Organic Onion မင်းရွာကြက်သွန်

ဆရာ ဒီနှစ်ရွာမှာ ကြက်သွန်တော်တော်ရကြတယ်။ ဈေးလဲရတယ်ပြောတယ်။ အိမ်တိုင်းမှာ ကြက်သွန်ပုံတွေ ချည်းပဲ။ သီးနှံတွေရကြတော့ အားလုံးအဆင်ပြေ ဝမ်းသာရတာပေါ့။

• ကျွန်တော့်ဇာတိရွာ အိမ်ခြေတရာမရှိ၊
• ဒါပေသိ နွေရာသီတိုင်းမှာ ကိုယ့်ကမ္ဘာလို့သာထင်မိ။

• ရွာတောင်ဘက်က ယမားချောင်း၊ ကားမောင်းဘို့ခက်၊
• အုန်းလက်၊ ငှက်ပျောဖက်၊ သစ်ရွက်၊ မြက်၊ လမ်းလုပ်ဖို့အတွက် အိမ်တိုင်းက အင်ဂျင်နီယာထွက်။

• သဲသောင်စပ်တွင်၊ ကြက်သွန်၊ ခရမ်းချဉ်၊ နှစ်စဉ်စိုက်၊
• ဈေးကိုက်တဲ့အခါကိုက်၊ အရင်းစိုက်ရတဲ့အခါစိုက်။

• ရွာမှာဈေးမရှိ၊ အိမ်ဆိုင်လည်းမရှိ၊
• ခေါင်းရွက်သည့်အသယ်၊ ဈေးလည်ရောင်းသူအလာ စောင့်ကြရ၏။

• ခြံထွက်တဲ့ ကွမ်းရွက်၊ အခင်းထွက် အရွက်အသီး၊
• ဝက်မလွတ်ငှက်ပျောသီး၊ ဖီးကြမ်းငှက်ပျောသီး၊
• မနီးမဝေး ငါးရက်တဈေး၊ ဈေးလှည့်ရောင်းရ၊ ဈေးလှည့်ဝယ်ရ၏။

• ခြံစည်းရိုးဟိုဘက်မှာ ပြောင်းဖူးခင်း၊
• အိမ်ခေါင်းရင်းက အုန်းပင်၊
• ပင်ထက်မှည့် သင်္ဘောသီး၊
• ဆီးယိုက နှစ်ပေါက်၊ မုန့်လက်ကောက်၊ မုန့်ဆီကျော်၊
• ပဲလှော်ကမျိုးစုံ၊ ဆီဆုံက နှမ်းပတ်ခဲ၊
• အမဲခြောက်ဖုတ်၊ ပေါက်ပေါက်ဆုပ်၊
• ဧည့်သည်လုပ်မလား၊ အိမ်တိုင်းမှာ ကြက်မွေးထား။

• မြို့သားကျွန်တော် ရွာလည်ပြန်သော်၊ ဆရာတော့်ဆွမ်းကျန်စားပြီး စာအံ၊
• ကျောက်တံနဲ့ ကျောက်သင်ပုန်း၊ ဝလုံးကစ၊
• ဂဏန်းက ဆယ့်ခြောက်ဆယ်နှစ်လီထိ အာဂုံဆောင်ရ၊
• တက်ဘလက်ခေတ်ကျမှ အလွတ်ကျက်ရတဲ့ပညာရေး၊ ရှေးကျတယ်လို့သတ်မှတ်ခံရ၊
• ငယ်ကတည်းကစာ ခုထိပြန်အန်လို့ရ၊
• အတွေးက တောဆန်၊ အရေးကလည်း တောသံ၊ ဘာလိုလိုနဲ့ တောမပြန်ရတာကြာပြီကော။ ။

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂ဝ၁၅
၂၉-၁၁-၂ဝ၁၇
ဓါတ်ပုံ = မာန်ဟုန် ဟုန် Kyaw Hlaing Oo

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး