Obama Phone အိုဘားမားဖုန်း

Obama Phone အိုဘားမားဖုန်း

• အမေရိကားမှာ တရားဝင်နေထိုင်သူတွေထဲက ဝင်ငွေနည်းပါးသူပေါင်း သန်း ၂ဝ အတွက်ပေးတဲ့ အခမဲ့ဖုန်းကို ‘အိုဘားမားဖုန်း’ လို့ ခေါ်ပါတယ်။ ‘ဆဲလ်ဖုန်း’ လဲ အလကားရမယ်။ တလမှာ ၂၅ဝ မိနစ်လဲအခမဲ့ဖြစ်တယ်။ 
• ဖက်ဒရယ်အစိုးရ အစီအစဉ်တခုဖြစ်တယ်။ Obama Phone program လို့ခေါ်ပြီး အရပ်ခေါ် Lifeline Assistance program ဖြစ်တယ်။ အဲလို လုပ်ပေးတာရဲ့ ရည်ရွယ်ချက်တွေက (၁) အလုပ်လုပ်မဲ့သူတွေကို အလွယ်တကူ ဆက်သွယ်နိုင်လို့ အလုပ်ရကြရင် အစိုးအရ အကူအညီအပေါ် မှီခိုနေရမှုနည်းစေမယ်။ (၂) ဆရာဝန်နဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူတွေနဲ့ လူနာတွေ ဆက်သွယ်ဘို့လွယ်ကူစေပြီး အစိုးရအတွက် ကျန်းမာရေး ကုန်ကျစရိတ် သက်သာစေမယ်။ (၃) မိဘတွေနဲ့ ကလေးတွေဆက်သွယ်ရေးအဆင်ပြေစေမယ်။ (၄) အရေးပေါ် အခြေအနေမှာ ဆက်သွယ်လို့လွယ်စေမယ်။ 
• ဒီလိုအစီအစဉ်ကို ၁၉၈ဝ ကျော်ကာလ ရော်နယ်ရီဂင်ကတည်းကနေစခဲ့တာပါ။ ဖက်ဒရယ်အစိုးရ Federal Communications Commission (FCC) ကနေ Universal Access Initiative ကိုစတင်ခဲ့ပါတယ်။
• အစပိုင်းကာလမှာ ဖုန်းကုန်ကျစရိတ်ကို အစိုးရကမျှဝေခံပေးခဲ့တယ်။ ၁၉၉၆ မှာ Telecommunications Act အက်ဥပဒေပြဌာန်းခဲ့တယ်။ ‘ကလင်တန်’ ကလက်မှတ်ထိုးပြီး ‘ဂျော့ခ်ျဘွတ်’ ကဆက်လုပ်ပါတယ်။ ‘အိုဘားမား’ လက်ထက်ကျမှအကောင်အထည်ပေါ်လာတာဖြစ်ပါတယ်။ 
• Landlines လို့ခေါ်တဲ့ အိမ်ဖုန်းနဲ့စာရင် ‘ဆဲလ်ဖုန်း’ က ကုန်ကျစရိန်နည်းလို့လဲ ‘မိုဘိုင်းဖုန်း’ ကိုရွေးပြီး အဲလို လုပ်ပေးတာပါ။
• ပြည်နယ်ပေါင်း ၄၇ ခု၊ ‘ဒီစီ’ နဲ့  ‘ပွါတိုရီကို’ နေရာတွေမှာ အဲလို ‘အိုဘားမားဖုန်း’ အခမဲ့ရပါတယ်။ 
• Safelink Wireless, Assurance Wireless, Budget Mobile, Access Wireless နဲ့ ReachOut Wireless လို ကြီးမားတဲ့ကုမ္ပဏီတွေနဲ့ ဒေသခံကုမဏီတွေကနေလုပ်ပေးပါတယ်။ အပြိုင်အဆိုင်သဘောအရ တချို့ ကုမ္ပဏီတွေက မိနစ် ၁ဝဝဝ ဒါမှမဟုတ် မိနစ်အကန့်အသတ်မရှိ လုပ်ပေးတာလဲရှိတယ်။
• ဘယ်လိုလူတွေက ခံစားခွင့်ရှိသလဲက နေရာတိုင်းမှာ အတူလောက်နီးနီးပါ။ 
• မြန်မာပြည်က အခြေချနေထိုင်ဘို့ ရောက်လာသူတွေ ရောက်ရောက်ချင်းခံစားခွင့်တွေရတဲ့ Food Stamps အစားအသောက်အတွက်ဈေးဝယ်ခွင့် (တချို့ကိုငွေသားနည်းနည်းပါ)၊ Medicaid အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု နဲ့ SSI ပင်စင်ခံစားခွင့် ဆိုတာတွေ ရရှိသူတိုင်းကို ‘အိုဘားမားဖုန်း’ ပေးပါတယ်။ 

ဒေါက်တာတင့်ဆွေ
၂၉-၁ဝ-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး