Yasmin တားဆေး

သမီးကပြည်ပရောက်နေပါတယ်။ အိမ်ထောင်ရှိပါတယ်။ ဆရာဝန်က ၂၁ လုံးဆေး ၂ ကဒ်ပေးပါတယ်ဆရာ။ ဘယ်လို သောက်ရမလဲဆိုတာကို ဆေးကောင်တာက သေချာမပြောပေးနိုင်ဘူး။ သူပြောသလောက်က ၂၁ ရက် ဆက်သောက်ပြီးရင် ၇ ရက်နားဆိုလားဘဲ။ ပြီးရင်ပြန်သောက်ပါ။ နောက်ထပ် ၂၁ လုံး ၁ ကဒ်ကိုတဲ့။ အိမ်ရောက်တော့မှ စဉ်းစားမိတာ ဒီကြားထဲသောက်နေရင်း ရာသီလာရင်ဘယ်လိုဆက်လုပ်ရမလဲဆရာ။ သမီး ၂၁ လုံးဆေးကို တခါမှ မသောက်ဖူးတော့ သောက်နေတုန်း ဘယ်အချိန်ရာသီလာတာလဲ၊ ရာသီလာနေတုန်း ဆက်သောက်သင့် မသောက်သင့်နဲ့ ရာသီလာပြီး ဘယ်နှစ်ရက်နားပြီးမှပြန်သောက်ရမှာလဲဆိုတာ၊ ဒါမှမဟုတ် နားဖို့လိုမလို ဘယ်လိုသောက်ရသလဲ၊ ဘယ်လိုနားပြီးမှ ပြန်သောက်သင့်သလဲ၊ ရာသီလာနေတုန်းနဲ့ လာပြီးတဲ့အချိန်မှာ ဘယ်လိုသောက်ရမလဲဆိုတာ လမ်းညွှန်ပေးပါဆရာ။ ကျေးဇူးတင်ပါတယ်။

Yasmin ကိုယ်ဝန်တားဆေးထဲမှာ Drospirenone နဲ့ Ethinyl estradiol ပါတယ်။ မျိုးဥမထွက်အောင်လုပ်ပေးတယ်။ သားအိမ်အတွင်းလွှာကိုလည်း ကိုယ်ဝန်မကပ်စေအောင်ပြင်ပေးတယ်။ ဝက်ခြံထွက်သူတွေကိုလည်း ပေးတယ်။

နေ့တိုင်းသောက်တာမှန်ရင် ၉၉% စိတ်ချရတယ်။ ရာသီသွေးဆင်းတာ မများဘူး။ ရက်မှန်တယ်။ ရာသီလာလို့ နာတာ သက်သာတယ်။ မလာခင်ဖြစ်ချင်တာတွေလဲ သက်သာတယ်။ မျိုးဥအိမ်-ကင်ဆာ၊ သားအိမ်-ကင်ဆာ အဖြစ်နည်းတယ်။ မျိုးဥအိမ်-အကျိတ် နဲ့ ရင်သား-အကျိတ်ဖြစ်တာ နည်းတယ်။ တင်ပါးဆုံတွင်းရောဂါ အဖြစ်နည်းတယ်။ ဝက်ခြံထွက်တာ သက်သာတယ်။ သားအိမ်ပြင်ပ-သန္ဓေတည်တာ နည်းတယ်။ Endometriosis ဖြစ်နေလို့ ခံစားရတာတွေလဲ နည်းစေတယ်။ အပျိုတွေကိုလဲ ရာသီမှန်အောင်ပေးတယ်။

ဘေးထွက်ဆိုးကျိုးတွေ
ဆေးစသောက်ဘူးသူတွေ တလ၊ နှစ်လမှာ ရာသီရက် မမှန်ဖြစ်နိုင်တယ်။ ပျို့-အန်၊ ခေါင်းကိုက်၊ ရင်သားတင်း-နာ၊ လိင်စိတ်နည်း၊ ခေါင်းမူး၊ ရုတ်ရက်ကိုယ်တခြမ်းထုံ၊ ရင်ပတ်နာ၊ ချောင်းဆိုး၊ ခြေထောက်ရောင်၊ ဗိုက်အောင့်၊ ဆီးဝါ၊ စိတ်ကျတာတွေလည်း တချို့မှာဖြစ်တယ်။ ရှားရှားပါးပါး ဖြစ်နိုင်တာတွေကတော့ သွေးဖိအားတက်၊ နှလုံးသွေးကြောပိတ်၊ အသဲကင်ဆာ၊ သည်းခြေအိတ်ကျောက်တွေ။ ဒီဆေးမျိုး မသုံးသင့်သူတွေကတော့ သွေးကြောပိတ်ရောဂါဖြစ်ဘူးသူတွေ၊ အသက်ကြီးသူတွေ၊ သွေးတိုးများသူတွေ၊ မိုင်ဂရင်းရောဂါရှိသူတွေ၊ အသည်းမကောင်းသူတွေနဲ့ မသင့်ဘူး။ ကိုယ်ဝန်ရှိနေရင်မသုံးပါနဲ့။ ကလေးကိုထိခိုက်နိုင်တယ်။ အသက် ၃၅ နှစ်ကျော်သူတွေမသင့်ပါ။

ဘယ်လိုသောက်မလည်း
ရာသီစဆင်းတဲ့နေ့မှာ ဆေးစသောက်ပါ။ တနေ့ ၁ လုံး၊ အချိန်မှန်သောက်ပါ။ ၂၈ လုံးက့ဆိုရင် ဆေးကပ်တခုကုန်တာနဲ့ နောက်ဆေးကပ်သစ်ဆက်သောက်ပါ။ ၂၁ လုံးပါဆိုရင် ဆေးမသောက်ပဲ ၇ ရက်နားပါ။ ရက်ကျော်သွားရင် စိတ်မချရပါ။
ဆေးကိုအခန်းတွင်းအပူချိန်မှာထားနိုင်တယ်။

ဆေးသောက်ဖို့ ၁ ရက်မေ့သွားရင် သိတာနဲ့ အဲဒီရက်အတွက်ပါ ၂ လုံးသောက်ပါ။ နောက်ရက်တွေ အချိန်တူသောက်ရင် ပိုကောင်းမယ်။ ကျန်ရက်တွေ တနေ့ ၁ လုံးသာဆက်သောက်ပါ။

၂ ရက်မေ့သွားရင် ဆေးပထမနဲ့ ဒုတိယပါတ်မှာဖြစ်ရင် တရက် ၂ လုံးနဲ့ ၂ ရက်ဆက်သောက်ပါ။ ဒိနောက် တရာက် ၁ လုံးသာဆေးကပ်ကုန်တဲ့အထိသောက်ပါ။ ၂ ရက်မေ့တာရဲ့နောက် ၇ ရက်အတွက် အတူနေမယ်ဆိုရင် ကွန်ဒွမ် (သို့)  အရေးပေါ်တားဆေးသုံးပါ။ ၂ ရက်မေ့တာက ဆေးတတိယပါတ်မှာဖြစ်ရင် ဆေးကပ်ဟောင်းကိုဆက်မသောက်ပါနဲ့တော့။ ဆေးကပ်သစ်စပါ။

၃ ရက်မေ့ရင်လည်း ဆေးကပ်သစ်သောက်ပါ။ အရေးပေါ်တားဆေးပါသောက်ပါ။ ရာသီမလာရင် ကိုယ်ဝန်အတွက် ဆီးစစ်ပါ။

Dr. တင့်ဆွေ

Comments

Post a Comment

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး