Oral hygiene kids ကလေးခံတွင်းသန့်ရှင်းရေး

၁။ ဆရာရှင့်ကလေးက အသက် ၁နှစ် ၂လပါ။ ဘယ်အချိန်သွားစတိုက်ရမလဲသိချင်ပါတယ်ဆရာ။ အသက် ၃-၄ နှစ်အထိ မိခင်နို့တိုက်ရင် သွားပိုးစားတက်တယ်ဆိုတာ မှန်ပါသလားဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

ကလေးတွေ သွားပေါက်ကတည်းက သွားဖုံးကျန်းမာရေးဂရုစိုက်ရပါမယ်။ အစမှာ သွားတိုက်တံ မလိုသေးပါ။ အဝတ်စသန့်တာလေးကို စိုအောင်လုပ်ပြီး သန့်ပေးနိုင်တယ်။ ညင်ညင်သာသာ တနေ့ ၂ ခါ။ စားပြီးချိန်နဲ့ ညအိပ်မီ။
တဖြည်းဖြည်း သွားတိုက်တံ နူးညံ့တာ၊ ခေါင်းသေးပြီး လက်ကိုင်ရှည်တာလိုလာမယ်။ ကလေး ၃ နှစ်သားမှာ ဖလိုရိုက်ပါသွားတိုက်ဆေး ပဲစေ့အရွယ်လောက်သာလိုမယ်။ ဒိထက်ငယ်ရင် ဆန်စေ့လောက်သာလိုတယ်။ သွားတိုက်ရင် အတွင်းရောအပြင်ပါ။ ဖြစ်နိုင်သမျှ သွားပွတ်တံကို အထက်နဲ့အောက်တိုက်ရမယ်။ ကလေးရော လူကြီးပါ ကန့်လန့်တိုက်တာ မသင့်ပါ။ သွားဖုံးတွေကို အထိနာစေတယ်။

သွားပိုးစားတယ်ဆိုတာ ပါးစပ်ထဲဝင်တာထဲမှာ သကြားဓါတ်နဲ့ သွားရည်ရောတာကနေ အက်စစ်ဓါတ် ဖြစ်စတာကနေ စတယ်။ သကြားဓါတ်ဆိုတာ မိခင်နို့ + နွာနို့ + နို့မှုန့် + ချောကလက် + ထမင်း စတာတွေ အကုန်နီးနီးထဲမှာ ပါတယ်။ အက်စစ်ဓါတ်က သွားကိုဖုံးနေတဲ့ ကြွေလွှာကို ပျက်စီးစေတယ်။ နေ့ခင်းမှာ မသိသာပေမယ့် ညအိပ်နေရင် ဆိုးတယ်။ အဲတာကြောင့် အစာစားပြီးချိန်နဲ့ ညမအိပ်မီမှာ ခံတွင်းသန့်ရှင်းရတယ်။

Oral hygiene ကလေးခံတွင်းသန့်ရှင်းရေး

၂။ ဆရာ ကျမသမီးလေးက ၁၄ လပါ။ သွားလေးက အပေါ်၎ ချောင်း အောက် ၄ ချောင်းပါ။ သူ့သွားလေးတွေကို သန့်ရှင်းပေးဖို့ ပူးတွဲပါဓာတ်ပုံထဲကပစ္စည်းလေးကို ဝယ်လာပါတယ်ဆရာ။ အဲဒါ ဘယ်လိုအသုံးပြုရမလဲ။ ဘယ်လို အကျိုးရှိလဲ။ ကျေးဇူးပြု၍ ဖြေပေးပါရှင့်။

အဲတာ ကြော်ငြာဆေးသဘောဖြစ်ပါတယ်။ အသေအချာ မသိပါ။ ခံတွင်းသန့်ရှင်းရေး အရေးကြီးတယ်။ စားပြီးတိုင်း ပလုပ်ကျဉ်းတာ ကောင်းတယ်။ မနက်ထနဲ့ လည်ပင်းနာရင် ဆားရည်နဲ့ပါးစပ်ဆေးတာကောင်းတယ်။ သွားတိုက်ရင် သွားတိုက်တံက မမာရပါ။ သွားတိုက်ဆေး အဆန်းတွေမကောင်းပါ။ သွားကိုအထက်-အောက်တိုက်ရမယ်။ လျှာကိုပါ တခါတည်းတိုက်ရမယ်။

Floss ခေါ်တဲ့ကြိုးစနဲ့သန့်တာ စောသေးတယ်။ Chewing gum သကြားမပါတာကို ငုံပါ။ စုပ်ရတဲ့ အစားအစာမျိုးမှာ သကြားမပါရင် ပိုကောင်းတယ်။ ကြော်ညာပြီးရောင်းတဲ့ဆေးရည်တွေကို သတိပြုသုံးပါ။

လျှာကို ညင်ညင်သာသာ တနေ့ ၂ ခါ သန့်ရှင်းပါ။ လျှာပေါ်က ဗက်တီးရီးယား၊ အစာအကြွင်းအကျံတွေနဲ့ အကျိအချွဲတွေ ရှင်းဘို့ လျှာဆေးကရိယာသုံးပါ။ ဇွန်းနဲ့လဲ လုပ်လို့ ရပါတယ်။ လျှာကို မခိုက်မိပါစေနဲ့။ လျှာနောက်နားမှာ ရှိနေတဲ့ အရသာခံ အသီး-အဖုလေးတွေကို မထိခိုက်စေပါနဲ့။

Oral hygiene ခံတွင်းသန့်ရှင်းရေး http://doctortintswe.blogspot.com/2017/08/oral-hygiene.html
Oral hygiene ကလေးခံတွင်းသန့်ရှင်းရေး http://doctortintswe.blogspot.com/2016/08/oral-hygiene.html

ဒေါက်တာတင့်ဆွေ
၃-၈-၂ဝ၁၆
၂၁-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး