In the bag ခါးပိုက်ထဲက ရုန်းထွက်ကြ
ခေတ်လူငယ်လူရွယ်တွေကို စာဖတ်စေချင်လို့ စေတနာနဲ့ရေးကြ၊ ပြောကြသူတွေ မနည်းပါ။ အဲဒီအထဲမှာ ကျွန်တော်လည်း ပါတယ်။ ကျွန်တော်ကအသက်ကြီးသူမို့ ခေတ်မဆန်ပေမဲ့ ခေတ်အမှန်ကို သိပါတယ်။ လွန်ခဲ့တဲ့ ၄-၅-၆ နှစ်လောက်ကစပြီး၊ လူငယ်တွေ အင်တာနက်ပေါ်ရောက်လာကြတယ်။ ဒိအရင်ကတော့ စာအုပ်အငှားဖတ်တာ အတော် ခေတ်စားခဲ့တယ်။ စာအုပ်အငှားဆိုင် ယဉ်ကျေးမှုလို့ပြောရမဲ့ ခေတ်တိုလေးရှိခဲ့သေးတယ်။ ဒိနောက်တော့ ကိုရီးယားရုပ်ရှင်ထဲ နစ်မျောကြပြန်တယ်။ နစ်မွန်းတယ်လို့အထိပြောရင် စိတ်မဆိုးကြပါနဲ့။
အင်တာနက်ခေတ်ထဲမှာ ခုနောက်ဆုံးက စမတ်ဖုန်း။ သီချင်းနားတောင်တဲ့ နားကြပ်တပ်မထားရင် အင်္ဂါမစုံတဲ့သူလို မြင်လာတယ်။ အချိန်ရသမျှ ဖေ့စ်ဘွတ်ကိုသာ ပွတ်ဆွဲနေကြတယ်။ ဖေ့စ်ဘွတ်ထဲမှာ ဘာပါသလဲ။ ဆိုရှယ်ကျစရာတွေသာ အုပ်စီးထားတယ်။
ကျွန်တော်တော့ ကျန်းမာရေး ရေးတယ်။ လူတိုင်းက ကျန်းမာရေး မကောင်းကြတာ ရုပ်ရော စိတ်ပါ။ ဆေးကုရတာမပြောနဲ့ ဆေးစစ်ရတာလဲ ငွေကုန်ကြေးကျ များလွန်းလှတယ်လို့ အိပ်ယာထကနေ အိပ်ရာဝင်အထိ ဖတ်နေရတယ်။ လူရွယ်တွေမှာ စာဖတ်ချင်အောင် အခြေအနေတွေက မပေးပါ။ မဖတ်ချင်တော့ပါ။ ဒီကြားထဲ ဖတ်ချင်ပါတယ်ဆရာ စာအုပ်ဈေးက ခေါင်ခိုက်နေတယ်လို့ ရေးလာတယ်။ ဒီလိုနဲ့ စာတွေမဖတ်ကြတော့ပါ။
စာဖတ်သင့်တဲ့ အချိန်ကွက်ကို အင်တာနက်က အာဏာသိမ်းထားလိုက်ပြီ။ လူတွေဟာ ဗာကျူရယ်ဆိုတာ ဖြစ်လာနေပြီ။ အစစ်မဟုတ်တာတွေကို အစစ်လို မြင်-ကြား၊ ခံစားနေကြပြီ။ သူတို့တွေးတာလဲ အတုတွေ၊ သူတို့ရချင်တာက အစစ်မဟုတ်။ လုပ်မှာတွေကလဲ အတုမစစ်တွေဖြစ်နေတော့တယ်။ ဝေဒနာတွေကိုတော့ အတုတွေနဲ့ ကုစားလို့မရပါ။ ရောဂါပျောက်ဘို့ ဆခရင်ပေါ်က ဒေါ်လာပုံတွေ ပေးလို့မရပါ။ အိပ်မက်ဘဝက နိုးထကြပါ။ အစစ်တွေကို သိအောင်လုပ်ပါ။ အစစ်ကိုချစ်ကြပါ။ အစစ်ကိုသာရှာပြီး အစစ်နဲ့သာ ကုစားပါ။
စာအုပ်ကောင်းတွေ ပြန်ထုတ်နေပြီဆိုတဲ့သတင်း ကြားရတယ်။ စာဖတ်ကြပါ။ ပေါ်လစီသတ်ပုံတွေကိုတော့ ကျွန်တော်က အရှုံးပေးနေရတယ်။ ကျွန်တော်တို့က ကျွဲခေတ်။ အခုက ဤခေတ်။ ဘာပဲဖြစ်ဖြစ် ခေတ်ကို ခါးစောင်းတင်နိုင်အောင် ကြိုးစားကြလော့။ ခါးပိုက်ထဲက၊ အိတ်ထဲက ထွက်နိုင်အောင် ကြိုးစားကြလော့။
ဆိုစကားရှိတယ်။ အိတ်ထဲရောက်နေပြီဆိုတာ အပိုင်ရတော့မယ့်သဘောပဲ။ အဆိပ်သင့်ထားတဲ့အိတ်ထဲ ရောက်နေတယ် ဆိုတာ ငရဲကျနေသလိုပဲတဲ့။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment