Of six milestones, only two left on route to hep B cure

ဘီပိုးပျောက်အောင်ကုသနိုင်ပြီလား

ဆရာ ဘီပိုးကို အမြစ်ပြတ်အောင်ကုရင် ၁၅ သိန်းကျော်ကျော်နဲ့ ပျောက်ကင်းသွားမယ်ဆိုတာတွေက တကယ် ဖြစ်နိုင်ပါသလားဆရာ။ မန္တလေးမှာ အသဲအထူးကုနဲ့ သေချာပြပြီး အကောင်ရေတွေစစ် ဆေးစားရင် ပျောက်တယ်ဆိုတာ အတော်လေး အပြောများနေလို့ပါရှင့်။

၂၉-၈-၂ဝ၁၄ နေ့ဆေးပညာစာတပုဒ်အရ အသည်းရောင်ဘီပိုးကူးစက်ခံထားရသူ လူကြီးအတော်များများဟာ ရောဂါလက္ခဏာတွေ ဆိုးနေတာတောင်မှ အပြည့်အဝနလံထနိုင်ကြတယ်။ ကလေးငယ်တွေမှာတော့ အများစုမှာ နာတာရှည်အသည်းရောင်တာဖြစ်ကြတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဘီပိုးကိုပျောက်အောင် လုပ်မရသေးပါ။

၁၈-၅-၂ဝ၁၆ နေ့က ရေးသာချက်မှာတော့ ပျောက်နိုင်လာနေတယ်လို့ အသည်းရောင်ဘီ ဖေါင်ဒေးရှင်းကဆိုပါတယ်။ ဘယ်တော့ပျောက်နိုင်သလဲမေးရင် နီးစပ်နေပါပြီလို့ဖြေတယ်။ ဖေါင်ဒေးရှင်း ပူးတွဲတည်ထောင်သူ ဒေါက်တာတင်မိုသီ ဘလော့ကပြောတာပါ။ အသည်းရောင်စီကို ပျောက်အောင်ဖြစ်လာကိုကြည့်ပါလို့ သူကထောက်ပြတယ်။

အခုပေါ်နေတဲ့ဆေးတွေက ကောင်းပါတယ်။ ဒါပေမယ့် သေဆုံးမှုနှုန်းကို ၄ဝ% ကနေ ၇ဝ% အထိသာ လျှော့ချနိုင်သေးတယ်။ ဆေးတမျိုးတည်းပေးရင် ဆေးယဉ်တာဖြစ်လာတယ်။ cccDNA ဆိုတာကို ဖျက်ဆီးပေးနိုင်မှ သို့မဟုတ် ငြိမ်နေအောင်လုပ်ပေးနိုင်မှသာ ပျောက်တယ်ဆိုတာဖြစ်နိုင်ပါမယ်။

၃ဝ-၃-၂ဝ၁၇ နေ့က ဖီလာဒဲလ်ဖီးယားကနေလာတဲ့ ဆေးသုတေသနသတင်းတခုအရ အသည်းရောင်ဘီပျောက်ကင်းဘို့ရာ မိုင်တိုင် (၆) ခုအနက် (၂) ခုသာ ကျန်တော့တယ်လို့ ရေးသားထားပါတယ်။

HIV နဲ့ အသည်းရောင်စီတွေကို ဆေးကုသရသလို ဗိုင်းရပ်စ်ဆေးတခုမက တွဲပေးနည်းဖြစ်မယ်။ အဲလိုဖြစ်ဘို့ နောက် (၅) နှစ်တော့ ကြာနိုင်တယ်လို့ နယူးဂျာဆီက ဒေါက်တာဗင်နော့ဒ် ရပ်စ်ဂီကပြောတာဖြစ်တယ်။ covalently closed circular DNA ခေါ် cccDNA ကို ရှင်းပေးဘို့လိုနေသေးတာဖြစ်တယ်။

အသည်းရောင်ဘီကူးစက်ခံထားရသူပေါင်း ကမ္ဘာမှာ သန်း ၂၄ဝ ရှိတယ်။ တနှစ်မှာ တသန်းသေဆုံးနေရတယ်။ သေဆုံးရတာက ကူးစက်ခံရပြီးနောက် နာတာရှည်အသည်းရောင်ကတဆင့် အသည်းအလုပ်မလုပ်နိုင်တော့တာနဲ့ အသည်းကင်ဆာကြောင့်ဖြစ်တယ်။

ကျွန်တော် နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးကအခြေအနေတွေကို မသိပါ။ ဆေးသုတေသနစာတွေကိုသာ ဖတ်နိုင်ပါတယ်။

1. Of six milestones, only two left on route to hep B cure http://www.mdedge.com/familypracticenews/article/134726/hepatology/six-milestones-only-two-left-route-hep-b-cure
2. Is a Cure for Hepatitis B Coming? Experts Say Yes http://www.hepb.org/blog/is-a-cure-for-hepatitis-b-coming-experts-say-yes/

ဒေါက်တာတင့်ဆွေ
၂၄-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး