Thanksgiving သင့်စ်ဂစ်ဗင်း ဆိုတာ

ကျွန်တော့်ပို့စ် = ကနေ့ညနေက ကျောင်းမှာ သင့်စ်ဂစ်ဗင်း ညနေစာ

ကွန်မင့်တခု = ကျေးဇူးတော် ညစာစားပွဲလို့ဘဲ မြန်မာစာ စာလုံးသတ်ပုံအလေးထားတဲ့ ဆရာဝန် ဆီလျော်အောင် ပြန်သင့်တယ်လို့ သဘောပိုက်မိပါတယ်။

ဝီကီပီးဒီးယားမှာရေးထားတဲ့ သင့်စ်ဂစ်ဗင်းသမိုင်းမှာ ပြီးခဲ့တဲ့နှစ်က စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့တာအတွက် ကျေးဇူးတင်တဲ့သဘော ဖြစ်တယ်။ ခရစ်ယန်ပရိုတက်စတင့် ပြုပြင်ရေးကတည်းက စတယ်။ ၁၆၂၁ ခုနှစ်က မက်ဆာချူးဆက်၊ ပလိုင်းမောက်သ်က စတယ်။ ဖက်ဒရယ်ရုံးပိတ်ရက်အဖြစ်က ၂၆-၁၂-၁၉၄၁ နေ့မှာ သမတ ရုဇဗဲ့လ် လက်မှတ်ထိုးတယ်။ သင့်စ်ဂစ်ဗင်းနေ့ဟာ ယူအက်စ်အေမှာ နိုဝင်္ဘာလ စတုတ္တမြောက် ကြာသပတေးနေ့ဖြစ်တယ်။ ကြက်ဆင်သား စားသောက်ကြတယ်။ မိသားစုပြန်ဆုံကြတယ်။ မိတ်ဆွေအပေါင်းအသင်းတွေ စုဝေးစား သောက်ကြတယ်။

လူမျိုးစုံစာသင်နေတဲ့ကျောင်းမှာတော့ ဝီကီမှာရေးသလို မဟုတ်ပါ။ သင်ခန်းစာထဲမှာ အင်္ဂလန် ဘုရားကျောင်းတွေနဲ့ မတူတဲ့ ကိုယ်ပိုင်ဘုရားကျောင်းထူထောင်လိုသူတွေက မေဖလားဝါးသင်္ဘောကြီးနဲ့လာကြတယ်။ သူတို့ကို ပီးလ်ဂရင်မ်လို့ ခေါ်တယ်။ ဘာသာပြန်ရရင် ဘုရားဖူးလာသူတွေ။ ရောက်ရောက်ချင်း ဆင်းရဲတယ်။ စားစရာ ဝတ်စရာကမစုံ။ ရာသီဥတုက အတော်ကိုအေးတယ်။ သူတွေကို ဌာနေလူတွေက ကူညီခဲ့ကြရတယ်။ စားစရာ ဝတ်စရာတွေပေးတယ်။ ပြောင်းဖူးစိုက်နည်းသင်ပေးတယ်။ ဖေါလ် ခေါ် ရွက်ကြွေရာသီရောက်တော့ အင်္ဂလိပ်တွေ အနေချောင်လာကြပြီ။ ဌာနေလူတွေကို ကျေးဇူးတင်လို့ ဖိတ်ပြီးဧည့်ခံကျွေးမွေးတာကနေ သင့်စ်ဂစ်ဗင်းရယ်လို့ဖြစ်လာတာ။ ဌာနေလူတွေက သမင်သားတွေယူလာကြတာ။ သုံးရက်တိုင်တိုင် အတူတူစားသောက်ကြတယ်။

ကြက်ဆင်စားတာ နောက်မှပါ။ ဖယုံသီးနဲ့လုပ်တဲ့ ပမ့်ကင်ပိုင်ဆိုတာလည်း နောက်မှပါ။ ဘာသာရေးရယ်က ဒီလောက် မဟုတ်ပါ။ မက်ဆီကိုကလာတဲ့ခရစ်ယန်တွေနဲ့ မြန်မာပြည်ကလာတဲ့ခရစ်ယန်တွေက သူတို့ဆီမှာ မကျင်းပကြပါတဲ့။ သိတောင်မသိကြပါတဲ့။ အမေရိန်ကန်တွေကလည်း စီးပွါးရေး လုပ်ကြတာပါ။ ခရစ္စမတ်၊ ဟဲလိုဝင်း၊ သင့်စ်ဂစ်ဗင်း၊ ဗယ်လင်တိုင်းဒေး အားလုံးဟာ ဒေါ်လာဘီလီယန် ဘစ်ဇိနက်။

ကျောင်းမှာက လူမှုရေးဆန်တယ်။ ဘယ်တရားစကားမှ မပြောကြပါ။ ယဉ်ကျေးမှုတရပ်ကို သိစေအောင်သာလုပ်တယ်။ ကျောင်းသားတွေထဲမှာ ကိုးကွယ်ရာ ဘာသာအစုံကပါတယ်။ ပုံထဲမှာ တွေ့ပါမယ်။

ဌာနေလူတွေကနေ ရေးကြတာကို ဖတ်ချင်မိတယ်။ ကျွန်တော်တို့မိသားစုကတော့ ၂ဝ၁၅ ခုနှစ်က ကျေးဇူးတော်နေ့မှာ ဗမာ့မယ်ဇလီဖူးသုပ်စားကြရတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး