Computer Eye Strain ကွန်ပြူတာနဲ့ မျက်စိ

အသက်မပြောလိုသူတွေနောက်မှာ အသက်ကို နောက်ဆုံးမှရေးသူလာတယ်။ မေးခွန်းကို ၂ ခါဖတ်ရတယ်။ အဲလိုမရေးပါရန်လို့ ပြောရတာ အခါ တရာလောက်ရှိပြီ။ အချိန် ၂ ဆကုန်ရတယ်။

၁။ ဆရာခင်ဗျ မျက်ကြည်လွှာခြောက်ခြင်းအကြောင်း သိပါရစေခင်ဗျ။ မျက်ကြည်လွှာခြောက်တာ ဘယ်လိုလူတွေမှာ အဖြစ်များပါလဲးဆရာ။မျက်ကြည်လွှာခြောက်တာကို ကာကွယ်လို့ရပါသလားဆရာ။ ဖုန်း၊ ကွန်ပြူတာ တို့အကြည့်များလျှင်လည်း မျက်ကြည်လွှာခြောက်တာဖြစ်နိုင်တယ်လို့ပြေားကြပါတယ် ကာကွယ်လို့ရနိုင်လားဆရာ။ ဒီနေ့ခေတ်မှာ ဖုန်း၊ ကွန်ပြူတာ အသုံးပြုတဲ့သူများလာနေတဲ့အတွက် ကွန်ပြူတာကို အသုံးပြု၍ အချိန်ကြာမြင့်စွာ အလုပ်လုပ်ပါသဖြင့် မျက်လုံးကျန်းမာရေးအကြောင်း သိပါရစေဆရာ ကျွန်တော်ကတော့ အသက် ၂၃ ယောကျာ်းလေး

၂။ ဆရာ ကျမ အသက် ၃၃ ပါ။ အလုပ်က video editor ပါ။ မျက်စိက ကွန်ပျူတာ ဖုန်း ကြည့်ရင် မျက်သားအဖြူမှာ  သွေးကြောတွေနီပြီး အသားတချို့ဖောင်းနေသလိုဖြစ်လာတယ်။ မျက်လုံးအောင့်တယ်။ နားထင်တွေပါ အောင့်လာပါတယ်။  ဆရာဝန်သွားပြပါတယ်။ မျက်စဉ်းဆေးနဲ့ သောက်ဆေး ပေးလိုက်ပါတယ်။ အခုဆို ၃ ရက်ရှိပါပြီ။ မသက်သာပဲ နားထင် ပိုနာသလိုခံစားရပါတယ်။ ဆေးဆယ်ရက်စာပေးထားပါတယ်။ ဘာလုပ်သင့်တယ်ဆိုတာ လမ်းညွန်ပေးစေလိုပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်။

၃။ မင်္ဂလာပါဆရာ။့ အသက်၂၄ပါ။  Computer တွေ ဖုန်းတွေကြည့်တာများပြီး တခါတရံ ညာဘက်မျက်လုံးက အောင့်နေလို့ပါဆရာ။ အဲဒါ ဘယ်လိုမျက်စဉ်းမျိုးသုံးပြီး ဘယ်လိုဆေးမျိုးသောက်ရပါမလဲဆရာ။

၎။ ဆရာရှင့်။ ကျွန်မ နာမည့့် ပါ။ အသက် ၂၂ နှစ်ပြည့်တော့မှာပါရှင့်။ ကျွန်မက မျက်လုံး အရမ်းဖြူပါတယ်။ phone, laptop အသုံးများလျှင် ခေါင်းကိုက်ပါတယ်ဆရာ။ နေ့အလင်းကို သိပ်မခံနိုင်တာမျိုး အခုနောက်ပိုင်း ဖြစ်လာပါတယ်ဆရာ။ တော်ရုံအလင်းကိုတောင် မျက်မှောင်ကြုတ်ကြည့်ရပါတယ်ဆရာ။ မျက်လုံးအတွက် အားဆေးသောက်ချင်လို့ပါဆရာ။ ဘာဆေးသောက်သင့်လဲဆိုတာလေး လမ်းညွှန်ပေးစေချင်ပါတယ်ဆရာ။ အမေကတော့ ALFA American Company ကထုတ်တဲ့ Vision Support ဆိုတဲ့ အားဆေးကို ဆရာကိုမေးပြီး သောက်ပါလားလို့ ပြောပါတယ်ဆရာ။

၅။ မင်္ဂလာပါ ဆရာရှင့်။ သမီးအသက် ၂၉နှစ်ရှိပြီး မျက်မှန်ကို ငယ်စဉ်ကတည်းကတပ်ခဲ့ရသူဖြစ်ပါတယ်။ ယခုလက်ရှိမှာ ပါဝါ ၁၇၅ဖြစ်ပါတယ်ရှင်။ လွန်ခဲ့တဲ့တပတ်လောက်ကစပြီး အမြင်အာရုံကြည့်မကောင်းတော့ပါ။ မျက်လုံးထဲတွင် အရိပ်လိုလိုများထင်မြင်လာရပြီး မရှင်းလင်းပါ။ တခါတရံ အစက်အပြောက်များလိုလိုမြင်ယောင်နေတတ်ပါသည်။ သမီးမှာ ကွန်ပျူတာာနေ့စဉ်အသုံးပြုနေရသူလည်းဖြစ်ပါသည်ရှင်။ မျက်စိကျန်းမာရေးအတွက် မည်ကဲ့သို့ပြုမူနေထိုင်သင့်ကြောင်း လမ်းညွှန်ပေးပါရန် မေးမြန်းအပ်ပါသည်ရှင့်။ ဆရာ ကျန်းမာ ချမ်းသာပါစေ။

မျက်လုံးအားဆေးဆိုတိုင်း မယုံပါနဲ့။ ဗီတာမင်အေ တမျိုးသာရှိတယ်။ အဲတာကလည်း ကြက်မျက်သင့်တာကိုသာ ကောင်းစေတယ်။ တီဗွီတွေ၊ ကွန်ပြူတာတွေမပေါ်ခင်က လူ့မျက်စိဆိုတာ Hunters' eyes မုဆိုးမျက်စိလို သုံးဘို့သာ လိုခဲ့တယ်။ ကွန်ပြူတာ သုံးသူတွေ မျက်စိမှာ တခုခုလာဖြစ်တာကို (ကွန်ပလိန့်) လုပ်သူ ၅ဝ% ရှိတယ်။ ခေါင်းကိုက်၊ မျက်စိဝါးတာအပြင် အားအင် ကုန်သလို ခံစားလာရသူတွေလဲ ရှိတယ်။ ခုထိတော့ ရုတ်တရက် ဆိုးဝါးတဲ့ ရေတိမ် နဲ့ ကွန်ပြူတာသုံးတာ ဆက်စပ်မှု မတွေ့ရသေးပါ။ Computer Vision Syndrome (CVS) ဖြစ်တာတွေသက်သာဘို့ အလုပ်စခန်း၊ လူအနေအထား၊ မျက်မှန်၊ ကွန်ပြူတာမျက်နှာပြင်မှာ လိုတာတွေ ပြင်ပြီး မျက်စိလေ့ကျင့်ခန်းတွေနဲ့ လုပ်နိုင်ပါတယ်။

မျက်စိဆရာဝန်နဲ့ မျက်စိစစ်ပါ။ (NIOSH) အဆိုအရ ၁ နှစ် ၁ ခါ စစ်ပါ။ သက်သာစေနည်း ၁ဝ နည်းပြောပါမယ်။
၁။ အလုပ်နေရာမှာ အလင်းရောင် မှန်-ကောင်းပါစေ။ လင်းလွန်းတာလဲ မကောင်းပါ။ ရုံးတွေမှာ အများဆုံး ထွန်းထာတဲ့ အလင်းရောင်ထက် ထက်ဝက်သာ လိုတတ်ပါတယ်။ ပြူတင်းပေါက် လိုက်ကာတွေ ချထားပါ။ အလင်းရောင်လာရာက ကိုယ့် (မော်နီတာ) နောက်က-ရှေ့က မဖြစ်စေပါနဲ့။ Overhead fluorescent lights သုံးရင် အဆင်မပြေသူတွေ ရှိတယ်။ (မော်နီတာ) အလင်းက အခန်းထက် ပိုသင့်တယ်။ နောက်ကျောက နံရံမှာ ကပ်မနေသင့်ပါ။ ပိုအရေးကြီးတာက ကိုယ့်ရှေ့မှာ နံရံရှိနေတာ မကောင်းပါ။ ပရိုဂရမ်တခု Install လုပ်နေတုံး Screen ကို စိုက်ကြည့်မနေပါနဲ့။

၂။ ပြောင်ချောနေတဲ့၊ အလင်းပြန်နိုင်တဲ့ နံရံတွေက မကောင်းဘူး။ နံရံ ဆေးပြင်သုတ်ပါ။ Wall paper ကပ်ပါ။ လိုအပ်ရင် ကိုယ့်ကွန်ပြူတာမှာ Anti-glare screen တပ်ပါ။ မျက်မှန်တပ်ရသူဆိုရင် Anti-reflective (AR) coating ပါတာကို သုံးပါ။

၃။ Display အဆင့်မြှင့်ပေးပါ။ CRT screens တွေအစား Flat-panel liquid crystal display (LCD) သုံးပါ။ ပိုကြီးတာ ပိုကောင်းတယ်။ Desktop computer ဒေါင့်ဖြတ်မျဉ်း 19 inches ဖြစ်ပါစေ။

၎။ ကွန်ပြူတာ မျက်နှာပြင်ရဲ့ Brightness and contrast ကို Adjust လုပ်ပါ။ အလုပ်ခွင်နဲ့ တူနေတာ ကောင်းတယ်။ စမ်းသပ်နည်း တခုကတော့ Web page အဖြူခံကို ဖွင့်ထားတဲ့အခါ အလင်းရောင်က အဲဒီက လာနေတာဆိုရင် များတယ်။ Dull and gray ဖြစ်နေရင်လဲ နည်းတယ်။

၅။ Text size နဲ့ Color တွေလဲ ကိုယ်နဲ့ ကိုက်ပါစေ။ အကောင်းဆုံး Text size ဆိုတာ ကိုယ်စာဖတ်နေကြ စာလုံး အရွယ်ရဲ့ ၃ ဆ ရှိသင့်တယ်။ အဖြူခံပေါ်က အနက်စာလုံး ပိုကောင်းတယ်။

၆။ မကြာမကြာ မျက်တောင် ပိုခတ်ပေးပါ။ အခန်းမှာ လေကခြောက်သွေ့နေတာ မကောင်းပါ။ မိနစ် ၂ဝ တခါ ၁ဝ ကြိမ် မျက်တောင်ခတ်ပါ။

၇။ ချထားတဲ့ စာရွက်ကြည့်လိုက်၊ မောနီတာကြည့်လိုက် မကောင်းပါ။ Copy stand ကို Monitor မှာဆင်ပါ။ Desk lamp လိုရင် သုံးကြည့်ပါ။ စားပွဲ၊ ကုလားထိုင် အနိမ့်-အမြင့် အဆင်ပြေပါစေ။ Ergonomic furniture ကောင်းပါတယ်။ Computer screen က ကိုယ့်မျက်စိနဲ့ ၂ဝ-၂၄ လက္မ ကွာပါစေ။ Screen အလည်မှတ်ဟာ ကိုယ့်မျက်စိရဲ့ အောက် ၁ဝ-၁၅ ဒီဂရီ နိမ့်နေပါစေ။

၈။ Computer eyewear သုံးဘို့ စဉ်းစားပါ။ Computer glasses တွေဟာ Bifocals တို့ Progressive lenses မျက်မှန်တို့ သုံးရသူတွေအတွက်လဲ ကောင်းပါတယ်။

၉။ မျက်လုံးလေ့ကျင်ခန်း လုပ်ပါ။ မိနစ် ၂ဝ တခါ၊ ကွန်ပြူတာကနေ ပေ ၂ဝ အဝေးကို ၂ဝ စက္ကန့်ကြာ ကြည့်ပေးပါ။

၁ဝ။ မကြာမကြာ ကွန်ပြူတာအလုပ်ကနေ နားပေးပါ။

Computer Glasses ကွန်ပြူတာသုံးမျက်မှန်ဆိုတာဘာလဲ။
မျက်မှန်ဟာ ၂၈ လက္မ ဖိုးကပ်စ်လုပ်နိုင်ရင် ကွန်ပြူတာနဲ့ သုံးနိုင်ပါတယ်။ စပါယ်ရှယ်လုပ်ပေးထားတဲ့ မျက်မှန်ကိုမှ ကွန်ပြူတာသုံးမျက်မှန်ခေါ်ပါတယ်။ Optical quality ကောင်းဘို့တော့လိုတယ်။ Trifocals နဲ့ Weak Bifocals တွေလဲ သုံးလို့တော့ရတယ်။ မကောင်းလှပါ။ ဒီမျက်မှန်တွေရဲ့ ဆုံချက်က မှန်ရဲ့ အောက်ခြေမှာရှိပြီး၊ ကွန်ပြူတာမျက်နှာပြင်က မျက်စိနဲ့ တည့်တည့် ဖြစ်နေလို့ပါ။ ခေါင်းကို ပြင်နေရတာက လည်ပင်း ကြွက်သားတွေ နာစေတယ်။ ရိုးရိုး စာကြည့် မျက်မှန်တွေက ပိုတော့ ကောင်းတယ်။ ဒါပေမဲ့ ၁၄ လက္မ ဖိုးကပ်စ် ဖြစ်တာ များလို့ ခေါင်းကို ရှေ့ငုံ့ရတော့မယ်။ လည်ပင်း-ပခုံး နာစေမယ်။ မျက်စိစွေ ကြည့်နေရလိမ့်မယ်။ ခေါင်းကိုက်လာမယ်။ မျက်စိ နားထင်ဘေးမှာ အရစ်တွေထင်စေမယ်။

အဲလိုဖြစ်တာကို Crow Foot ငှက်ခြေပေါ့။ မျက်စိမှိတ်ရင် ဘေးအစွန်မှာ ငှက်ခြေလို အရစ်တွေထင်တာဟာ ကွန်ပြူတာနဲ့ အလုပ်လုပ်ရတာ ကြာလို့ဖြစ်တယ်။ ပြင်လို့ရတယ်။ Nicole Kidman မင်းသမီး နီကိုးလ် ကဒ်မင်းလဲ အဲလိုလုပ်ထားတာပါ။

- Dry eye syndrome မျက်ရည်ခြောက်နေခြင်း https://doctortintswe.blogspot.com/2014/12/dry-eye-syndrome.html
- Eye Drops မျက်စဉ်းအမျိုးမျိုး https://doctortintswe.blogspot.com/2017/06/eye-drops.html
- Computer Eye Strain ကွန်ပြူတာနဲ့ မျက်စိ http://doctortintswe.blogspot.com/2014/12/computer-eye-strain.html
- Vitamin A ဗီတာမင် (အေ) ဟာ မျက်စိဖြစ်တာအကုန် ပျောက်စေမှာမဟုတ်ပါ http://doctortintswe.blogspot.com/2015/04/vitamin.html
- Vitamin A ဗီတာမင် (အေ) http://doctortintswe.blogspot.com/2015/04/vitamin.html

Dr. တင့်ဆွေ
၂၆-၈-၂ဝ၁၆
၂၆-၈-၂ဝ၁၇
၁-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး