TB No more in Medical Curriculum ဆရာဝန်တွေကို တီဘီ သင်မပေးကြတော့တာ စိုးရိမ်စရာ
ဆရာဝန်တွေကို
တီဘီရောဂါ ရှာဖွေစမ်းသပ်မှုနဲ့ ကုသရေးကို အရင်ကလို သင်ပေးခြင်းမရှိတာကို World
Medical Association (WMA) ကမ္ဘာ့ဆေးပညာအသင်းက စိုးရိမ်တယ်လို့ ၁၆-၁ဝ-ဝ၉ နေ့က ပြောလိုက်ပါသတဲ့။
ဒါ့ကြောင့် (အွန်လိုင်း) ကနေ မွမ်းမံသင်တန်းပေးမယ်လို့လဲ ဆိုပါတယ်။
ဒီသင်တန်းမှာ တီဘီရောဂါရဲ့ အခြေခံ သတင်း အချက်အလက်တွေ၊ နောက်ဆုံးပေါ် ရောဂါရှာဖွေနည်းတွေ၊ ဘယ်လို ကုသရမယ်၊ နောက်ပြီး ဆေးပေါင်းစုံ ခံနိုင်ရည်ရှိတဲ့ တီဘီ အကြောင်းအရာတွေ ပါမယ်လို့ ဆိုပါတယ်။ နောက်တခါ လူနာတွေအဘို့ ဆေးကုသမှုအပေါ်မှာ စဉ်ဆက်မပြတ် လိုက်နာနေဘို့နဲ့၊ နေရာဒေသမရွေး အသုံးချနိုင်အောင် တကမ္ဘာလုံး ခြုံ့ကြည့်တတ်ဘို့ ဆိုတာတွေလည်း ပါပါအုံးမယ်။
၂ဝဝ၆ ခုနှစ်မှာ Multidrug-resistant tuberculosis (MDR-TB) ဆေးပေါင်းစုံ ခံနိုင်ရည်ရှိတဲ့ တီဘီ အကြောင်းကို (အွန်လိုင်း) ကနေစလုပ်ခဲ့တုံးက ဆရာဝန်တွေဟာ တီဘီရောဂါရဲ့ အခြေခံ အချက်အလက်တွေကို မေ့နေကြတာကို သိလာရတယ်လို့ ဆိုပါတယ်။ ကမ္ဘာပေါ်က နေရာ အတော်များများမှာ ဒီရောဂါက ပပျောက်သွားပြီမို့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ တီဘီလူနာဆိုတာကို ဆရာဝန်တွေ မြင်တောင် မမြင်ဘူးကြတော့ဘူး။ ဒါ့ကြောင့်လဲ တီဘီရောဂါ ရှာဖွေ စမ်းသပ်တာ နဲ့ ကုသရေးကို သင်ပေးစရာ မလိုတာမျိုး ဖြစ်သွားရပါသတဲ့။
အခုတော့ တီဘီဟာ ခေါင်းပြန်ထောင်လာတာမို့ တကမ္ဘာလုံးက ဆရာဝန်မှန်သမျှ တီဘီကို အခြေခံကအစ သိထားဘို့ လိုတာမို့ (အွန်လိုင်း) မွမ်းမံသင်တန်းဟာ တီဘီအဖြစ်များတဲ့ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ အတော်အသုံးဝင်ပါလိမ့်မယ်။
သင်ရိုးညွှန်းတမ်းကို ကမ္ဘာ့ဆေးပညာအသင်းအတွက် New Jersey Medical School Global Tuberculosis Institute, USA ကနေ ရေးသားပြုစုတာပါ။ တီဘီကို “အတိတ်ကဝေဒနာ” လို့တောင် ထင်ထားကြပါတယ်။ တကယ်တော့ တနေ့ တနေ့ လူပေါင်း ၄၅ဝဝ ဟာ တီဘီကြောင့် သေနေကြရတာပါ။ သေရသူတွေကလည်း အလုပ် လုပ်နိုင်တဲ့ အရွယ် ၁၅ နှစ် ကနေ ၅၄ နှစ်အရွယ်တွေ ဖြစ်ပါတယ်။ လူ ၉ သန်းဟာ တီဘီဖြစ်လာနေပြီး၊ နှစ်တိုင်း ၂ သန်းဟာ တီဘီကြောင့် သေရတယ်။ တကမ္ဘာလုံးဆိုရင် လူပေါင်း ၂ ဘီလျံဟာ တီဘီဝေဒနာသယ်တွေပါ။ HIV ရှိသူတွေရဲ့ ၇၅%ဟာ တီဘီ ရှိနေကြပါတယ်။
သင်တန်းသစ်ဟာ တကမ္ဘာလုံးက လက်ခံ ကျင့်သုံးနေတဲ့ တီဘီကို ဘယ်လို ထိန်းမလဲဆိုတဲ့ နိုင်ငံတကာ ဗျူဟာနဲ့ လိုက်လျော ညီထွေ ဖြစ်ပါတယ်။ ကမ္ဘာ့ဆေးပညာအသင်းက လွန်ခဲတဲ့ ၂ နှစ်ကတည်းက ပေးနေတဲ့ ဆေးပေါင်းစုံပြီးတဲ့ တီဘီ အစီအစဉ်နဲ့ပါ ဆက်နေပါမယ်။ အစိုးရဌာနဆရာဝန်ဖြစ်ဖြစ် အလွတ်ဆရာဝန်ဖြစ်ဖြစ်ကို အခမဲ့ပေးမဲ့ သင်တန်း ဖြစ်ပါတယ်။ သင်တန်းပြီးထားရင် (ခရက်ဒစ်)ဆိုတဲ့ ဆရာဝန်ရဲ့ပညာ-အတွေ့အကြုံ မှတ်တမ်းမှာ အမှတ်ရပါမယ်။ ဒါဟာ စဉ်ဆက်မပြတ် ဆေးပညာ သင်ယူရေး အစီအစဉ် Continuing medical education programme အရ ဖြစ်ပါတယ်။ အင်္ဂလိပ် ဘာသာအပြင် ပြင်သစ်၊ စပိန်၊ တရုပ်နဲ့ ရုရှားလိုပါ သင်ပေးမှာပါ။
ဒီပညာသင်အစီအစဉ်ကို Lilly MDR-TB Partnership ကနေ တီဘီထိန်းချုပ်ရေးအတွက် Global Plan to Stop TB 2006-15 ကို အထောက်အကူပေးတဲ့အနေနဲ့ ကန့်သတ်မှုမရှိ ငွေကြေး အထောက်အပံ့ ပေးမှာပါ။ ဒီလိုလုပ်နေတာဟာ တကမ္ဘာလုံးက ဖွံ့ဖြိုးရေး အဖွဲ့အစည်းနဲ့၊ အတတ်ပညာသင် (အင်စတီကျု) ပေါင်း ၂ဝ ကနေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
Dr. တင့်ဆွေ

Comments
Post a Comment