Alcohol withdrawal syndrome အရက်ဖြတ်လိုက်ရင်




စွဲနေတာတခုကို ဖြတ်ဘို့ဆိုရင် ကာယကံရှင်ရဲ့ ဆန္ဒဟာ အထူးကုဆရာဝန်တွေရဲ့ အစွမ်းထက်ပိုအရေးပါတယ်။ အခုလို မေးလာတာ တအားဝမ်းသာတယ်။ အရက်ဖြတ်ဘို့ ဆွေမျိုးမိဘတွေက ဘယ်လောက်လုပ်ချင်လုပ်ချင်၊ ဆရာဝန် ဘယ်လောက်တော်တော် အရက်သောက်နေသူက မလုပ်ချင်သ၍ ဘာမှမတတ်နိုင်ပါ။ မေးလာတဲ့သူ လူစွမ်းကောင်း ဖြစ်ပါတယ်။ (ကွန်ဂရက်ကျူလေးရှင်း)!

အရက်ဖြတ်လိုက်ရင် ခံစားရမှာတွေဟာ အရက်ကို ဘယ်လောက်ကြာကြာနဲ့ ဘယ်လောက်များများ သောက်ထားသလဲ ဆိုတာအပေါ် မူတည်ပြီး ခံစားရမှာတွေ အနည်း-အများဖြစ်စေမယ်။ နောက်ပြီး ဖြတ်လိုက်ချိန်မှာရှိနေတဲ့ အသက်၊ မျိုးဗီဇနဲ့ ကျန်းမာရေး အခြေအနေအပေါ်မှာလဲ မူတည်ပါသေးတယ်။

အရက်များထားသူတိုင်းမှာ Tolerance ခံနိုင်ရည်သဘောဖြစ်နေတာနဲ့ Physical dependence ရုပ်သဘောအရ အရက်အပေါ် မှီစွဲနေတဲ့အကျင့်လဲ ရှိနေပြီဖြစ်တယ်။ အရက်ဖြတ်ခံစားရမှာရဲ့ ပင်မအကျိုးဆက်တွေဟာ ဗဟိုအာရုံကြောစနစ်မှာ ဖြစ်ပါတယ်။ Hyper-excitable state ဆိုတဲ့ အလွန်တက်ကြွနေတဲ့အခြေအနေကို ရောက်နေပြီလို့ ခေါ်တယ်။ အရက်စွဲသောက်ထားသူတွေရဲ့ ဦးနှောက်နဲ့ အာရုံကြေစနစ်ဟာ အရက်နဲ့အံဝင်ဂွင်ကျ ဖြစ်နေသလိုရှိထားလို့ ပြန်ပြင်ဆင်ယူရတော့မယ်။ အာရုံကြောသာမက စိတ်ပိုင်းဆိုင်ရာမှာလဲ သက်ရောက်မှုတွေပါတယ်။ ဒီလိုဖြစ်တာဟာ အဆိုးလေးနဲ့ အဆိုးကြီးကို လဲယူရသလိုပါဘဲ၊ လဲရတာ တန်ပါတယ်။ လဲပါဗျာ့

ရောဂါလက္ခဏာများ
Sleep disturbances အိပ်မပျော်တာ၊ Anxiety စိုးရိမ်စိတ်ဖြစ်တာဆိုတဲ့ အသင့်အတင့် ဆိုးတာတွေကနေ ဆိုးတဲ့
Delirium စိတ်ကယောက်ကယက်ဖြစ်တာအထိဖြစ်မယ်။ Visual hallucinations မျက်စိထဲမှာ သူများမမြင်တာတွေကို မြင်နေမယ်။ သိပ်ဆိုးတဲ့သူမှာ Convulsions တက်မယ်။ ခံစားရတာတွေဟာ အိပ်ယာထချိန်မှာ ပိုသိသာတယ်။

စာရင်းချရေးရရင် မနည်းလှပါ။ စိတ်မပျက်ပါနဲ့ စုံအောင်သိစေချင်လို့ ချရေးတာပါ။
Anorexia အစားအသောက်ပျက်ခြင်း၊
Tremors လက်တုန်၊
Weakness အားနည်း၊
Diarrhea ဝမ်းပျက်၊
Gastrointestinal upset အစာခြေလမ်းမကောင်း၊
Nausea and vomiting ပျို့-အန်၊
Hyperthermia ကိုယ်ပူ၊
Insomnia အိပ်မပျော်၊
Headache ခေါင်းကိုက်၊
Migraines မိုက်ဂရင်းခေါင်းမူး-ခေါင်းကိုက်၊
Tachycardia နှလုံးခုန်မြန်၊
Palpitations ရင်တုန်၊
Hypertension သွေးတိုး၊
Agitation စိတ်တို၊
Anxiety and panic attacks စိုးရိမ်စိတ်နဲ့ တောက်တည်ရာမရပြုမူခြင်း၊
Confusion စိတ်ရှုပ်ထွေး၊
Depersonalization ကိုယ်နှုပ်အမူအယာမတူခြင်း၊
Depression စိတ်ကျ၊
Derealization အစစ်အမှန်ကိုမသိခြင်း၊
Euphoria ကောင်းနေတယ်ဘဲ ထင်မှတ်ခြင်း၊
Fear ကြောက်စိတ်၊
Hallucinations သူများ မမြင်-မကြားတာတွေ မြင်ကြားခြင်း၊
Irritability ဂနာမငြိမ်၊
Psychosis စိတ်ရောဂါ၊
Rebound REM sleep အိပ်ပျော်နေစဉ် မျက်လုံးအမြန်လှုပ်ခြင်း၊
Restlessness ဆောက်တည်ရာမရ၊
Delirium tremens စိတ်ကယောက်ကယက်ဖြစ်ခြင်း၊
Seizures and death တက်ခြင်း၊ အသက်သေဆုံးခြင်း။ (ဆောရီး)

ဘယ်လိုကုသသလဲ
Benzodiazepines ဆေးတွေကိုသုံးတယ်။ Diazepam, Chlordiazepoxide နဲ့ lorazepam တွေဖြစ်တယ်။
Antipsychotics စိတ်အတွက်ဆေးတွေလဲ ပေးမယ်။ Haloperidol ကိုအသုံးများတယ်။
Anticonvulsants အတက်သက်သာဆေးတွေလဲ သုံးဘို့လိုရင်သုံးမယ်။ Topiramate, Carbamazepine စတာတွေ သုံးတယ်။
Baclofen ဆေးကို Diazepam အစားသုံးတာလဲ ထိရောက်တယ်။
Magnesium, Nitrous oxide, Flumazenil, Trazodone, Clomethiazole (Heminevrin) နဲ့ Barbiturates ဆေးတွေကိုလဲ သုံးတယ်။
Ethanol (အက်သနော) ဟာအရက်ဖြစ်ပေမဲ့ သွေးကြောထဲကို နည်းနည်း အဆမှန်ထိုးပေးပြီး အရက်ရဲ့ အဆိပ်အတောက် ဖယ်ရှားရေးအတွက် သုံးနိုင်တယ်။
Caffeine ကေဖင်း (ကော်ဖိ) အကြောင်းတော့ စာတပုဒ်ရေးထားပါတယ်။
Vitamins ဗီတာမင်တွေကိုလဲသုံးရတယ်။ ဗီတာမင် (ဘီ ၁) ခေါ်တဲ့ Thiamine ကိုသွေးကြောထဲထိုးပေးတယ်။ ဘီ ၆ နဲ့ ၁၂ ကိုပါ စားဆေးအဖြစ်ပေးသင့်တယ်။ Folic acid ဖေါလစ်အက်စစ်ကိုလဲ ပေးတယ်။

ဦးနှောက်နဲ့အာရုံကြောအပြင် စိတ်ပိုင်းထိခိုက်-သက်ရောက်-ပျက်စီးမှုတွေဟာ ကြာလေဆိုးလေဖြစ်တဲ့အချက်ကို ကိုယ်တိုင် နားလည်ဆင်ခြင်ပါ။ ကိုယ်တိုင်ရွေးချယ်ထားခဲ့တာကို ကိုယ်တိုင် ပြင်ယူနိုင်ပါစေ။ သူများတွေကိုလဲ ကိုယ့်နမူနာကို ပြသနိုင်ပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး