India minister says sin causes cancer ကင်ဆာနဲ့ အကုသိုလ်

၂၃-၁၁-၂ဝေ၇ နေ့က သတင်းတခုမှာပါတယ်။ အိန္ဒိယနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးတဦးက ကင်ဆာဆိုတာ အတိတ် အကောင်းမှုဒဏ်ကြောင့်ခံရတဲ့ ဘုရားပေးတရားစီရင်ချက်ဖြစ်တယ်လို့ ပြောလိုက်တဲ့အတွက် ကင်ဆာလူနာမိသားစုတွေက ဒေါသထွက်နေကြပါတယ်။ မိဘတွေရဲ့ မကောင်းမှုကြောင့် ကင်ဆာလိုရောဂါတွေရနိုင်တယ်လို့ အာသန်ပြည်နယ် ကျန်းမာရေးဝန်ကြီး ဟီမင်သာ ဘစ်ဝါ ဆားမားကပြောတာဖြစ်ပါတယ်။

ဘီဘီစီအင်္ဂလိပ်သတင်းမှာ Sin လို့သုံးပါတယ်။ မြန်မာဘာသာပြန်တွေမှာ အကုသိုလ်လို့ပြန်တတ်ကြတယ်။ အိန္ဒိယမှာ လူဦးရေအများစုက ဟင်ဒူဘာသာဝင်တွေဖြစ်ကြပါတယ်။ သူတို့ဘာသာမှာ Sin ဆိုတာ ခရစ်ယန် ဘာသာဝင်တွေ ယူဆတာနဲ့ မတူပါ။ မြန်မာလို အကုသိုလ်လို့ဘာသာပြန်တာလည်း မမှန်နိုင်ပါ။ မကောင်းမှုလို့သာ သုံးသင့်တယ် ထင်ပါတယ်။

ဒုက္ခကို Suffering လို့ ဘာသာပြန်သူက များတယ်။ အင်္ဂလိပ်လိုရော မြန်မာလိုပါ အဓိပ္ပါယ်တိကျတဲ့ ဝေါဟာရမရှိလို့ ပါဠိအတိုင်းသာ ရေးရတယ်။ ပါဠိလို Dukkha နဲ့ ဆန်းစ်ကရစ် Duḥkha လို့ရေးတယ်။ ကျွန်တော်တို့က ပါဠိကိုယူတယ်။

အလားတူ ဗုဒ္ဓဘာသာအသုံးတွေကို အင်္ဂလိပ်လိုဘာသာပြန်တဲ့အခါ အဆီအငေါ်မတည့်တာတွေ ရှိသေးတယ်။ Monk ဘုန်းကြီး၊ Clergy ဘုန်းတော်ကြီး၊ Monastery ဘုန်းကြီးကျောင်း၊ Abbot ကျောင်းထိုင်ဆရာတော်၊ Pagoda ဘုရား၊ Temple စေတီ စသဖြင့်သုံးနေကြတယ်။ မတူကြပါ။ ဆရာတော်တချို့က Reverend (Rev.) လို့သုံးကြတယ်။ တချို့က Venerable (Ven.) လို့သုံးတယ်။ ခရစ်ယန်ဘာသာကယူတာတွေဖြစ်လို့ မတူကြပါ။ ခရစ်ယန်ဘာသာရေးစာတွေမှာ ပါဠိစာလုံးတွေ ယူသုံးတယ်။ မတူကြပါ။ တူသလိုလို ထင်စေနိုင်တယ်။

ပြောဆိုမိတ်ဆက်ကြရာမှာတော့ ဗုဒ္ဓဘာသာနဲ့ မရင်းနှီးသူတွေ နားလည်စေအောင် သုံးတာတော့ သင့်ပါတယ်။ အတိအကျတော့ မရေးတော့ပါ။ မြန်မာဘာသာပြန်ဆိုတဲ့အခါ သတိထားစရာတွေလို့သာ တင်ပြပါတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး