ ဖြစ်လာစေနိုင်တယ်။ အဲလိုရှိနေတာ နှစ်တွေနဲ့ကြာနေနိုင်တယ်။

ဘယ်လိုလူတွေမှာ HPV ကူးဘို့အန္တရာယ်ရှိသလဲ
• ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် လိင်ဆက်ဆက်မှုရှိသူတွေမှာသာ ပိုအဖြစ်များတယ်။ လိင်ဆက်ဆံရာကနေ တချိန်ချိန်မှာ တယောက်ယောက်ဆီကနေ ပိုးကူးစက်လာတာ ခံရနိုင်တယ်။ ဘာမှခံစားနေရတာ မဟုတ်ပေမဲ့ သူများကိုတော့ ကူးစက်စေနိုင်တယ်။
• (ကွန်ဒွမ်) သုံးတာက အများကြီး အခွင့်အလမ်း နည်းစေတယ်။ လုံးဝ မကူးဘူးတော့ မပြောနိုင်ပါ။
• သားအိမ်အဝသာမက၊ ဗဂျိုင်းနား (မွေးလမ်းကြောင်း)၊ မိန်းမကိုယ်၊ ယောက်ျား လိင်အင်္ဂါ၊ ယောက်ျား-မိန်းမ စအိုနဲ့ ခံတွင်း-ကင်ဆာတွေလဲ ဖြစ်စေနိုင်သေးတယ်။
• ဆေးလိပ်သောက်သူတွေ၊
• ကလေးမွေး များသူတွေ၊
• ကိုယ်ဝန်တားဆေး နှစ်ရှည်လများ သုံးသူတွေ၊
• HIV ခုခံအားကျဆင်းနေသူတွေ။

HPV ဒီပိုးကနေ သားအိမ်ဝကင်ဆာ ဘယ်လိုဖြစ်လာသလဲ
ကင်ဆာဖြစ်စေဘို့ များတဲ့ပိုးအမျိုးအစား ကူးစက်တာခံထားရရင် ကိုယ်ထဲမှာ အကြီးနေရာကနေ သားအိမ်အဝမှာ ရှိကြတဲ့ (ဆဲလ်) လေးတွေကို မူ-ပုံစံပြောင်းစေမယ်။ ဒီအဆင့်ကို ကင်ဆာမဖြစ်ခင်ပြောင်းလဲမှုလို့ ခေါ်တယ်။ ကင်ဆာလူနာ မဟုတ်ပါ။ ကြာလာရင်တော့ ကင်ဆာ-ဆဲလ်တွေ ဖြစ်လာချင် ဖြစ်လာနိုင်တယ်။ ဘေးကိုပြန့်လာမယ်။

တခါတလေ Pap Test သာမကဘဲ HPV DNA Test ကိုလည်းလုပ်မယ်။ High-risk forms of HPV ပိုးအမျိုးအစားကို ခွဲခြားတာ ဖြစ်တယ်။ ကင်ဆာဖြစ်စေတဲ့ အကောင်လား သိချင်လို့ပါ။ အသက်မငယ်သူတွေကို လုပ်တာများတယ်။ Pap test က မူမှန်တာတွေလို့လဲ အရွယ်ငယ်ငယ်-ကြီးကြီး လုပ်မယ်။

Pap Test (ပက်ပ်-တက်စ်) ခေါ် Pap smear (ပက်-စမီးယား) စမ်းသပ်နည်းဟာ အလွန်အောင်မြင်တဲ့ စမ်းသပ်နည်းတခု ဖြစ်တယ်။ အစမ်းခံရတာ မနာဘူး။ ထုံဆေးသုံးပါတယ်။ သားအိမ်အဝကို ဂွမ်းစလေးနဲ့သုတ်ယူတာသာ ဖြစ်တယ်။ မကောင်းတာလေး နဲနဲတွေ့တယ်လို့ဆိုရင် ဆေးထပ်စစ်ရမယ်။ လိုအပ်ရင် Colposcopy ကရိယာနဲ့ကြည့်မယ်။ လိုသေးရင် Biopsy အသားစလေးဖြတ်ယူပြီး စစ်မယ်။ Precancerous abnormal cells ကင်ဆာမဖြစ်ခင်အဆင့် တွေ့နေရင် ထုတ်ပြစ်ပေးမယ်။ ဖျက်ဆီးပေးမယ်။

Biopsy (ဘိုင်အော့ပ်စီ) အသားစ ဖြတ်ယူစစ်ဆေးနည်း
ရောဂါကို သေခြာစေရတယ်။ Cervical tissue သားအိမ်အဝက (တစ်ရှူးစ) ကိုစစ်တာပါ။ ပုံမှန် (ဆဲလ်) တွေလား၊ Precancerous cells ကင်ဆာမဖြစ်ခင် (ဆဲလ်) တွေလား၊ Cancer cells ကင်ဆာ-ဆဲလ်တွေလား မှန်ဘီလူးနဲ့ စစ်တယ်။ မေ့ဆေးလိုတယ်။

ကင်ဆာ အဆင့်များ
Stage 0 ကင်ဆာ-ဆဲလ်တွေက သားအိမ်အဝ မျက်နှာပြင်မှာသာရှိနေသေးချိန်၊
Stage I ကင်ဆာ-ဆဲလ်တွေက သားအိမ်အဝကနေ ဘေး-တခြားမရောက်သေးချိန်၊
Stage II ကင်ဆာ-ဆဲလ်တွေက ဗဂျိုင်းနား အပေါ်ပိုင်းအထိသာရောက်သေးချိန်၊
Stage III ကင်ဆာ-ဆဲလ်တွေက ဗဂျိုင်းနားအောက်ပိုင်းရောက်ပြီး ဆီးလမ်းကိုလဲ ပိတ်ချင်ပိတ်လာချိန်၊
Stage IV ဆီးအိမ်၊ အစာဟောင်းအိမ်၊ တခြားနေရာတွေအထိရောက်နေချိန်။

ကုသနည်းတွေ
(၁) Surgery ခွဲစိတ်ကုသနည်း
Stage II ထက်မကျော်သေးရင် ခွဲစိတ်မယ်။ Hysterectomy သားအိမ်နဲ့တခါတည်း သားအိမ်အဝကိုပါ ထုတ်ပြစ်မယ်။ ဘေးနားက ထုတ်သင့်တာတွေလဲ ထုတ်မယ်။ ဥပမာ သားအိမ်ပြွန်၊ မျိုးဥအိမ်၊ (လင့်ဖ်-နုတ်) တက်စေ့တွေ။

(၂) Radiation ဓါတ်ကင်ခြင်း
External radiation therapy ခေါ်တယ်။ High-energy X-rays ပြင်းအားများတာသုံးတယ်။ ကင်ဆာ-ဆဲလ်တွေကို သေစေတယ်။ ခွဲစိတ်တုံးက မမြင်နိုင်လို့ ကျန်နေတာရှိရင်လဲ သေစေမယ်။ Internal radiation နည်းကို Brachytherapy ခေါ်တယ်။ ရေဒီယိုသတ္တိကြွပစ္စည်းကို ကင်ဆာနေရာမှာ ထည့်ပေးနည်း ဖြစ်တယ်။ များသောအားဖြင့် ဓါတ်ကင်နည်းနဲ့ ဆေးပေးကုသနည်း တွဲလုပ်ပေးတယ်။ ဆေးအပြင်းတွေကြောင့် သွေးဖြူဥနည်းတာ၊ မောပန်းတာ၊ အစာမကျေတာ၊ ပျို့-အန်တာ၊ ဝမ်းပျက်တာတွေ ဖြစ်စေနိုင်တယ်။

(၃) Chemotherapy ဆေးပေးကုသနည်း
ဆေးကြောင့် တကိုယ်လုံးမှာ ရောက်နေသမျှ ကင်ဆာ-ဆဲလ်တွေကို သက်ရောက်စေနိုင်တယ်။ ပြန့်နေတဲ့အဆင့်အတွက် အသုံးကျတယ်။ မောပန်းတာ၊ ဆံပင်ကျွတ်တာ၊ သွေးယိုလွယ်တာ။ ပျို့-အန်တာ၊ အစားပျက်တာတွေ ဖြစ်စေနိုင်တယ်။

ကင်ဆာကုနေတုံး ဘယ်လိုဆင်ခြင်ရမလဲ
ကင်ဆာဖြစ်နေလို့ကုသတာကနေ လူကိုတော့ ပင်ပန်းနွမ်းနယ်စေမှာ အမှန်ပါ။ ဒါပေမဲ့ အဆိုးကြီးအတွက် ဒိလောက်မဆိုးတာနဲ့ လဲရတာ ကောင်းစေပါတယ်။ အစာအာဟာရပြည့်ဝ-မျှတအောင်စားပါ။ လူကလဲ တတ်စွမ်းသလောက် တက်ကြွမှုရှိနေပါစေ။ သက်တောင့်သက်သာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။

ကင်ဆာနဲ့ ကလေးရနိုင်ခြင်း
သားအိမ်-ကင်ဆာကို ဆေးကုရတာကနေ ကလေးမရစေတာဖြစ်စေနိုင်တယ်။ ဒါပေမဲ့ စောစောသိလို့ ဆေးသေခြာကုသရင် တချိန်မှာ ကိုယ်ဝန်ဆောင်နိုင်ပါသေးတယ်။

ဘယ်လောက်ကြာကြာ ကောင်းနေမှာလဲ
စောစောသိတာ၊ ဆေးကုသနည်းတွေအပေါ် မူတည်တယ်။ ကိုယ်ခံအားအပေါ်လဲ မူတည်တယ်။ ၁၅% ကနေ ၉၃% အထိ ၅ နှစ်သက်တမ်းရှိတယ်လို့ လေ့လာမှုတွေကဆိုတယ်။ ဒီကိန်းဂဏန်းတွေက ၂ဝဝဝ နဲ့ ၂ဝဝ၃ တုံးကရထားတာမို့ နောက်ပိုင်းမှာ ပိုကောင်းစရာသာရှိပါတယ်။ တယောက်နဲ့တယောက် မတူတာကို ကံတရားလို့ပြောရင် မှန်ပါတယ်။

Cervical Cancer Vaccine ကာကွယ်ဆေး
HPV ကို ကာကွယ်တဲ့ Vaccines ဆေးရှိနေပြီ။ သားအိမ်ဝ-ကင်ဆာ ၇ဝ% ကိုဖြစ်စေတဲ့ HPV types 16 and 18 ကို ကာကွယ်မယ်။ WHO ကတော့ မိန်းကလေး အသက် ၁၁-၁၂ နှစ်ကစပြီးထိုးခိုင်းတယ်။ အမေရိကားမှာ ၉ နှစ်သမီးတွေကို စထိုးတယ်။ ၆ လ အတွင်းမှာ ၃ ခါထိုးရတယ်။ ပဌမတခါထိုး၊ ဒုတိယတခါကို နောက် ၁-၂ လမှာထိုးပြီး တတိယတခါကို ပဌမတခါရဲ့နောက် ၆ လ အကြာမှာထိုးတယ်။ ငယ်တုံးက မထိုးရသေးရင် ၁၃ နှစ်ကနေ ၂၆ နှစ်အထိလဲ ထိုးသင့်ပါတယ်။ Cervarix နဲ့ Gardasil ဆိုပြီး ကာကွယ်ဆေး ၂ မျိုးရှိတယ်။ Gardasil ဆေးက Genital warts လိင်လမ်းကြွက်နို့ကို ဖြစ်စေတဲ့ ပိုး ၂ မျိုးကိုပါ ကာကွယ်နိုင်တယ်။ ကာကွယ်ဆေးထိုးထားပေမဲ့ ကင်ဆာအတွက် ဆေးစစ်နေသင့်တယ်။ ကျန်တဲ့ပိုးတွေကို မကာကွယ်နိုင်လို့ဖြစ်တယ်။

ကုသမှုရွေးချယ်ခြင်း
ကင်ဆာ အရွယ်အစား၊ ဖြစ်တဲ့နေရာ၊ နဲ့ ကလေးယူ-မယူ ဆိုတာတွေကို ထည့်စဉ်းစားပါတယ်။ အဖွဲ့လိုက်ကနေ ကုရတာပါ။ ကုသချက်ရဲ့ ဘေးထွက်ဆိုးကျိုးတွေက တယောက်နဲ့ တယောက် မတူလို့ ရွေးချယ်ပြီးသား နည်းလမ်းကို ပြန်ပြောင်းချင် ပြောင်းပေးတယ်။ ခွဲစိတ်နည်းကို အဆင့် (၁) နဲ့ (၂) မှာသာ လုပ်တယ်။ ခွဲထုတ်တာကလည်း
• Cervix သားအိမ်အဝ၊ မွေးလမ်းကြောင်း အစိတ်အပိုင်း၊ တင်ပါးဆုံထဲက တက်စေ့တွေကိုထုတ်တယ်။
• Total hysterectomy သားအိမ်တခုလုံးထုတ်တယ်။
• Radical hysterectomy သားအိမ်တခုလုံး၊ သူ့ဘေးက တစ်ရှူးတွေ၊ မွေးလမ်းကြောင်းအစိတ်အပိုင်း၊ တင်ပါးဆုံထဲက တက်စေ့တွေကို ထုတ်တယ်။
• Fallopian tubes and ovaries သားအိမ်ပြွန်နဲ့ မျိုးဥအိမ်တွေကိုပါ ထုတ်တယ်။

အစာအာဟာရ ပြည့်ဝပါစေ။ လေ့ကျင့်ခန်းလည်း လုပ်ပါ။ မြန်မာလူမျိုးပီပီ ကံထမ်းလာတာ မမြင်ရဘူး မဟုတ်လား။ စိတ်ဓါတ် ကောင်းနေအောင်၊ သီလကောင်းနေအောင်လည်း လုပ်ပါစေ။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ